November 12, 2014

လိုင်စင် နည်းဥပဒေတွင် အော်ပရေတာများ ဆက်လက် မလုပ်ကိုင်လိုပါက ဆောင်ရွက်ရမည့် အချက်များ အတိအကျ ဖော်ပြထားခြင်း မရှိ

လိုင်စင်နည်းဥပဒေတွင် အော်ပရေတာများ ဆက်လက် မလုပ်ကိုင်လျှင် ဆောင်ရွက်ရမည့် အချက်များ အတိအကျ ဖော်ပြမထားခြင်းကြောင့် အဆိုပါ ကိစ္စမျိုး ဖြစ်ပေါ်လာလျှင် သုံးစွဲသူများအတွက် နစ်နာမှုများ ရှိလာနိုင်ကြောင်း MIDO ၏ ပရိုဂရမ် မန်နေဂျာ မထိုက်ထိုက်အောင်မှ ပြောသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ လိုင်စင်နည်းဥပဒေကို မကြာသေးမီက ထုတ်ပြန်ခဲ့ပြီး လိုင်စင် ပြန်လည် အပ်နှံခြင်းဆိုသည့် အခန်းတွင် "ကွန်ရက် အထောက်အကူပြု ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် အထူး- Individual ရရှိထားသူ အနေဖြင့် ဦးစီးဌာနထံ လိုင်စင် အပ်နှံလိုကြောင်း ရက်ပေါင်း ၁၈၀ ကြိုတင် အကြောင်းကြားရမည် ဖြစ်ကြောင်း၊ ဦးစီးဌာန အနေဖြင့် လိုင်စင် ပြန်လည် အပ်နှံခြင်းကို ခွင့်ပြုလျှင် လိုင်စင် ရရှိသူမှ မိမိ၏ သုံးစွဲသူများအား ဦးစီးဌာနမှ သတ်မှတ်ပေးသော လိုင်စင် ရရှိသူများထံ လွှဲပြောင်းပေးရမည်" ဟုသာ ပါဝင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အရန် ဆက်သွယ်ရေး အော်ပရေတာ အဖြစ် ရွေးချယ်ခံထားရသည့် အော်ပရေတာ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက "လိုင်စင် နည်းဥပဒေမှာ လက်ရှိ အော်ပရေတာက ဆက်မလုပ်တော့ရင် နောက်အော်ပရေတာကို ဘယ်လိုပုံစံ လွှဲပေးမယ်ဆိုတာ သေချာ မပြောထားဘူး။ ဒါမျိုး တကယ်ဖြစ်လာရင် ရှေ့အော်ပရေတာရဲ့ သုံးစွဲသူနဲ့ အခြေခံ အဆောက်အအုံတွေကို ဘယ်လိုပုံစံ ဘယ်အချိုးအစားနဲ့ လက်ခံရမလဲဆိုတာ နည်းဥပဒေမှာ သေချာပါမှ နောက်ယူတဲ့ အော်ပရေတာရော သုံးစွဲသူရော မနစ်နာမှာပါ" ဟု ပြောသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် လိုင်စင်သက်တမ်း အနည်းဆုံး ငါးနှစ်မှ အများဆုံး အနှစ်နှစ်ဆယ်အထိ လုပ်ပိုင်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

မထိုက်ထိုက်အောင်မှ "နိုင်ငံတကာရဲ့ လိုင်စင် နည်းဥပဒေတွေမှာ အော်ပရေတာတွေအတွက် Exit Plan ကို သေချာ ထည့်သွင်းလေ့ ရှိတယ်။ ဒါမှလည်း သုံးစွဲသူရော နောက်လက်ခံမယ့် အော်ပရေတာရော မနစ်နာမှာပါ။ ပြီးတော့ ဆက်မလုပ်မယ့် အော်ပရေတာရဲ့ ဝန်ထမ်းတွေ အတွက်လည်း မနစ်နာအောင် ထည့်ထားသင့်တယ်။ ဒါတွေက ဘယ်တော့မှ ပါလာမလဲ မသိဘူး။ အော်ပရေတာနဲ့ ဦးစီးဌာနရဲ့ commitment တွေမှာ ရှိနေရုံနဲ့ မလုံလောက်ဘူး နည်းဥပဒေမှာကို ပါသင့်တာ" ဟု ပြောကြားခဲ့သည်။ ယခု ထုတ်ပြန်လိုက်သည့် လိုင်စင် နည်းဥပဒေအရ တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်း၊ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်း၊ တယ်လီဖုန်း လမ်းညွှန် အစရှိသော လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များလည်း ရရှိနိုင်မည် ဖြစ်ပြီး လိုင်စင် လျှောက်ထားလိုသူများ အနေဖြင့် mcit.gov.mm တွင် အသေးစိတ် အချက်အလက်များ လေ့လာ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

http://www.yatanarpon.com.mm/news/news-92644

No comments:

Post a Comment