March 12, 2015

မိကျောင်းကန် သပိတ်စခန်းမှ ဖမ်းဆီးခံ ၁၄ ဦးကို ပထမဆုံးအကြိမ် ရုံးထုတ်

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက်မှ သိမ်းဆည်းမြေများ ပြန်ရရေးအတွက် ၁၁ လကြာ သပိတ်စခန်းဖွင့် ဆန္ဒဖော် ထုတ်ခဲ့ပြီး တရားစွဲဆိုခံထားရသည့် မိကျောင်းကန်ဒေသခံ ၁၄ ဦးကို မတ်လ ၁၁ရက်က တရားရုံးနှစ်ခုမှ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်ဟု ၎င်းတို့၏ အကျိုးတော်ဆောင် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။
Meechaungkan
မိကျောင်းကန် ပြည်သူများအား ဇန်နဝါရီလ ၆ ရက် နေ့က ကျောက်တံတား တရားရုံးရှေ့တွင် ဒုတိယအကြိမ်မြောက်ရုံးချိန်း အပြီးတွေ့ရစဉ်။ ( ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
အဆိုပါ မိကျောင်းကန် သပိတ်စခန်းမှ ၁၄ ဦးကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၃ နာရီဝန်းကျင်က ဖမ်းဆီးခဲ့ပြီး သပိတ်စခန်းကို လည်း စည်ပင်ရဲတပ်ဖွဲ့က ဖျက်သိမ်းခဲ့သည်။ ယင်းနောက် အဆိုပါ ၁၄ဦးကို ကျောက်တံတားမြိုနယ် တရားရုံးမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၈ ဖြင့်လည်းကောင်း၊ လသာမြို့နယ် စည်ပင်သာယာ တရားရုံးမှ စည်ပင် သာယာအက်ဥပဒေ တားမြစ်ချက်ကို မလိုက်နာခြင်းကြောင့် စည်ပင်ဥပဒေ ပုဒ်မ-၆၈တို့ဖြင့်လည်းကောင်း အမှုဖွင့် ဖမ်းဆီးခဲ့ပြီး ထိုနေ့ ည ၅ နာရီခွဲတွင် အဆိုပါ ဖမ်းဆီးထားသူများအား ကိုယ်တိုင်ခံဝန်အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ပြီး မတ် ၁၁ ရက်တွင် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။
ဦးရောဘတ်စန်းအောင်က '' ကျောက်တံတား တရားရုံးကို တရားလိုဘက်က ထွက်ဆိုမယ့်သူ မလာလို့ ရုံးပြန်ချိန်းလိုက်တယ်'' ဟု ပြောသည်။
မတ်လ ၁၁ ရက်တွင် အဆိုပါ ၁၄ ဦးကို  ကျောက်တံတားမြို့နယ် တရားရုံးနှင့် လသာမြို့နယ် စည်ပင်သာယာ တရားရုံးတို့တွင် ရုံးထုတ်ခဲ့ပြီး မေလ ၂၅ ရက်တွင် ထပ်မံ ရုံးချိန်းလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ၁၄ ဦးတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် ကိုမင်းကိုကိုက "မိကျောင်းကန် ဖမ်းလိုက်တဲ့ ၁၄ ဦးထဲမှာ ပစ္စည်းရော ပိုက်ဆံပါ စုစုပေါင်း ၁၀ သိန်းဖိုးလောက်ရှိတယ်။ ပစ္စည်းကောင်းတာတွေ ပြန်မရဘူး၊ ပျောက်သွားတဲ့ ပစ္စည်းတွေကို စည်ပင်လူကြီးက ဖြေရှင်းပေးမယ်လို့ လသာ စည်ပင်တရားရုံးမှာ ပြောပါတယ်" ဟု ပြောသည်။
ထို့အပြင် မိကျောင်းကန် သပိတ်စခန်းမှ ဆန္ဒဖော်ထုတ်သူများကို အားပေးအားမြောက် ပြုလုပ်သည်ဟုဆိုကာ ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားရင်ဆိုင်နေရသည့် ကိုဝေဠုကို ကျောက်တံတားမြို့နယ် တရားရုံးက မတ်လ ၁၁ ရက်တွင် နဝမအကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး မတ်လ ၂၅ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်ဟုလည်း ရှေ့နေ ဦရောဘတ်စန်းအောင်က ပြောသည်။
သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန်ရပ်ကွက် အပိုင်း (၁)၊ (၂)၊ (၃) မှ ဒေသခံများက မဟာဗန္ဓုလပန်းခြံဘေးတွင် ၁၁ လကြာ သပိတ်စခန်းဖွင့်၍   မိမိတို့သိမ်းဆည်းခံရသည့် မြေကိုလည်းကောင်း၊ အလားတူ ကာလတန်ဖိုးရှိသည့် နစ်နာကြေးကိုလည်းကောင်း၊ အစားထိုးမြေကိုလည်းကောင်း ပြန်လည်ရရှိရေးအတွက် တောင်းဆိုကြခြင်း ဖြစ်သည်။
ယင်းအပြင် ရန်ကုန်မြို့တော်ခန်းမ ၀င်/ထွက်ပေါက်ကို တားသပိတ် လုပ်ဆောင်ခဲ့သည့်အတွက်လည်း ၁၄ ဦးကို တရားစွဲဆိုခဲ့ပြီး ကျောက်တံတားမြို့နယ် တရားရုံးက တစ်ဦးလျှင် ထောင်ဒဏ် ခြောက်လစီ ဖေဖော်ဝါရီလ ၁၈ ရက်က အမိန့်ချခဲ့ပြီး ယင်းမိကျောင်းကန် သပိတ်စခန်းတွင်  သပိတ်ခေါင်းဆောင် ဦးစိန်းသန်း အပါအဝင် ၁၅ ဦး ထောင်ဒဏ် ကျခံရပြီး ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40838-2015-03-12-04-05-03

No comments:

Post a Comment