February 5, 2015

စက်မှုဇုန်များရှိ လုပ်ငန်း ဆောင်ရွက်မှု မရှိသော မြေကွက်များကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံနိုင်ရေး မြေပြင် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ

ပြည်သူ့လွှတ်တော် အစည်းအဝေး
နေပြည်တော်  ဖေဖော်ဝါရီ  ၎
ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၁၂)ရက်မြောက် နေ့ကို ယနေ့ နံနက် ၁ဝ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးတင်မောင်ဦး၏ ''စက်မှုဇုန်များ နိုင်ငံတကာ အဆင့်မီ စီစဉ် ဆောင်ရွက်ရန်နှင့် စက်မှုဇုန် မြေယာ အငြင်းပွားမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ယူ ဖြေရှင်း ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးအောင်က နိုင်ငံတော် အစိုးရအနေဖြင့် ပေါကြွယ်ဝသည့် သယံဇာတများနှင့် လူ့စွမ်းအား အရင်း အမြစ်များကို အသုံးချ၍ စက်မှု နိုင်ငံတော် အဖြစ် ထူထောင်ရန် ရည်မှန်းထားပြီး ဖြစ်သဖြင့် စက်မှုဇုန် များတွင် စက်ရုံများ တည်ထောင်၍ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းများ ဖွင့်ပေးခြင်း၊ မက်လုံးများ ပေး၍ ဆွဲဆောင်ခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းများဖြင့် စနစ်တကျ ပံ့ပိုး ကူညီပေးခြင်း၊ အကာအကွယ် ပေးခြင်းများကို ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်ပေးလျက် ရှိပြီး နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များ ဖြစ်ပေါ်လာအောင် ရည်မှန်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြေပိုင်ဆိုင် လုပ်ပိုင်ခွင့်များအား ဥပဒေနှင့် အညီ အာမခံ ပေးနိုင်ရေး၊ မြေယာ ကျူးကျော်သူများအား တည်ဆဲ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိသကဲ့သို့ နစ်နာမှုများကိုလည်း ကောင်းမွန်စွာ စိစစ်ဖြေရှင်း ပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီနှင့် စက်မှုဇုန် အသီးသီးမှ စီမံခန့်ခွဲရေး ကော်မတီတို့ ပူးပေါင်း၍ စက်မှုဇုန်များရှိ လုပ်ငန်း ဆောင်ရွက်မှု မရှိသော မြေကွက်များအား နိုင်ငံတော်သို့ ပြန်လည် အပ်နှံနိုင်ရေး အတွက် မြေပြင် ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ရှင်းလင်း ဖြေကြားသည်။
တမူး မဲဆန္ဒနယ်မှ ဦးခင်မောင်ရွှေ၏ ''သောက်သုံးရေ ရရှိရေးဖြစ်သော ရေစုကန် တူးဖော်ခြင်းနှင့် တမူးမြို့ ရေပေးဝေရေး လုပ်ငန်းများ၊ မြို့တွင်းလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက တမူးမြို့တွင်း လမ်းများ ကတ္တရာခင်းခြင်း လုပ်ငန်း (၄/ဝ) မိုင်အား ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် နယ်စပ် ဒေသ ဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၃၁၆ ဒသမ ၂ဝ သန်းဖြင့် ဆောင်ရွက်ရန် လျာထားပြီး ဖြစ်ပါကြောင်း၊ တမူးမြို့ သောက်သုံးရေ ရရှိရေး အတွက် မြို့မ သာသနာ့ရိပ်သာ အနီး ရေကန် တူးဖော်ခြင်းနှင့် စပ်လျဉ်း၍ စစ်ကိုင်း တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် မြို့မ သာသနာ့ရိပ်သာ အနီး အများသုံးရေကန် ပြုပြင်ခြင်း (၁ဝx၁၁x၇) ပေအား ကျပ်သိန်း ၂ဝ ဖြင့် ဆောင်ရွက်ရန် လျာထားပြီးဖြစ် ပါကြောင်းဖြင့် ပြန်လည် ဖြေကြားသည်။
ထို့နောက် ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်းက ''တည်ဆဲ နိုင်ငံရေး ပင်စင် ဥပဒေနှင့် အညီ နိုင်ငံရေး ပင်စင် ခံစားခွင့် ရရှိရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော် အစိုးရသို့ တိုက်တွန်းကြောင်း ''အဆိုကို တင်သွင်းသည်။
အဆိုနှင့် စပ်လျဉ်း၍ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက နိုင်ငံရေးပင်စင် ခံစားခွင့်နှင့် စပ်လျဉ်း၍ ၁၉၈ဝ ပြည့်နှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၄ ဖြင့် ရေးဆွဲ ပြဋ္ဌာန်းထားသော နိုင်ငံရေး ပင်စင်ဥပဒေမှာ ယခုခေတ် အခြေအနေတွင် ကိုက်ညီခြင်း မရှိကြောင်း တွေ့ရှိရပါသဖြင့် အသစ် ပြင်ဆင်ရေး ဆွဲသင့်ပါကြောင်းဖြင့် ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ အဆို အတည်ဖြစ်ကြောင်း ဆုံးဖြတ် ခဲ့သည်။
http://myawady.net.mm/allnews/localnews/item/59913-2015-02-05-12-58-01

No comments:

Post a Comment