February 26, 2015

Gmail ၀န်ဆောင်မှု မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်

အမေရိကန်အခြေစိုက်နည်းပညာကုမ္ပဏီ ဂူးဂဲလ်သည် ၎င်းတို့၏ ထုတ်ကုန်တစ်ခုဖြစ်သည့် Gmail ကို မြန်မာစာဖြင့် တရားဝင်အသုံးပြုနိုင်ရန် မိတ်ဆက်လိုက်ကြောင်း အတည်ပြု ကြေညာသည်။
ဖေဖော်ဝါရီ ၂၅ ရက်မှစတင်ကာ ပြည်တွင်းရှိ Gmail အသုံးပြုသူများအား မြန်မာဘာသာစကားဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ် ကြောင်း ဂူးဂဲလ်၏ ထုတ်ကုန်ဆိုင်ရာ မန်နေဂျာ Mr. Divon Lan က ပြောသည်။
မြန်မာဘာသာစကားသို့ ပြောင်းလဲအသုံးပြုချင်သူများအ နေဖြင့် Language Drop Down Menu မှ Setting သို့ဝင်၍ Myan-mar Language ကို ရွေးချယ်ကာ အသုံးပြုနိုင်သည်။ သို့ရာတွင် Gmail တွင် အသုံးပြုထားသော မြန်မာစာမှာ Unicode ဖောင့်အမျိုးအစားဖြစ်သည်။ ထို့အတွက် ဂူးဂဲလ်သည် မိုဘိုင်းဖုန်း နှင့် သုံးစွဲသူများအား လွယ်ကူစွာရွေးချယ်အသုံးပြုနိုင်ရန်အခမဲ့ Virtual Keyboard နှစ်ခု ထည့်သွင်းပေးထားကြောင်း သိရသည်။
‘‘မြန်မာစကားပြောဆိုသူများ ၀က်ဘ်ဆိုက်မှာ ရင်ဆိုင်နေရတဲ့ ဘာသာစကားအခက်အခဲကိုလျော့နည်းစေဖို့ ဖြစ်ပါတယ်’’ဟု Mr. Divon Lan က ဆိုသည်။

ဂူးဂဲလ်သည် မြန်မာနိုင်ငံ၌ ၂၀၁၃ က အင်တာနက်ပေါ်တွင်  မြန်မာဘာသာဖြင့် အကြောင်းအရာများရှာဖွေနိုင်ရန် google.com.mm အမည်ရှိ Search Engine ကို စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံအတွက် Google Map နှင့် Google Android အက်ပလီကေးရှင်းများ ထုတ်လုပ်ထားသည်။
Gmail တွင် မြန်မာစာဖြင့် အသုံးပြုနိုင်ရန် စီစဉ်လုပ်ဆောင် ခဲ့မှုနှင့် ပတ်သက်၍ ဘလော့ဂ်ဂါကိုနေဘုန်းလတ်က‘‘အင်္ဂလိပ်စာမကျွမ်းကျင်တဲ့သူတွေအတွက် ပိုအဆင်ပြေလာမယ့်နည်းလမ်းတစ်ခုဖြစ်မှာပါ။ နယ်တွေမှာ ပိုအကျိုးရှိမှာပေါ့။  ဒါပေမဲ့ မြန်မာနိုင်ငံမှာက ဇော်ဂျီဖောင့်ကို ပိုအသုံးများတယ်။  ဂူးဂဲလ်အနေနဲ့ ဇော်ဂျီသုံးစွဲသူတွေကို အဆင်ပြေအောင်လုပ်ပေးမှ ပိုပြီးတွင်ကျယ်လိမ့်မယ်’’ဟု သုံးသပ်သည်။
http://7daydaily.com/story/32555#.VO6JPI4YuM8

No comments:

Post a Comment