March 12, 2015

ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်း စေချင်

လက်ပံတန်းမြို့တွင် မတ်လ ၁ဝ ရက်နေ့က ဆန္ဒပြမှု အား ရှင်းလင်း ထိန်းသိမ်းမှုနှင့် ပတ်သက်၍ စကိုင်းနက် (Up to Date) ရုပ်သံလိုင်းမှ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်အား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့မှုကို ပြန်လည် တင်ပြလိုက်ပါသည်။
မေး။  ။ ဝန်ကြီးခင်ဗျ။ ဒီမနက် လက်ပံတန်းမှာ ဖြစ်ပွား ခဲ့တဲ့ ကျောင်းသားများနဲ့  ရဲတပ်ဖွဲ့ဝင် တချို့ ပဋိပက္ခ အဆုံးသတ်ဖို့ နှိမ်နင်းမှု အပေါ်မှာ  ပြောဆို ဝေဖန်နေကြတာတွေ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာ ဝန်ကြီး အနေနဲ့ ဘယ်လိုများ သဘောထား ပေးချင်ပါသလဲခင်ဗျ။
ဖြေ။ ။ပထမဆုံး ကျွန်တော် အလေးအနက်ထားပြီး ပြောချင်တာကတော့ ကျွန်တော်တို့ နိုင်ငံတော် အစိုးရ အနေနဲ့ ကျောင်းသားတွေ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ချင်တယ်လို့ ဆန္ဒဖော်ထုတ်ကတည်းက ဒီလိုအဖြစ်မျိုး ကို ရှောင်လွှဲနိုင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။နောက်ဆုံး ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ အေးအေး ချမ်းချမ်း ဆွေးနွေးစေဖို့  ပြောကြားတဲ့ကြားထဲကနေ ရန်ကုန်အထိ ချီတက်ဖို့အတွက် ရဲတပ်ဖွဲ့တွေကို အတင်းဝင်ရောက် တိုက်ခိုက် ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အတွက်ကြောင့် နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ဥပဒေနဲ့ အညီ ကိုင်တွယ်ဖြေ ရှင်းပြီးလူစုခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ တကယ်တော့ မလုပ်ချင်ဆုံး အလုပ်ကို လုပ်ခဲ့ရတာပါ။ ဒီအခြေအနေရောက်အောင် တွန်းပို့ခဲ့လို့ပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
မေး။  ။ အဲဒီတော့ မလုပ်ချင်ဆုံး အလုပ်ကို ဝန်ကြီးတို့ လုပ်ခဲ့ရတယ်ဆိုတော့ ဒီကြားထဲမှာ ကျွန်တော်တို့က အခြေအနေ အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားအောင် အစိုးရဘက်က ဆောင်ရွက်ခဲ့မှုတွေဟာ တကယ်ကို ကျေကျေနပ် နပ် ဖြစ်အောင် ဆောင်ရွက်တယ်လို့ ဝန်ကြီးက ဆိုလိုချင်တာလား ခင်ဗျာ။
ဖြေ။  ။မှန်ပါတယ် ကျွန်တော်တို့က ဒီမိုကရေစီ နိုင်ငံဖြစ်နေပြီ ဆိုတော့ ဥပဒေအသစ်တစ်ခုကို ပြင်ချင်ရင် လွှတ်တော်မှာပဲ တင်ရမယ်လေ။ အဲဒီတော့ လွှတ်တော်မှာ ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့က ဥပဒေကြမ်းကို တင်ပေးလိုက်တယ် သူတို့ရေးတဲ့ ဥပဒေကြမ်းပါပဲ။ လွှတ်တော်ကလည်း သူတို့ကို လာပြီးတော့ ဆွေးနွေးဖို့ ဖိတ်ခေါ်နေပါတယ်။
ဒီမိုကရေစီ နည်းအရ လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ အယူအဆကို လွှတ်တော် ကိုယ်စားလှယ်များ လက်ခံလာအောင် သွားရောက် စည်းရုံး၊ ဆွဲဆောင်၊ သိမ်းသွင်းပြောကြားဖို့ပဲရှိ ပါတယ်။ ဒီလမ်းကြောင်းကို မရွေးဘဲနဲ့ တမင်သက်သက် ရန်ကုန်မြို့ကို မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ လမ်းကြောင်းဟာ ဒီလိုပဋိပက္ခတွေကို ဖြစ်အောင် သူတို့ရဲ့ ဆောင်ရွက်ချက်ပဲ ဖြစ် ပါတယ်။
မေး။  ။ဝန်ကြီး ခုနက ပြောဆိုသွားတဲ့ အထဲမှာ  တရားဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့ရတယ်လို့ သုံးနှုန်းသွားပါတယ်။ ကျွန်တော့်အနေနဲ့ တရားဥပဒေနဲ့ အညီဆောင်ရွက်ခဲ့တယ် ဆိုတဲ့အပေါ်မှာ  အသေးစိတ်လေး ရှင်းပြစေချင်ပါတယ် ခင်ဗျ။ ဒီလိုမျိုးဆောင်ရွက်မှုဟာ တရားဥပဒေနဲ့ ဘယ်လိုမျိုး ညီညီညွတ်ညွတ် ဆောင်ရွက်တယ်ဆိုတဲ့ အပိုင်းပါလဲ ခင်ဗျ။
ဖြေ။  ။ပထမ တစ်ခုကတော့ နိုင်ငံတကာမှာလိုပဲ Police Line လို့ခေါ်တဲ့  ရဲတပ်ဖွဲ့ရဲ့  အတားအဆီးကို ချထားတယ်။ အဲဒါကို မကျော်ဖို့အတွက် သတိပေးတယ်။ ကျော်လာတဲ့အခါမှာ  ဒိုင်းတွေ မသုံးဘဲနဲ့ လက်ချင်းချိတ်ပြီးတော့ လူထုကို တားဆီးဖို့ ကြိုးစားတယ်။ ကြိုးစားတဲ့ အချိန်မှာ ကျွန်တော်တို့ အသံချဲ့စက်နဲ့  လူစုခွဲဖို့လည်း ပြောတယ်။ တုတ်တွေနဲ့ ထိုးတာ၊ နောက် တစ်ခါ သံဆူး ကြိုးတွေဖယ်ရှားတာ၊ တဲတွေကို ဖြိုဖျက်တာမျိုးတွေ လုပ်တဲ့အခါမှာတော့ ကျွန်တော်တို့ နောက်ဆုံးအဆင့် အနေနဲ့ အင်အားသုံးပြီး လူစုခွဲဖို့ ကြိုးစားတယ်။ ဒါကြောင့် ကျွန်တော်တို့သည် ဆန္ဒပြမှုကို စတင်ကတည်းက ပဋိပက္ခမျိုးတွေ ကို  ရှောင်နိုင်ဖို့အတွက်  အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးပြီး ဆောင်ရွက်ခဲ့တယ်။ ဒီကနေ့မှာတော့ သူတို့ကို ရန်ကုန်အထိ သွားခွင့်ပြုလိုက်မယ် ဆိုရင် ၁ဝ တန်း စာမေးပွဲဖြေမယ့် ကျောင်းသူ၊ ကျောင်းသားတွေ တက္ကသိုလ် စာမေးပွဲဖြေမယ့် သူတွေနဲ့ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုကိုပါ ထိခိုက်စေတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဥပဒေနဲ့အညီ လူစုခွဲလိုက်ခြင်းဖြစ်တယ်လို့ ကျွန်တော်ပြောတာ ဖြစ်ပါတယ်။
မေး။  ။ နောက်တစ်ချက်ကတော့ တချို့တွေ သုံးသပ် ပြောဆိုနေတာလည်း ရှိပါတယ်။ အခုလို ဆောင်ရွက်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ကိစ္စတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိသွားမယ်လို့ ဝေဖန် သုံးသပ်မှုများ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာ ဝန်ကြီး အနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲခင်ဗျ။
ဖြေ။  ။ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး၊ ကြည့်လိုက်မယ်ဆိုရင် မကြာခင်ကပဲ အမေရိကန်နိုင်ငံက နယူးယောက်မြို့မှာ ဝေါလ်လမ်းမကြီးကို ပိတ်ဆို့တဲ့ လူတွေကို ရဲတွေက အင်အားသုံးပြီး ဖယ်ရှားခဲ့ရတာရှိတယ်။ဖာဂူဆန်မြို့မှာ အကြမ်းဖက်လာတဲ့ လူတွေကို ရိုးရိုး အင်အားသုံးရုံတင်မကဘဲ သံချပ်ကာကားတွေပါ အသုံးပြုပြီးတော့  ဖြေရှင်း ခဲ့ရတာရှိတယ်။  ဘယ်သူကမှ  ဒီလို ဖြစ်စဉ်မျိုးဖြစ်တာကို အမေရိကန် နိုင်ငံရဲ့ ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်သွားပြီလို့ မပြောပါဘူး။ ကျွန်တော်တို့ဆီမှာလည်း  ဥပဒေ ထိန်းသိမ်းတဲ့ အဖွဲ့တွေနဲ့  မလွှဲ မရှောင်သာလို့  ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်။  ဘာပဲ ပြောပြော ဒီလိုဆောင်ရွက်ခဲ့တဲ့ အတွက် ၁ဝ တန်းစာမေးပွဲတွေ အေးချမ်းစွာ ဖြေဆိုနိုင်တယ် ရွေးကောက်ပွဲ မတိုင်ခင် ကြားကာလ နိုင်ငံရေး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ် ဆိုရင် ကျွန်တော်တို့ အသွင်ကူးပြောင်းရေးဟာ မထိခိုက်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။
မေး။   ။ဝန်ကြီးခင်ဗျာ ထပ်သိချင်တာကတော့ မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲမှာရော အခုဆောင်ရွက်မှုက အကျိုးသက်ရောက်မှု ရှိသွားနိုင်ပါသလား ခင်ဗျ။
ဖြေ။  ။အရေးကြီးဆုံးက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ဖို့ အဲဒီလို ကျင်းပ နိုင်ဖို့ ဆိုရင် နိုင်ငံရေးအားဖြင့် တည်ငြိမ်မှုရှိရမယ်။ တရား ဥပဒေ စိုးမိုးမှု ရှိရမယ်။  လူတိုင်းလူတိုင်းဟာ  မိမိတို့ရဲ့ သဘောထား ကွဲလွဲမှုတွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီဖြေရှင်းရမယ်။ ဒါမျိုးကို လုပ်နိုင်ဖို့အတွက် အခုလို တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေရခြင်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆက်လုပ်သွားမယ် ဆိုရင်တော့ ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ ယုံကြည်တယ်။
မေး။  ။အခုလို ဆောင်ရွက်လိုက်တဲ့ အတွက်ကြောင့် ကျောင်းသားတွေရဲ့ ဥပဒေအပေါ်မှာ၊ ဥပဒေကြမ်းပေါ်မှာ ဆန္ဒပြမှု အနေအထားဟာ တည်ငြိမ်အေးချမ်း သွားမယ်လို့ ဝန်ကြီးအနေနဲ့ ထင်မြင်ယူဆပါသလားခင်ဗျာ။
ဖြေ။ ။နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ လွှတ်တော်မှာ ရောက်နေတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင် တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေ အတိုင်း ဆက်လက် ဆွေးနွေးသွားမယ်။ လွှတ်တော်က ဖိတ်ကြားထားသလိုပဲ ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အကြံဉာဏ်တွေ ပေးပို့နိုင်ခွင့်ရှိတယ်။ ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေ  ကျောင်းသားတွေ အပါအဝင် လာရောက်ပြီးတော့မှ သူတို့အမြင်တွေကို ဆွေးနွေးနိုင်ခွင့်ရှိတယ်။ အဓိက ကတော့ တစ်ဖက်က အဲဒီလို လုပ်နေတဲ့အချိန်မှာ တည်ငြိမ် အေးချမ်းမှုနဲ့ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်စေမယ့် ဆောင်ရွက်ချက်တွေ ရှိလာရင် ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ကြိုးစားမယ်၊ မရလို့ရှိရင် ဥပဒေက ပေးအပ်ထားတဲ့ နည်းလမ်းအားလုံးကို သုံးပြီးတော့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။ကျွန်တော် နောက်ထပ် သိချင်တာလေး တစ်ခုရှိပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ လိုတယ်လို့ ဝန်ကြီးက ပြောနေတာရှိပါတယ်။ တည်ငြိမ်အေးချမ်းအောင် အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ် ရှိပါသလဲခင်ဗျာ။
ဖြေ။  ။တည်ငြိမ် အေးချမ်းဖို့ဆိုတာက အစိုးရတစ်ခုထဲ ဆောင်ရွက်လို့မရဘူး ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးက ပူးပေါင်း ဆောင်ရွက်မှ ရမယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာ အခုအချိန်မှာ ကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်အရ သဘောထား ကွဲပြားမှုတွေရှိရင် အဲဒီသဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတွေ အများကြီးရှိတယ်။ လွှတ်တော်လမ်းကြောင်း၊ နောက်တရားရုံး က ပြောလို့ရတယ်။ မီဒီယာက တစ်ဆင့်ပြောလို့ရတယ်။ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးလို့ ရတယ်။ ဒီလိုလမ်းကြောင်းတွေကို မရွေးဘဲနဲ့ ဆန္ဒပြတာ တစ်ခုထဲနဲ့ပဲ အရာရာကို ဖြေရှင်းလို့ ရမယ်ဆိုတဲ့စိတ် ရှိမယ်ဆိုရင်တော့ လုပ်ရကိုင်ရတာ အခက်အခဲဖြစ်တာပေါ့။ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတာပေါ့။ သို့သော် ဘာပဲဖြစ်ဖြစ် နိုင်ငံတော် အစိုးရအနေနဲ့ကတော့ ဒါကို ထိန်းသိမ်းနိုင်ဖို့အတွက် တည်ဆဲဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့် အားလုံး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့်အားလုံးကို သုံးပြီးတော့  ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံး ကတော့ ဥပဒေဘောင်ထဲကနေ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပြီးတော့ ပကတိ အခြေအနေနဲ့ အညီ ဆောင်ရွက်တာ ပိုပြီးတော့ အကောင်းဆုံးလို့ ထင်ပါတယ်။
မေး။   ။အဲဒီမှာ အခြေအနေကရော တည်ငြိမ်အေးချမ်း သွားပြီလားခင်ဗျာ။
ဖြေ။  ။လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်က ရတဲ့သတင်းကတော့ အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိတယ်။ လူစုခွဲတဲ့ အချိန်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူတချို့ကိုတော့ စိစစ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မေး။  ။သတင်းမီဒီယာသမားတွေ အပေါ်မှာလည်း တချို့က ဝေဖန်မှုတွေ ရှိနေပါတယ်။ သတင်းသွားယူတဲ့ သတင်း မီဒီယာတွေကိုလည်း ရဲတပ်ဖွဲ့ တချို့က ရိုက်နှက်တယ် ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာ ဝန်ကြီးအနေနဲ့ ဘယ်လိုသဘောထား ပေးချင်ပါသလဲ ခင်ဗျ။
ဖြေ။  ။နိုင်ငံတကာမှာလည်း  ဒီလိုမျိုး လူစုလူဝေးနဲ့ ဖြစ်တဲ့အခါမှာ၊ သတင်းယူတဲ့အခါမှာ သတင်းထောက်တွေ အနေနဲ့က လိုက်နာရမယ့် အခြေခံအချက်တွေရှိပါတယ်။(၁) သတင်းထောက်မှန်း သိသာနိုင်တဲ့ ထင်ရှားတဲ့ အမှတ်အသားတွေ ချိတ်ဆွဲထားရမယ်။ (၂) လုံခြုံရေးယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာဆောင်ရွက်ရမယ်။ ဥပမာဆိုပါတော့ ဖယ်ပေးပါ ဆိုတဲ့ အချိန်မှာ ဖယ်ရမှာပေါ့။ ဒီအုပ်စု နှစ်စုကြားထဲမှာ ဝင်လာတာမျိုး မလုပ်ရဘူးပေါ့။ ဒီလိုဟာမျိုးတွေ လုပ်မယ်ဆိုရင်တော့ ကျွန်တော်ထင်တယ် ဘာမှပြဿနာမရှိပါဘူး။ အခုဟာက သတင်းထောက်မှန်း ထင်ရှားတဲ့ အမှတ်အသားမရှိဘဲ ကင်မရာ ကိုင်ထားတဲ့ လူတွေအားလုံးက သတင်းထောက်လို့ ပြောနေတဲ့ အခါမျိုးမှာတော့ ရဲတပ်ဖွဲ့တွေ အနေနဲ့ ခေါ်ယူထိန်းသိမ်း ရတာမျိုးတွေ ရှိနိုင်ပါတယ်။ သို့သော် ဘာပဲပြောပြော သတင်းထောက် ဖြစ်ကြောင်း အထောက်အထား ပြန်ပြနိုင်မယ် ဆိုရင်တော့ အဲဒီလူတွေ အားလုံးကို ပြန်လွှတ်ပေးမှာပါ။
မေး။  ။ဝန်ကြီးအနေနဲ့ အခု ဆောင်ရွက်ခဲ့မှုတွေ အပေါ်မှာ ဘယ်လို သဘောထား မှတ်ချက်များ ပေးလိုပါသလဲခင်ဗျ။ ဘာများ ပြောကြားစရာများ ရှိပါသေးသလဲ ခင်ဗျာ။
ဖြေ။  ။ကျွန်တော်တို့    ပြည်ထောင်စု အစိုးရရဲ့  မူကတော့ တတ်နိုင်သမျှ ပဋိပက္ခတွေ မဖြစ်ဘဲနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းစေချင်ပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါမှာ ဥပဒေအရ ကိုင်တွယ် ဆောင်ရွက်ရတယ် ဆိုပေမယ့် ဒါဟာ စိတ်မချမ်းသာစရာ ကောင်းတဲ့ကိစ္စပဲ သို့သော် တစ်ဖက်ကလည်း မိမိတို့လိုချင်တဲ့ ဟာတွေ အားလုံးကို ဥပဒေ လမ်းကြောင်းနဲ့ လွှတ်တော် လမ်းကြောင်းတွေမှာ   အခွင့်အရေးတွေ ရှိရဲ့သားနဲ့ လမ်းပေါ်ထွက်ပြီးတော့ တိုက်ပွဲဝင်မယ် ဆိုတဲ့ စိတ်ဓာတ် အယူအဆမျိုးကိုလည်း   စွန့်လွှတ်သင့်ပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါကိုပဲ ကျွန်တော်ထပ်ပြီးတော့ ပြောချင် ပါတယ်။   ။
http://myawady.net.mm/allnews/headline/item/62028-2015-03-12-09-47-01

No comments:

Post a Comment