လက်ပံတန်းမြို့နှင့် ရန်ကုန်မြို့ များတွင် ကျောင်းသား များကို အကြမ်းဖက် ဖြိုခွင်းမှု ဖြစ်စဉ်များကြောင့် အမျိုးသား လွှတ်တော်တွင် ပြုလုပ်သည့် အမျိုးသား ပညာရေး ဥပဒေ ကြားနာပွဲ၌ ကျောင်းသား ခေါင်းဆောင်များမှ ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ် ငြိမ်သက်စွာ ဆုတောင်းခဲ့ ကြကြောင်း ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။ ဒီနေ့ မတ်လ (၁၆) ရက်နေ့ဟာ တံတားနီ အရေးအခင်း ဖြစ်ပွားတဲ့ နေ့လည်း ဖြစ်တယ်။ ကျောင်းသားတွေ အားလုံးက အကြမ်းဖက်မှုတွေ မလိုလား ပေမယ့်လည်း (၈၈) ကာလ ကနေ ယနေ့ အချိန်အထိ ကျောင်းသား တွေကို အကြမ်းဖက် ဖြိုခွင်းမှု တွေက ရှိနေဆဲ ပါပဲ။ ဒါကြောင့် အနက်ရောင် လက်ပတ်တွေကို ကိုယ်စီ ၀တ်ဆင်ပြီး ကြားနာပွဲကို တက်ရောက် လာခြင်း ဖြစ်ပါ တယ် ဟု ၎င်းက ဆက်ပြောသည်။
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် သပိတ်မှောက် ကျောင်းသား များကို အကြောင်းပြု၍ ဖြစ်ပေါ် လာခြင်း ဖြစ်သောကြောင့် ကျောင်းသား ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုများက အဓိက အရေးကြီးကြောင်း အမျိုးသား ပညာရေး ဥပဒေ ကြားနာပွဲ၌ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။
ပညာရေး ဥပဒေ ပြင်ဆင်ဖို့ကို အဖွဲ့အစည်း အားလုံးရဲ့ လိုလားချက် တွေကို သိချင်လို့ ကြားနာပွဲ လုပ်ခဲ့တာ။ ဒါပေမဲ့ ဒီဥပဒေ အပေါ် အပင်ပန်း အဆင်းရဲခံပြီး ဆန္ဒပြတာက ကျောင်းသားတွေ ဖြစ်လို့ ကျောင်းသားတွေ ပူးပေါင်း ပါဝင်ဖို့ အရေးကြီး ပါတယ် ဟု ၎င်းက ဆက်ပြောသည်။ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် NNER အဖွဲ့တို့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ သဘော တူညီချက်မှ ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ကျောင်းသား၊ NNER အဖွဲ့၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် ကျောင်းသားသပိတ် ထောက်ခံ အားပေးသည့် ပြည်သူများ နှင့်လည်း အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီက အပြန်အလှန် ကြားနာမှု များ ပြုလုပ်ခဲ့သည်။
ပထမအကြိမ် ကျောင်းသားများနှင့် ဥပဒေကြမ်း ကော်မတီ ကြားနာပွဲတွင် ကျောင်းသား များမှ တက်ရောက်ခဲ့ သော်လည်း လက်ပံတန်း သပိတ်စခန်းများ ပိတ်ဆို့ခံရမှု ဖြစ်စဉ်ကြောင့် အစည်းအဝေး ခန်းမမှ ပြန်လည် ထွက်ခွာသွား ခဲ့ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၏ သဘော တူညီချက် ဖြင့် ဒုတိယ အကြိမ်မြောက် ကျောင်းသား များနှင့် ပညာရေး ဥပဒေ ကြားနာပွဲကို အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီက ထပ်မံ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=33733
No comments:
Post a Comment