March 24, 2015

ဖမ်းဆီးခံ ကျောင်းသားများ အတွက် ရှေ့နေ ကိုယ်စားလှယ် လွှဲစာ ရရှိရေး စောင့်ကြည့်နေ

ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရမှု ဖြစ်စဉ်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံ ရသည့် ကျောင်းသားများနှင့် အရပ်သားများ အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေ ကိုယ်စားလှယ် လွှဲစာ ရရှိရေးကို စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။ ဖမ်းဆီး ထိန်းသိမ်းခံထား ရသည့် ကျောင်းသားနှင့် အရပ်သား (၁၀) ဦးအတွက် အမှုလိုက်ပါ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံရှေ့ နေများ ကွန်ရက်က ကြိုးစားလျက် ရှိသည်။
                ဦးခင်ညွန့်တို့ မိုးကောင်းစဉ် ကာလတုန်း က အင်းစိန်ထောင် အတွင်းမှာ စစ်တဲ့ အထူး တရားရုံး မှာဆို ရှေ့နေ တွေကို ၀င်ခွင့်မပေးဘူး။ သက်သေတွေ တရားရုံးရှေ့ကို လာလို့ မရဘူး။ အဲဒီလိုတွေ လုပ်ခဲ့တယ်။ သမ္မတကြီး ဦးသိန်းစိန် ကတော့ လုပ်မယ် မထင်ဘူး။ စောင့်ကြည့် ရမယ့် အနေအထား ဖြစ်နေတယ် ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။ မတ်လ (၂၅) ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခံ ကျောင်းသား များနှင့် ပြည်သူ အချို့ကို လက်ပံတန်းမြို့နယ် တရားရုံးတွင် ပထမဆုံး အကြိမ် ရုံးထုတ်မည် ဖြစ်သည်။ ရုံးထုတ်စဉ် အတွင်း ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
                ပြီးခဲ့သည့် မတ်လ (၁၃) ရက်နေ့တွင် လက်ပံတန်း အကျဉ်းထောင် အတွင်း ကျောင်းသားများ အတွက် ရှေ့နေ ကိုယ်စားလှယ် လွှဲစာ သွားရောက်ယူခဲ့ သော်လည်း မရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ၁၈၉၄ ခုနှစ် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ (၄၀) အရ ထောင်တွင် ရှေ့နေ ကိုယ်စားလှယ် လွှဲစာယူ၍ ရသည်ဟု ပြဋ္ဌာန်း ထားသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34194

No comments:

Post a Comment