အမျိုးသား ပညာရေး ဥပဒေကြောင့် ကျောင်းသားအပါအဝင် လေးပွင့်ဆိုင် အစည်းအဝေးသို့ ပညာရေး
ပြုပြင်ပြောင်းလဲမှု
နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) အဖွဲ့ဝင် အဖြစ် တက်ရောက်ခဲ့သည့်
ဒေါက်တာ သိန်းလွင်သည် NNER အဖွဲ့တွင် ဆက်လက်ပါဝင်ပါက အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ်မှ
နုတ်ထွက်ရမည်ဟု
ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“အရင်ထဲကလည်း ဒေါက်တာသိန်းလွင်ကို ပြောထားတယ်။ NNER အမှုဆောင်တစ်ယောက်
အနေပဲ ဖြစ်ဖြစ် NNER အတွက် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုတစ်ယောက်အနေနဲ့
ရပ်တည်မယ်ဆိုရင် NLD မှာ သာမာန်အဖွဲ့ဝင် အနေနဲ့တော့ နေနိုင်တယ်။ ဒါပေမယ့်
ဒီ CC (ဗဟိုအလုပ်အမှုဆောင်)တို့ ဘာတို့ထဲမှာ မပါနိုင်ဘူးပေါ့၊ အဲ့ဒီတော့
နှစ်ခုထဲက တစ်ခုရွေးရမယ်လို့ အစထဲက ပြောထားပြီးသားပါ၊ ဆရာ့အနေနဲ့ NNER
ဘက်ရပ်တည်ဖို့ စိတ်အားထက်သန်တယ် ဆိုလို့ရှိရင် သူ့မှာ လွတ်လွတ်လပ်လပ်
ရပ်တည်ပိုင်ခွင့်ရှိပါတယ်၊ ဒါပေမယ့် NLD ရဲ့စည်းမျဉ်းစည်းကမ်းအရ
NLDထဲမှာတော့ ဆက်ပြီးတော့ ရာထူး တာဝန်ထမ်းလို့မဖြစ်ဘူး”ဟု ဖေဖော်ဝါရီ ၃ရက်
ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမစမီ မီဒီယာများကို ပြောကြားခဲ့သည်။
NLD ၏ ဖေဖော်ဝါရီ ၂ ရက် ထုတ်ပြန်ကြေညာချက်တွင် ဒေါက်တာသိန်းလွင်သည် NLD
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း၊ လေးပွင့်ဆိုင်
အစည်းအဝေးသို့ NNER ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ခြင်းမှာ NLD ကို
ကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်ကြောင်း၊ NLD အဖွဲ့ဝင်များအနေဖြင့်
အခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ရာတွင်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အပ်နှင်းသည့် တာဝန်အရသာ
ဆောင်ရွက်ခွင့်ရှိကြောင်းနှင့် NLD က စည်းမျဉ်းစည်းကမ်းများနှင့်အညီ
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေအရ ဆိုလို့ရှိရင် အဖွဲ့မှာ တာဝန်
ရာထူးနေရာပေါ့နော် တာဝန်တစ်ခု ထမ်းဆောင်နေတဲ့သူဟာ တစ်ခြား
အဖွဲ့အစည်းတွေအတွက် တာဝန်ထမ်းဆောင်ပိုင်ခွင့် မရှိဘူး၊ ဘာလို့လဲဆိုတော့
ဒါမျိုးဆိုတာဟာ အကျိုးစီးပွား ပဋိပက္ခ ဖြစ်နိုင်တယ်၊ အဲဒါဟာ အဖွဲ့ချုပ်ရဲ့
စည်းမျဉ်းစည်းကမ်းပဲ” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြည့်စွက်ပြောခဲ့သည်။
“ဒီလိုတွေ့ ဆုံဆွေးနွေးပွဲမှာ ပါဝင်တဲ့အတွက် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်က ပါတီစည်းကမ်းချက်နဲ့ မကိုက်ညီဘူးဆိုရင် ပါတီဝင်တစ်ယောက်အနေနဲ့ 
ပါတီရဲ့ ဆုံးဖြတ်ချက်ကို ခံယူမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ သိန်းလွင်က
ဖေဖော်ဝါရီ ၃ ရက် အမျိုးသား ပညာရေး ဥပဒေ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ
ပျက်ပြားအပြီး ပညာရေးဝန်ကြီးရုံး ဂိတ်အဝ၌ သတင်းစာရှင်းလင်းပွဲတွင်
ထည့်သွင်းပြောကြားခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/38315-nld
No comments:
Post a Comment