March 24, 2015

သင်္ကြန် လုံခြုံရေး အတွက် မြို့နယ် အလိုက် အထူးစီမံချက်ဖြင့် ကြပ်မတ်မည်

ယခုနှစ် သင်္ကြန်တွင် ရန်ကုန်၌ လုံခြုံရေးကို ခရိုင်နှင့်မြို့နယ်အလိုက် အထူး စီမံချက်ဖြင့် ကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှ သိရသည်။
                 အခု လောလောဆယ် သင်္ကြန် လုံခြုံရေးစီမံချက်က ဆွဲနေတုန်း။ ခရိုင်အလိုက်၊ မြို့နယ် အလိုက် စီမံချက်တွေ ခွဲလုပ်မှာ။ သက်ဆိုင်ရာ မဏ္ဍပ်တွေမှာ ရဲတပ်ရင်းတွေနဲ့ တွဲလုပ်ရမယ်။ အထူး စီမံချက်ပေါ့ ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူ ဒုရဲမှူး ပြည့်စုံက The Messenger Media  သို့ ပြောသည်။
             ယခုနှစ်တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ခရိုင်အုပ်ချုပ်ရေးမှူးများကို အရက်ရောင်းချသော ဆိုင်များအား လိုင်စင်ချပေးမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ အရက်သေစာ သောက်စားမူးယစ် ရမ်းကားမှုများ၊ ခိုက်ရန် ဖြစ်ပွားမှုများကို ကြိုတင် ကာကွယ်နိုင်မည့် နည်းစနစ် များကို စီမံချက် ချမှတ်ရာတွင် ခရိုင်အလိုက် ရဲမှူးများ၊ ရဲတပ် ရင်းအရာရှိကြီးများနှင့် ဆွေးနွေးနေကြောင်း ရဲမှူးပြည့်စုံက ဆိုသည်။ ရန်ကုန်မြို့တွင် သင်္ကြန်တွင်း၌ ကားတိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ သရုပ်ပျက် ၀တ်ဆင်မှုများကို နှစ်စဉ် ကြုံတွေ့နေရ သဖြင့် ထိန်းချုပ်နေ ရကြောင်း ရဲတပ်ဖွဲ့ ဝင် များက ဆိုသည်။ ယမန်နှစ် သင်္ကြန်ကာလ အတွင်းကမူ အထူး စီမံချက် ရေးဆွဲခြင်း မပြုခဲ့ဘဲ လုံခြုံရေး ကိုသာ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
                 စီမံချက် ဖိုင်နယ် အဆင့် မရောက်သေးဘူး။ အင်အားတော့ တိုးမြှင့်ချ ထားမယ်။ လောလောဆယ် အစီအမံတွေ လုပ်နေတယ်။ သရုပ်ပျက် ၀တ်စား ဆင်ယင်မှုတွေ ကိုလည်း စစ်ဆေးရမယ် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲ့တပ်ဖွဲ့ မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က The Messenger Media  သို့ ပြောသည်။ သင်္ကြန် လုံခြုံရေး လုပ်ဆောင်ရာတွင် ရဲတပ်ဖွဲ့ အပြင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ စည်ပင်သာယာရေး၊ ကျန်းမာရေး အဖွဲ့ များနှင့် ပါ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး သင်္ကြန် မဏ္ဍပ်များရှိ အလုံပိတ် အခန်းများကိုပါ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဒုရဲမှူးကြီး ၀င်းကြည်က ဆိုသည်။
                ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ် (၁၀၀)ခန့် တင်ပြထားသော်လည်း (၇၀)ကျော်သာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေး အစီအစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မတ်လ (၂၅)ရက်နေ့ နောက်ဆုံး ထား၍ တင်ပြပေး ရမည် ဖြစ်ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34156

No comments:

Post a Comment