March 3, 2015

လူထု၏ စိုးရိမ်သောက များကို ကျောင်းသား ခေါင်းဆောင်များ အနေဖြင့် ထည့်တွက်ရန် ဦးဝီရသူ တိုက်တွန်း

မန္တလေး
မြတ်မင်း
             ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း များနှင့် အစိုးရတို့ ထိပ်တိုက် တွေ့ဆုံမှုများ မဖြစ်ပွားစေရန် ကျောင်းသား ခေါင်းဆောင်များ အနေဖြင့် ချင့်ချင့်ချိန်ချိန် လုပ်သင့်ကြောင်း ဆရာတော် ဦးဝီရသူ အပါအ၀င် မန္တလေးမြို့ရှိ ဆရာတော် အချို့က တိုက်တွန်း မိန့်ကြား လိုက်သည်။ ပြည်သူလူထု တစ်ရပ်လုံးက ဒါကြီးကို အကြောင်းပြုပြီး အရင်လို ပုံစံမျိုး ပြန်ရောက်သွား မှာကို မလိုလားဘူး။ ရင်တထိတ်ထိတ်နဲ့ ကျောင်းသား သပိတ်ကို အားပေးနေ ရတယ်။ သံဃာထု၊ လူထုရဲ့ စိုးရိမ်သောက အများကြီး ရှိတယ်။ ဒီစိုးရိမ် သောကကို ကျောင်းသား ခေါင်းဆောင် တွေက ထည့်တွက် သင့်တယ်ဟု မစိုးရိမ် တိုက်သစ် ဓမ္မသဟာယကျောင်းမှ နာယက ဆရာတော် ဦးဝီရသူက မိန့်သည်။ လွှတ်တော် အတွင်း အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ မူကြမ်းကို ဖေဖော်ဝါရီလ (၁၆) ရက်နေ့က တင်သွင်းခဲ့ပြီး၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ အထိ ပြင်ဆင်သည့် ဥပဒေကို ပြဋ္ဌာန်း မပေးပါက ရန်ကုန်သို့ ဆက်လက် ချီတက်မည် ဖြစ်ကြောင်း ပင်မသပိတ် စစ်ကြောင်းက ထုတ်ပြန် ထားသည်။
           ယင်းကဲ့သို့ ကျောင်းသား များမှ ဆက်လက် ချီတက်ပါက ရန်ကုန်သို့ သပိတ်စစ်ကြောင်းများ မ၀င်ရောက်ရန် နည်းမျိုးစုံဖြင့် တားဆီး သွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက ပြောဆို ထားသည်။ တစ်ဖက်နဲ့ တစ်ဖက် မယုံကြဘူး။ တကယ်တမ်း နာခြင်းနာ ကျောင်းသားပဲ နာမှာပေါ့။ ကျောင်းသားက ဒါကိုလုပ်သင့် မလုပ်သင့် စဉ်းစား ပြီးတော့ ချင့်ချိန် လုပ်သင့်တယ်။ ထိပ်တိုက် တွေ့ရင် ပြဿနာတွေ တက်မယ်။ တွေ့ဆုံခဲ့ကြ ပြီးပြီ။ ကတိပြုခဲ့ကြ ပြီးပြီ။ ရက်ကိုတော့ နည်းနည်းစောင့်စေချင် တာပါ။ စိတ်အေး လက်အေးနဲ့ အင်အားဖြည့်ရင်းနဲ့ စောင့်စေ ချင်တယ်။ မစောင့်ဘဲ လုပ်ရင် တွေ့ဆုံ ဆွေးနွေးခဲ့တာ တွေက အလကား ဖြစ်ကုန် မှာပေါ့။ မစောင့်ဘဲ လုပ်ရင် အားနည်းတဲ့သူပဲ နာမယ်။ ပြီးခဲ့တဲ့ လမ်းစဉ်တွေကို ကြည့်ရင် သိနိုင်ပါတယ် ဟု ရွှေငါးကျောင်းတိုက်မှ ဂဠုန်နီ ဆရာတော် ဦးကာဝီရက မိန့်သည်။ လက်ရှိတွင် ရန်ကုန်သို့ ချီတက် လာနေ သော စစ်ကြောင်း များသည် လက်ပံတန်း မြို့နယ်၊ အောင်မြေဗိမာန် ကျောင်းတိုက်တွင် ခေတ္တရပ်နား နေရာမှ မတ်လ (၁) ရက်နေ့တွင် ဆက်လက် ထွက်ခွာမည်ဟု ထုတ်ပြန်ထားခဲ့ သော်လည်း အကြောင်းကြောင်းကြောင့် မထွက်ခွာနိုင်ခဲ့ပေ။
http://www.messengernewsjournal.com/News/Local/detail.php?id=32874

No comments:

Post a Comment