March 3, 2015

၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီဝင် မဟုတ်သော ကိုယ်စားလှယ်များကို NLD မှ ရွေးချယ်မည်

၂၀၁၅ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဝင် မဟုတ်သော ကိုယ်စားလှယ် များကို NLD ပါတီမှ ရွေးချယ် သွားမည် ဖြစ်ကြောင်း ယင်းပါတီမှ သိရသည်။                ကျွန်တော်တို့ ပြည်သူတွေ ကြားထဲမှာ လေးစား ထိုက်သော အဲဒီပုဂ်္ဂိုလ်တွေက NLD နဲ့ နီးစပ်တယ် ဆိုရင် ကျွန်တော်တို့ ထည့်သွင်း စဉ်းစားဖို့ လမ်းဖွင့်ပေး ထားတယ်။ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တွေက ထည့်သွင်း တင်ပြနိုင်တဲ့ အခွင့်အရေးတွေ ပေးထားတယ် ဟု NLD ပါတီ၏ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက The Messenger Media သို့ ပြောသည်။
                ပါတီဝင် မဟုတ်သော ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သည့် မူဝါဒသည် ယခင် ကတည်းက ရှိပြီး၊ ယခုအခါတွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံး သွားမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ပြည်သူ အားလုံးမှ ညီညီညာညာဖြင့် တိုင်းပြည် အပြောင်းအလဲကို ၀ိုင်းဝန်း ကြိုးစားကြစေ လိုကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။
                NLD ပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရန် အမတ်လောင်းများ စုစည်းနေသည် ဟူသော သတင်းများ ထွက်ပေါ် နေသည်။ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဗဟို ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ကို ဖေဖော်ဝါရီလ (၉) ရက်နေ့က ဖွဲ့စည်းခဲ့ကာ ယခုအခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင်လည်း ခရိုင်၊ မြို့နယ် အလိုက် အောင်နိုင်ရေး အဖွဲ့များ ဖွဲ့စည်းလျက် ရှိသည်။
                ကိုယ်စားလှယ်လောင်း ရွေးတဲ့အခါ ပါတီဝင် မဟုတ်တဲ့ ပုဂ်္ဂိုလ်တွေ ပါဝင်နိုင်ဖို့ စီစဉ် ထားတယ်။ လူထု မျက်နှာပဲ ကြည့်မှာပါ။ ပါတီ အခြေပြု ဖွဲ့တာ မဟုတ်ဘူး။ ပြည်သူ အခြေပြု ဖွဲ့မှာ။ အဓိက ပြည်သူပဲ ဟု NLD ဗဟိုသုတေသန လမ်းညွှန် အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း က The Messenger Media သို့ ပြောသည်။ NLD ပါတီသည် ဗဟို အောင်နိုင်ရေး အတွက် လုပ်ဆောင်ရာတွင် တစ်နိုင်ငံလုံး၌ နိုင်ခြေရှိသော်လည်း ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် ရှုပ်ထွေး သောကြောင့် အောင်နိုင်ရေး ဗျူဟာအသစ်များ အသုံးပြု သွားမည် ဖြစ်ကြောင်းလည်း ဦးမျိုးရန်နောင်သိမ်း က ဆိုသည်။
                NLD ပါတီကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလတွင် စတင် ဖွဲ့စည်း တည်ထောင်ခဲ့ကာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်ပေါင်း (၄၉၂) နေရာတွင် (၃၉၂) နေရာ အနိုင်ရခဲ့သည်။ ထို့နောက် စစ်အစိုးရမှ အာဏာသိမ်းခဲ့ပြီး၊ NLD ပါတီ ရုံးခန်းများ ကိုလည်း ချိတ်ပိတ် ခဲ့သည်။ ထို့နောက် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံဟု ဆိုကာ ရွေးကောက်ပွဲအား ၀င်ရောက် ယှဉ်ပြိုင်ခြင်း မပြုခဲ့ပေ။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ၊ လစ်လပ် မဲဆန္ဒနယ် (၄၅) နေရာ အနက် (၄၄) နေရာဝင် ရောက်ယှဉ်ပြိုင် ခဲ့ပြီး၊ (၄၃) နေရာတွင် အနိုင်ရရှိခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=32864

No comments:

Post a Comment