မျိုးမင်းပိုင်
ပုသိမ် ၊ မတ် ၆
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေသိုးကြိုးဝိုင်းအတွင်း ဖမ်းဆီးရမိသည့် ကိုးစီးမြောက် ဆင်ဖြူတော် တစ်စီးအား သမ္မတ ညွှန်ကြားချက် အတိုင်းသာ ထားရှိမည် ဖြစ်ကြောင်း မြန်မာ့ သစ်လုပ်ငန်းမှ ဧရာဝတီတိုင်း ဒေသကြီး မန်နေဂျာ ဦးထွန်းထွန်းဦးက ပြောသည်။
““ဘယ်မှာထားမယ်လို့ လျာထားချက် မရှိသေးဘူး။ လောလောဆယ် ကတော့ ဆင်ဖြူတော်လေးကို ယဉ်ပါးလာအောင် လေ့ကျင့် ပေးနေတယ်။ ပထမ တစ်စီးကတော့ နေပြည်တော်ကို ပို့ထားတော့ နေပြည်တော် ပို့မယ်ဆို ဘယ်လို ပို့မလဲ ကြိုတင် ပြင်ဆင်ထားတယ်။ လတ်တလော မှာတော့ သမ္မတဆီလည်း တင်ပြထားတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက် အတိုင်း ဆောင်ရွက်ရမှာပေါ့”” ဟု ၄င်းကဆိုသည်။
အသက် ခုနစ်နှစ်ခန့်၊ အရပ် ခြောက်ပေ ရှစ်လက်မရှိ ကိုးစီးမြောက် ဆင်ဖြူတော်ကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နံနက် (၁၁) နာရီ (၁၅) မိနစ် အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု တိုင်းဒေသကြီး မြန်မာ့ သစ်လုပ်ငန်းမှ သတင်း ထုတ်ပြန်ခဲ့သည်။
““ဒီဆင်ဟာ ဆင်ဖြူတော်တွေရဲ့ ကြန်အင်လက္ခဏာ ဖြစ်တဲ့ နားက ကြေးစည်ပုံ ပေါက်တယ်။ မျက်လုံးက ပုလဲရောင် ဖြစ်တယ်။ အာခေါင်နဲ့ လျှာတွေက ပန်းနုရောင် သမ်းတယ်။ ကျောကုန်းက ငှက်ပျောကိုင်း ပုံစံ ဖြစ်သလို အသားရောင် ကလည်း ပန်းရောင် ဖြစ်တယ်။ အမွေးကလည်း ဖြူတယ်။ ဒီအချက်တွေကြောင့် ဆင်ဖြူတော် အဖြစ် သတ်မှတ်ပါတယ်”” ဟု ဆင်ဖြူ ဖမ်းဆီးရေး အဖွဲ့ ဦးဆောင်သူ တစ်ဦးဖြစ်သည့် မြန်မာ့သစ် လုပ်ငန်းမှ အကြံပေး ပညာရှင် ဒေါက်တာဝင်းထွန်းက ပြောသည်။
ဆင်ဖြူအား လိမ္မာယဉ်ကျေးစေရန်နှင့် လူသားတို့ဖြင့် ယဉ်ပါးစေရန် အတွက် ရေသိုးကြီး ဆင်စခန်း၌ တစ်လခန့် လေ့ကျင့် သင်ကြားကာ ထိန်းသိမ်း ထားမည် ဖြစ်ကြောင်းလည်း မြန်မာ့သစ် လုပ်ငန်းထံမှ သိရသည်။
အဆိုပါ အသက် ခုနစ်နှစ်ခန့်ရှိ ဆင်ဖြူတော်သည် အရပ်ခြောက်ပေ ရှစ်လက်မရှိပြီး ပန်းနုရောင် ဖြစ်သည်ဟု တိုင်းဒေသကြီး မြန်မာ့ သစ်လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂၀၁၁ ခုနှစ် ကလည်း ယခု ဆင်ဖြူတော် ဖမ်းမိသည့် ရေသိုးကြိုးဝိုင်း အနီးတွင် ဆင်ဖြူတော် တစ်စီး ဖမ်းဆီးရ မိခဲ့ဘူးသည်။
မြန်မာနိုင်ငံတွင် ဆင်ဖြူတော် ရှစ်စီး ပိုင်ဆိုင်ထားပြီး ရန်ကုန်မြို့၊ မင်းဓမ္မဆင်ဖြူတော်ဝင်းတွင် အထီး တစ်စီး အမ နှစ်စီးနှင့် နေပြည်တော် ဥပ္ပသန်္တိတ စေတီတော် ဆင်ဖြူတော်ဝင်းတွင် အထီး တစ်စီး အမလေးစီး ထားရှိသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=33438

No comments:
Post a Comment