March 10, 2015

ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွင်းမှုကြောင့် လူထုအုံကြွမှု ဖြစ်ပါက ဦးသိန်းစိန် အစိုးရ၏ တာဝန်ဖြစ်

ကျောင်းသားသပိတ်အား အကြမ်းဖက် ဖြိုခွင်းပါက ဖြစ်ပေါ် လာမည့် လူထုအုံကြွမှု အပါအ၀င် အကျိုးဆက် အားလုံးသည် ဦးသိန်းစိန် အစိုးရ၏ တာဝန် ဖြစ်ကြောင်း အဖွဲ့ စည်း (၆၀)ကျော်က ယမန်နေ့က မြန်မာနိုင်ငံ ဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သတိပေး ထုတ်ပြန် လိုက်သည်။
                ကျောင်းသားသပိတ် ပင်မစစ်ကြောင်းနှင့် တကွ အမြို့မြို့ အနယ်နယ်ရှိ ကျောင်းသားများ၏ သပိတ်စစ်ကြောင်း လှုပ်ရှားမှု များကို ထောက်ခံ အားပေးသော ရဟန်းရှင်လူ မိဘ ပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့ များကို အကြမ်းဖက် တိုက်ခိုက် ဖြိုခွဲခြင်းများ လုံးဝ မလုပ်ရန် အကြမ်းဖက်တိုက်ခိုက် ဖြိုခွဲမှုအား အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ကြောင်း ၎င်းအဖွဲ့စည်းများက ထုတ်ပြန် ထားသည်။
                 အခု ဖြစ်ပျက်နေတဲ့ ပြဿနာအားလုံးကို ဖန်တီးသူက နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နဲ့ ပြည်ထောင်စု အစိုးရ ဖြစ်တယ် ဆိုတာ စွပ်စွဲတာ မဟုတ်ဘူး။ အတိအကျ ပြောတာပါ။ ကျောင်းသားတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကျူးလွန်တာ မဟုတ်သလို အချုပ်အခြာ အာဏာနဲ့ မဏ္ဍိုင်ကြီး သုံးခုကို လည်း မထိခိုက်ပါဘူး။ အခု အစိုးရ ကိုလည်း အာဏာဖြုတ်ချရေး လုပ်နေကြတာ မဟုတ်ဘူး။ အနာဂတ် ပညာရေး အတွက် တောင်းဆိုနေကြ တာပါ။  တစ်ခုခု ဖြစ်လာရင် သူတို့မှာပဲ တာဝန်ရှိတယ် ဟု ၂၀၀၇ ရွှေဝါရောင် သံဃာတော်များ ကွန်ရက်မှ ဆရာတော် ဦးပဏ္ဍ၀ံသ (ဦးပြည်ကျော်)က မိန့်ကြား သည်။ လေးပွင့်ဆိုင် ဆွေးနွေးမှု ရလဒ်များအား အထူးသဖြင့် တာဝန်ရှိသူများက အမြန်ဆုံး တာဝန်ယူ ဖော်ဆောင်ပေး သင့်ကြောင်း၊ ထပ်မံ၍ အကြမ်းဖက် ရိုက်နှက်ခြင်းများအား သည်းခံမည် မဟုတ်ကြောင်း အဆိုပါ အဖွဲ့ အစည်း များက ပြောသည်။
                 ကျွန်တော်တို့အနေနဲ့ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တွေ အပေါ်မှာ တိတိကျကျ မှတ်တမ်းတင် သွားမယ်။ အရင်လို လူမသိ သူမသိ လုပ်လို့ မရဘူး။ ဒီကိစ်္စတွေကို လုပ်ခဲ့တဲ့ သူတွေက တာဝန်ယူရပါ လိမ့်မယ်။ ဒီကိစ္စကို တာဝန်မယူ တဲ့အပြင် ဆက်ပြီးတော့ ဆောင်ရွက်နေမယ် ဆိုရင်တော့ ကျူးလွန်ခဲ့တဲ့ သူတွေဟာ ပြည်သူလူထုရဲ့ ဒဏ်ခတ်တာကို ခံရမယ် ဆိုတာကို ကျွန်တော်တို့အနေနဲ့ ဒါကို ရဲရဲဝံ့ဝံ့ ပြော ချင်တယ် ဟု လူ့အခွင့်ရေး ချိုးဖောက်ခံရမှုများ စုံစမ်း ဖော်ထုတ်ရေး ကော်မတီမှ အတွင်းရေးမှူး  ဦးဒေးဗစ်လှမြင့်က ပြောသည်။
                ထို့အပြင် အမျိုးသား ဒီမိုကရေစီ ပညာရေးစနစ်အား လိုလားသော ရဟန်းရှင်လူ၊ တိုင်းရင်းသား ပြည်သူ၊ ကျောင်းသား အပေါင်း၊ နိုင်ငံရေး အင်အားစုများ၊ လူမှုရေးအဖွဲ့စည်း များ၊ တပ်မတော်ထဲမှ ဒီမိုကရေစီ ပညာရေးကို လိုလားသော အရာရှိများ၊ အကြပ်တပ်သား မိသားစုများ အပါအ၀င် အားလုံးက ကျောင်းသားများ၏ ပညာရေး သပိတ် တိုက်ပွဲကို ၀ိုင်းဝန်း စောင့်ရှောက် ကာကွယ် ပူးပေါင်း ပါဝင် ကူညီပေးကြရန် အဆိုပါ အဖွဲ့စည်းများ က တိုက်တွန်း ထားသည်။
                အဆိုပါ အဖွဲ့စည်းများတွင် ၂၀၀၇ ရွှေဝါရောင် သံဃာတော်များ ကွန်ရက်၊ စည်းလုံး ညီညွှတ်သော တိုင်းရင်းသား မဟာမိတ်များ အဖွဲ့၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ကရင်နီပြည်ရှိ လူမျိုး ပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး၊ ရှမ်းပြည် နယ်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့၊ ကရင် အမျိုးသမီး အစည်းအရုံး၊ မြန်မာနိုင်ငံ ရှေနေများ ကွန်ရက်၊ ABSDF ရဲဘော်ဟောင်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များ စသည့် အဖွဲ့စည်းများ အပါအ၀င် အဖွဲ့ စည်း (၆၁) ဖွဲ့မှ ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

No comments:

Post a Comment