December 31, 2014
ဝမ်ပေါင်၊ ဦးပိုင်နှင့် ဒေသခံ သုံးပွင့်ဆိုင်တွေ့ရန် ဒေသခံများတောင်းဆို
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသတွင် ဖြစ်ပေါ်နေ သည့် ဒေသခံများနှင့် ကုမ္ပဏီ၏ ပဋိပက္ခများကို စီမံကိန်း အကောင်အထည်ဖော်နေသည့် ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်တို့ သုံးပွင့်ဆိုင်တွေ့ဆုံပေးရန် သပိတ်စခန်းဖွင့်လှစ်ထားသည့် ဒေသခံတောင်သူများက ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုလိုက်သည်။
Lappataung-Adversarial-02
(ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
"ဒီကိစ္စက အစိုးရအဖွဲ့အစည်းမပါဘဲနဲ့ သုံးပွင့်ဆိုင်တွေ့ပြီး ဖြေရှင်းချင်တယ်။ သူတို့ဘက်ကလည်း ပွင့်ပွင့်လင်းလင်းချပြ။ ဒါမှအဖြေထွက်မှာပါ။ ဒီလိုမှ မတွေ့ဘူးဆိုရင်တော့ ပြဿနာတွေက အေးမှာမဟုတ်ဘူး။ ဆက်ဖြစ်နေမှာပဲ"ဟု သပိတ်စခန်းမှ တောင်သူ တစ်ဦးဖြစ် သည့် ဒေါ်အေးမေက မဇ္ဈိမကို ပြောသည်။
လက်ရှိ ကုမ္ပဏီနှင့် ဒေသခံများအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ ဆက်လက်မဖြစ်ပွားရန် ရည်ရွယ်၍ တွေ့ဆုံရန် ဆုံးဖြတ်ခြင်း ဖြစ်သည် ဟု ဆိုသည်။
လက်ပံတောင်း ကြေးနီစီမံကိန်း တာဝန်ခံ ဦးလှစိန်မှ "ခြံစည်းရိုးခတ်တာ ရပ်ထားတယ်။ တွေ့ဆုံဖို့ကတော့ ကျွန်တော်အနေနဲ့ ဆုံးဖြတ်လို့ မရပါဘူး" ဟု ပြောသည်။
လက်ပံတောင်း ဒေသခံများက ဒီဇင်ဘာ ၃၁ရက်တွင် သုံးပွင့်ဆိုင် တွေ့ဆုံရေး၊ ဒေါ်ခင်ဝင်း သေဆုံးမှုကို ဥပဒေနှင့်အညီ အရေးယူပေးရန် အပါအဝင် အချက်လေးချက်ဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
"ဘုန်ကြီးတို့ ဒီနေ့ကတော့ အေးအေးဆေးဆေးပဲ။ သူတို့ဘက်လည်း ဘာလှုပ်ရှားမှုမှမရှိပါဘူး။ ဘုန်ကြီးတို့ ဒေသခံတွေအနေနဲ့လည်း ဘာမှဆက်မလုပ်ဘူး။ တောင်းဆိုမှုတွေပဲ လုပ်နေတယ်"ဟု ဆရာတော် ဦးစန္ဒာသီရိ က မဇ္ဈိမကိုမိန့်ကြားသည်။
ဒီဇင်ဘာ ၃၁ရက်တွင် ကုမ္ပဏီဘက်မှ ခြံစည်းရိုးခတ်ခြင်းကို ရပ်နားထားပြီး နှစ်ဖက် အခြေအနေ တည်ငြိမ်လျက်ရှိကာ နှစ်ဖက်လုံး က စောင့်ကြည့်နေဆဲ ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36042-2014-12-31-09-34-03
သန်းထောင်ကျော်သုံးမည့် ဗိုလ်ရှုခံအစား ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုရန် နိုင်ငံရေး အင်အားစုတချို့ ဝေဖန်ထောက်ပြ
ကျပ်သန်း ၁,၀၂၇ သန်းသုံးမည့် ဗိုလ်ရှုခံသဘင် အခမ်းအနားသည် ငွေကုန်ကြေးကျများသဖြင့် ယင်းအစား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲရန် ပညာရှင်များနှင့် နိုင်ငံရေး အင်အားစုခေါင်းဆောင် တချို့က ထောက်ပြပြောဆိုသည်။
၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်သည့် ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့တွင် ပြုလုပ်မည့် ဗိုလ်ရှုသဘင် အခမ်းအနား အသုံးစရိတ်အဖြစ် ဆပ်ကော်မတီ ၁၀ ခုက အသုံးပြုမည့်ငွေများသည် ခန့်မှန်း ခြေအားဖြင့် ငွေစာရင်း ကျပ် ၁၀၂၇ သန်း အသုံးပြုရန် တင်ပြထားသည်ဟု ဗိုလ်ရှုသဘင် အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
ယင်းသို့ သုံးစွဲခြင်းနှင့် ပတ်သက်ပြီး နိုင်ငံရေး စီးပွားရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးက “အဲဒီ ပိုက်ဆံ ၁,၀၂၇ သန်းကို ပြည်နယ် တစ်ခုခုမှာ အသေးစားလုပ်ငန်းတွေကို ချေးပေးလိုက်ရင် အဲဒီလုပ်ငန်းတွေ လုံးဝ ထောင်တက်သွားနိုင်တယ်။ အခု သုံးတဲ့ ပမာဏက အရမ်းများလွန်းတယ်” ဟု ပြောသည်။
ဗိုလ်ရှုသဘင် အခမ်းအနားကို မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက် ရယူပေးခဲ့ကြသည့် တိုင်းရင်းသား ပြည်သူ အပေါင်းတို့နှင့်တကွ အသက်သွေး ချွေးပေးဆပ်ခဲ့ကြသော တပ်မတော်သားများအား ဂုဏ်ပြုမြှင့်တင်သောအားဖြင့်ရည် ရွယ်ကျင်းပခြင်း ဖြစ်သည်။
ဦးသန်းစိုးက “အခုချိန်မှာ အဲဒါက မလုပ်သင့်ဘူး၊ အဲဒီလောက်ငွေတွေ သုံးပြီးတော့ပေါ့ မသုံးသင့်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် စစ်အင်အားရှိတယ် ဆိုတာကို ၀ါဒဖြန့်ချိရေး လုပ်ချင်တာ၊ ဒီမိုကရေစီအရဆိုရင် ဒါတွေမလုပ်သင့်သေးဘူး၊ နိုင်ငံရလဒ်တောင် တိတိကျကျ မသိရတဲ့ အချိန်ပါ” ဟု သုံးသပ်သည်။
လက်ရှိတွင် မြန်မာငွေကြေးတန်ဖိုးက ခြောက်ရာခိုင်နှုန်းထိကျဆင်းနေပြီး ယင်းထက် နှစ်ရာခိုင်နှုန်းထပ်မံ ကျဆင်းနိုင်သည်ဟု စီးပွားရေးပညာရှင်များက ခန့်မှန်းထားသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း စီးပွားရေး အခြေအနေမကောင်း သည့် အချိန်တွင် ငွေအမြောက်အမြား အသုံးပြုကာ ကျင်းပပြုလုပ်သည့်အပေါ် အစိုးရသို့မေးခွန်းထုတ် စရာများစွာရှိနေပြီး အသုံးပြုရာတွင်လည်း မှန်ကန်စွာအသုံးပြုရေးမှာ များစွာအရေးကြီးသည်ဟု ပြော သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က “စစ်အင်အားတွေ ထုတ်ပြတယ်ဆိုတာကတော့ ပြည်တွင်းငြိမ်းချမ်းရေးမှာ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။ အင်အားပြသလိုပေါ့။ ဘတ်ဂျက်သုံးတာလည်း အဲဒီလောက်က များလွန်းတယ်။ ဒီအချိန်ကမလုပ် သင့်ဘူးထင်တယ်” ဟု ဆို သည်။
ဗိုလ်ရှုသဘင်ဖြစ်မြောက်ရေးအတွက် ဒု-သမ္မတဦးဥာဏ်ထွန်းက အကောင်အထည်ဖော်ရေးကော်မတီကို ဦးဆောင်ပြီး စစ်ရေးပြ၊ ပြင်ဆင်ရေး၊ ဖိတ်ကြားကြိုဆိုနေရာချ ထား၊ ဖျော်ဖြေ၊ ဧည့်ခံကျွေးမွေး၊ ပို့ဆောင် ရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပြန်ကြားလူထု လံှု့ဆော်ရေး၊ ဘဏ္ဍာရေးနှင့် မိန့်ခွန်း သ၀ဏ်လွှာနှင့် သမိုင်း အချက်အလက် ဆပ်ကော်မတီဟု စုစုပေါင်း ဆပ်ကော်မတီ ၁၀ ခုက အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်သည်။
ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က “တပ်နဲ့ပြည်သူ ပူးပေါင်းပြီးတော့ စည်းလုံးညီ ညွတ်တဲ့ ပြည်ထောင်စုကြီး၊ ငြိမ်းချမ်းရေး အဓွန့်ရှည်အောင် ကာကွယ်နိုင်ဖို့၊ အခြေခံ လူထုတို့ ပူးပေါင်းဆောင်ကြဖို့ဆိုတဲ့ ရည်ရွယ် ချက်နဲ့ လုပ်တာ” ဟု ဆိုသည်။
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီ ၄ ရက်တွင် ကျရောက်သော ၆၇ နှစ်မြောက်လွတ်လပ် ရေးနေ့တွင် ဗိုလ်ရှုခံ အခမ်းအနားကျင်းပမည် ဖြစ်သည်။
၁၉၄၉ ခုနှစ်မှစ၍ လွတ်လပ်ရေး အောင်ပွဲနှင့် ဗိုလ်ရှုသဘင် အခမ်းအနားများကို ရန်ကုန်မြို့တော်ခန်းမ ရှေ့ရှိ လွတ်လပ်ရေး ကျောက်တိုင်၌ ကျင်းပခဲ့ရာ မြန်မာ နိုင်ငံ၏ ပထမဆုံးသမ္မတ စ၀်ရွှေသိုက်နှင့် သမ္မတ ဒေါက်တာ ဘဦးတို့တက်ရောက်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှစ၍ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်မြို့ ပြည်လမ်းရှိ ဗိုလ်ရှု ခံစင်မြင့်၌ သမ္မတဒေါက်တာဘဦးနှင့် သမ္မတ မန်းဝင်းမောင်တို့ တက်ရောက်ခဲ့ကြသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/36024-2014-12-31-03-17-34
သမ္မတကို လစာ ကောင်းကောင်းပေးမှ နိုင်ငံအပေါ် စေတနာဖြင့် အလုပ်လုပ်မည်ဟု သူရဦးရွှေမန်းပြော
အုပ်ချုပ်ရေးကဏ္ဍ၏ နိုင်ငံဥသျှောင် သမ္မတကို လက်ရှိပေးထားသည့် လစာငွေ သိန်းငါးဆယ်သည် တိုင်းပြည် တာဝန်ကို စေတနာဖြင့်လုပ်ဆောင်နိုင်ရန် ပေးထားခြင်းဖြစ်သည်ဟု ပြည်ထောင်စု လွှတ်တော် နာယကဖြစ်သူ သူရဦးရွှေမန်းက ပြောဆို လိုက်သည်။
Thuar-U-Shwe-Man-6
 ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲကို ရန်ကုန်တိုင်း လွှတ်တော်ဝင်းအတွင်း၌ ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
သူရဦးရွှေမန်းက ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်တိုင်းလွှတ်တော်တွင် လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။
သမ္မတအပါအဝင် ပြည်ထောင်စုအဆင့်ဝန်ကြီးများနှင့် အုပ်ချုပ်ရေးဝန်ထမ်းများ အဂတိလိုက်စား မှုကင်းရှင်းရန် မှာ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့်အညီနေနိုင်သော လစာချီးမြင့်ငွေရရှိဖို့လိုအပ်ပြီး ထိုသို့မဟုတ်ပါက ပြဿနာများစွာ ရှိနိုင်သည်ဟု ၎င်းက ဆိုသည်။
လစာကောင်းမှ အဂတိတရားကင်းရှင်းမည်ဟူသည့် ၎င်း၏ ပြောဆိုချက်သည် “ရှေ့ကရရှိတဲ့ သင်ခန်းစာ” ဟု လည်း ပြောသည်။
ပြည်ထောင်စုလွှတ်တော်တွင် သမ္မတကိုသတ်မှတ်ပေးထားသည့် လစာငွေကျပ် သိန်းငါးဆယ်သည် သာမန်အားဖြင့် များနေသည်ဟု ယူဆရသော်လည်း အမှန်တစ်ကယ်မှာမူ နည်းပင်နည်းနေသေး သည်ဟု သူရဦးရွှေမန်းက ဥပမာပေးပြောဆိုခဲ့သေးသည်။
“ဆိုကြပါစို့ ဘဏ်နဲ့ငွေရေးကြေးရေးကိုနားလည်တဲ့ နိုင်ငံခြား သားတစ်ယောက်ကို ငှားမယ်ဆိုရင် ဒေါ်လာနှစ် သောင်းခွဲလောက် ရှိတယ်။ ဒေါ်လာနှစ်သောင်းခွဲဆိုရင် သိန်းနှစ်ရာ့ငါးဆယ်။ သူ့ရဲ့တာဝန်ယူမှု တာဝန်ခံမှုအပိုင်းနဲ့ ကျွန်တော်တို့ သမ္မတကြီးရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းစဉ်းစားပါ။ တစ်နိုင်ငံလုံးကို တာဝန်ယူ၊ တာဝန်ခံထားရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့်မို့လို့ သိန်းငါးဆယ်ဟာ တစ်ကယ်တမ်းကျတော့ နည်းသေးတယ်” ဟု  ၎င်းက ဆိုသည်။
သူရဦးရွှေမန်း၏ အဆိုပါပြောဆိုချက်သည် နိုင်ငံ့ဝန်ထမ်းများကြား ကြီးမားစွာရှိနေသည့် အဂတိ လိုက်စားမှုလျှော့ချရန် နည်းလမ်း တစ်ခုအဖြစ် ပြောဆိုသွားခြင်းသာဖြစ်နိုင်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကျော်လင်း ဦးက မဇ္ဈိမကို ပြောသည်။
ယခုကဲ့သို့ သမ္မတလစာငွေနည်းနေသည်ဟုပြောသည့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် နောက်လာမည့် အစိုးရ သက်တမ်းတွင် သမ္မတဖြစ်လိုသည်ဟု အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ပြီးခဲ့သည့်တစ်လကျော်ဖြစ်သည့် နိုဝင်ဘာ ၁၈ရက်က ပြည်ထောင်စုလွှတ်တော်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင်ပင် သူရဦးရွှေမန်းက “နိုင်ငံတော်နဲ့ နိုင်ငံသားများအကျိုးစီးပွားအတွက် ဖော်ဆောင်ပေးနိုင်တဲ့ နေရာဟာ သမ္မတဖြစ်တဲ့အတွက် ၂၀၁၅ အလွန်မှာ သမ္မတဖြစ်ရေးပဲ မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/35979-2014-12-30-13-12-30
ရာသီဥတု ဆိုးရွားမှုကြောင့် အဲအေးရှားလေယာဉ်မှ ရုပ်အလောင်းများ ဆယ်ယူရေး အခက်အခဲများ ကြုံနေရ
ပင်လယ်ထဲ ပျက်ကျခဲ့သည့် အဲအေးရှားလေယာဉ်မှ အပျက်အစီးနှင့် ရုပ်အလောင်းများ ဆယ်ယူမှု လုပ်ငန်းစဉ်များသည် ရာသီဥတု ဆိုးရွားမှုကြောင့် နှောင့်နှေးမှုများစွာနှင့် ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၂၈ ရက်က အင်ဒိုနီးရှားနိုင်ငံမှ စင်ကာပူသို့ ပျံသန်းခဲ့သည့် လေယာဉ်သည် ဂျာဗားပင်လယ်ပြင် အထက်တွင် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက် ဒီဇင်ဘာ ၃၀ တွင် လေယာဉ်ပျက်၏ အစိတ်အပိုင်းနှင့် ရုပ်အလောင်းများကို ပြန်လည် ရှာဖွေ တွေ့ရှိခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက်တွင် ကယ်ဆယ်ရေး ဝန်ထမ်းများက ပင်လယ်ထဲ မျောပါနေသည့် ရုပ်အလောင်းများကို ဆယ်ယူရန် အားထုတ် ကြိုးပမ်းနေသော်လည်း ပြင်းထန်သော ရေလှိုင်းရိုက်ခတ်မှုများနှင့် မုန်တိုင်းထန်နေသော ရာသီဥတုတို့ကြောင့် အခက်အခဲများ ကြုံနေရခြင်း ဖြစ်သည်။
ပင်လယ်ထဲတွင် တွေ့ရှိသည့် အစအန အစိတ်အပိုင်းများသည် အဲအေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် QZ8501 ထံမှဖြစ်ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ဒီဇင်ဘာ ၃၀ တွင် အတည်ပြု ကြေညာခဲ့သည်။ ထို့ကြောင့် A320-200 အမျိုးအစား လေယာဉ်နှင့် လိုက်ပါသွားသူ (၁၆၂)ဦးစလုံး၏ ကံကြမ္မာသည် အဆိုးဆုံးသို့ ဦးတည်သွားပြီဟု ယူဆရမည် ဖြစ်သည်။
အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒိုက အပျက်အစီးများ တွေ့ရှိရာ ရေပြင်တဝိုက်တွင် ရေယာဉ်များ၊ ရဟတ်ယာဉ်များ အသုံးပြုပြီး ကြီးမားသည့် ဖြန့်ကျက်ရှာဖွေမှု လုပ်ငန်းစဉ်မျိုး ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ “ဒီကြေကွဲစရာ ဆုံးရှုံးမှုကြီးမှာ ကျန်ရစ်သူ မိသားစုတွေအတွက် ခွန်အားတွေ ပေးသနားနိုင်ပါစေလို့ပဲ ကျွန်တော်တို့အတူ ဆုတောင်းကြရအောင်”ဟု ၎င်းက ဆူရာဘာယာ လေဆိပ်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းတွင် နိုင်ငံအချို့မှ စေလွှတ်လိုက်သည့် လေယာဉ်များသည် အပျက်အစီးများ တွေ့ရှိရာ ရေပြင်အနေအထားကို ဆန်းစစ်ရန် ပျံသန်းခဲ့ကြပြီး ရေငုပ်သမားများကလည်း ရေအောက်မှ အလောင်းများနှင့် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Balck Boxကို ရှာဖွေရန် စတင် စီစဉ်လျက်ရှိသည်။
လက်ရှိအချိန်ထိ ရုပ်အလောင်း (၆)ခုကို ရှာဖွေ တွေ့ရှိထားပြီဟု အင်ဒိုနီးရှား အမျိုးသား ရှာဖွေကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ ဘမ်ဘန်း ဆိုလစ္စယိုက ဆိုသည်။ ယင်းတို့အနက် တစ်ဦးသည် အမျိုးသမီးဖြစ်ပြီး လေယာဉ်မယ် ယူနီဖောင်းကို ဝတ်ဆင်ထားကြောင်း သိရသည်။
အင်ဒိုနီးရှား ရေတပ်သည် ဒီဇင်ဘာ ၃၀ က မိမိတို့၏ စစ်သင်္ဘော တစ်စင်းသည် လေယာဉ်ပျက်မှ ရုပ်အလောင်း (၄၀)ကျော်ကို ဆယ်ယူရရှိခဲ့သည်ဟု ဆက်သွယ်လာကြောင်း ကြေညာခဲ့သော်လည်း နောက်ပိုင်းတွင်မူ အပြန်အလှန် ဆက်သွယ်ရာ၌ နားလည်မှု လွဲသွားပြီး အရေအတွက် လွဲမှား ပြောဆိုမိခြင်းသာဖြစ်ကြောင်း ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ မန်နာဟန် ဆီမော်ရန်ကာက AFP သို့ ရှင်းလင်း ပြောကြားခဲ့သည်။
ပျက်ကျခဲ့သည့် လေယာဉ်ပေါ်တွင် အင်ဒိုနီးရှား နိုင်ငံသား အများစု လိုက်ပါသွားပြီး ဗြိတိန်တစ်ဦး၊ မလေးရှားတစ်ဦး၊ စင်ကာပူတစ်ဦးနှင့် တောင်ကိုရီးယား သုံးဦးတို့လည်း ပါရှိကြောင်း သိရသည်။
_Ref: BBC
http://7daydaily.com/story/28242#.VKPMUsnZGM9
နှုတ်ဆက်ပါတယ် ဆူရာဘာယာ
ဂျာဗားပင်လယ်တွင် အဲအေးရှားလေယာဉ် အစိတ်အပိုင်းများနှင့် လူသေအလောင်းများတွေ့ရပြီး အသက်ရှင်လွတ်မြောက်သူရှိရန် ဖြစ်နိုင်ခြေ အလွန်တရာ နည်းပါးနေ
ဂျာဗားပင်လယ်တွင် အလောင်းများမျောပါနေပုံကို ဖော်ပြထားသောသတင်းများ ကြည့်ရှုပြီးနောက် ဆူရာဘာယာမြို့ ဂျွန်ဒါနိုင်ငံတကာလေဆိပ်၌ အဲအေးရှား လေယာဉ်ပေါ်ပါ ခရီးသည်များ၏ မိသားစုဝင်များ ပူဆွေးနေကြစဉ် (ဓာတ်ပုံ − အေအက်ဖ်ပီ)
၂၀၁၅ နှစ်သစ်ကို စင်ကာပူ၌ ဆင်နွှဲရန် အစီအစဉ်ဖြင့် အာဒီးတို့ မိသားစုငါးဦး လေယာဉ်အတူစီး၍ ခရီးထွက်ကြပါပြီ။ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာလေဆိပ်မှ လေယာဉ်စတင် ပျံမတက်မီလေးတွင်မီရှဲလ်အာဒီးက အချစ်ဆုံးသူငယ်ချင်းထံ မက်ဆေ့ခ်ျပို့လိုက်၏။
သူ့ထိုင်ခုံ ဘေးပြတင်းမှန်ကတစ်ဆင့် မြင်နေရသည့် အဲအေးရှား QZ 8501 လေယာဉ်တောင် ပံကို ဓာတ်ပုံလှမ်းရိုက်ပြီး SnapChat ကတစ်ဆင့် ပို့လိုက်ခြင်း ဖြစ်သည်။ ဓာတ်ပုံနှင့်အတူ သူရေးထည့်လိုက်သည့် ပုံစာလေးက ‘‘နှုတ်ဆက်ပါတယ် ဆူရာဘာ ယာ’’ ဟူ၍။
‘‘သူက စကားအများကြီး သိပ်မပြောဘူး။ ဒါပေမဲ့ စမတ်ကျတဲ့ မိန်းကလေးတစ်ယောက် ပါ’’ဟု မီရှဲလ်၏ မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သူ ရာဗင် လီမာဒီနတ္တ က ပြန်ပြောင်းပြောပြသည်။
သူနှင့် မီရှဲလ်တို့က ဟိုးယခင်ပထမဆုံး တွေ့ခဲ့သည့်အချိန်မှ စ၍ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြသူများပင်။ မီရှဲလ်အာဒီး ၊ မာရီယန်း အာဒီး နှင့် ဂျေဒင်းအာဒီးတို့ မောင်နှမသုံးဦးသည် ဆူရာဘာယာ ကန်းဘရစ်ခ်ျ ကျောင်း၌ အတူတကွ ပညာသင်ကြားနေခဲ့ကြသည်။ ဒီဇင်ဘာ ၂၈ ရက်၌ မိသားစုတစ်ခုလုံး နှစ်သစ်ကူးအားလပ်ရက် ခရီးရှည်အဖြစ် စင်ကာပူသို့ လည်ပတ်ရန် ထွက်ခွာခဲ့ကြခြင်း ဖြစ်သည်။
အာဒီးမိသားစု အပါအဝင်လူပေါင်း ၁၆၂ ဦး စီးနင်းလိုက်ပါသွားခဲ့သော အဲအေးရှား QZ8501သည် ဆူရာဘာယာ လေဆိပ်မှ ထွက်ခွာပြီး ၄၂ မိနစ်အကြာ ဂျာဗားပင်လယ်ပြင်ပေါ် ပျံသန်းနေစဉ် မြေပြင်ရှိ လေကြောင်းလမ်း ထိန်းသိမ်းရေးဌာနနှင့် အဆက်အသွယ်အားလုံး ပြတ်တောက်ပြီး ပျောက်ဆုံးသွားခဲ့ သည်။  ထိုသတင်းကို သိပြီးနောက်ဆူရာဘာယာ ကန်းဘရစ်ခ်ျ ကျောင်းသူလေးတစ်ယောက်မှာ မာရီယန်းထံ မက်ဆေ့ခ်ျတစ် စောင်ပို့ရန် ကြိုးစားခဲ့ရှာ၏။ ဖုန်းမှာပါသည့် ဂျီပီအက်စ်ကို ဖွင့်ရန် လှမ်းပြောသည့် မက်ဆေ့ခ်ျ ဖြစ် သည်။ ဂျီပီအက်စ်ကတစ်ဆင့် တည်နေရာကို သိနိုင်ပေလိမ့် မည်။ သို့သော် မာရီယန်းထံမှ စာတစ်စောင်မှ ပြန်မလာခဲ့ပါ။ ဒီဇင်ဘာ ၂၉ ရက်အရောက်တွင် လေယာဉ်မှာ ပင်လယ်ကြမ်းပြင်ဆီ ရောက်သွားပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေး အဖွဲ့က သုံးသပ်ခဲ့၏။ ဒီဇင်ဘာ ၃၀ ရက်တွင်မူ  ပင်လယ်ပြင်၌ လေယာဉ်အပျက်အစီး အစအနနှင့် လူသေအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြပြီ။
လက်ထပ်ခါနီး သတို့သားလောင်းတစ်ယောက်၊ သာသနာ
ပြုအဖွဲ့ဝင်များ၊ ဇီဝဗေဒဆရာတစ် ဦး၊ စွမ်းအင်ကုမ္ပဏီမှ အလုပ်အမှု ဆောင်တစ်ဦး၊ အားလပ်ရက် အပန်းဖြေခရီးထွက်နေသည့် မိသားစုများ၊ နှစ်ပေါင်းများစွာအတွေ့ အကြုံရှိ ဝါရင့်သမ္ဘာရင့် လေယာဉ်မှူးများ...။ အင်ဒိုနီးရှားမှ စင်ကာပူ အကြမ်းဖျင်း နှစ်နာရီခန့်သာ ကြာသည့် လေကြောင်းခရီးစဉ် တစ်ခု၌ လူသား ၁၆၂ ဦးတို့၏ ဘဝများသည် ကန့်လန့်ပိုင်းဖြတ် အဆုံးသတ်သွားခဲ့ကြရချေပြီ။
ဒီဇင်ဘာ ၃၀ ရက်တွင် အင်ဒိုနီးရှား ရုပ်မြင်သံကြားဌာနက ဂျားဗားပင်လယ် ရေပြင်ပေါ်တွင် ပေါလောမြောနေသည့် ရုပ်အလောင်းတစ်ခုကို ရှာဖွေရေးအဖွဲ့၏ လေယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဗီဒီယိုကိုထုတ်လွှင့်ပြသခဲ့သည်။ အင်ဒိုနီးရှားအရာရှိများက ပြန်လည်ရှာဖွေ တွေ့ရှိသည့် ပျောက်ဆုံးလေယာဉ်မှ လူသေအလောင်းများ၏ ထိတ် လန့်တုန်လှုပ်စဖွယ် ရုပ်ပုံများ ကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။ ရေပြင်တွင်မျောပါ နေသည့် အလောင်းခြောက် လောင်းကို ပထမဆုံးတွေ့ရှိခဲ့သည့်နေရာက ဂျာဗားပင်လယ်တွင်ဖြစ်ပြီး လေယာဉ်ကို နောက်ဆုံးအဆက်အသွယ် ရခဲ့သည့် နေရာမှ ၁၀ ကီလိုမီတာအကွာ၌ဖြစ် သည်။ အလောင်းတို့မှာ ဖူးရောင်နေပြီး အသက်ကယ်အင်္ကျီများ ဝတ်ဆင်ထားခြင်း မရှိကြောင်း တွေ့ရသည်။ အပျက်အစီး အစိတ်အပိုင်းများကို နောက်ဆုံးအ ဆင့် စစ်ဆေးမှုများ မပြုလုပ်ရ သေးသော်လည်း အဲအေးရှား ခရီးစဉ်အမှတ် QZ8501 မှ ဖြစ်ရန် ၉၅ ရာခိုင်နှုန်း သေချာခိုင်မာကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားခဲ့သည်။ နောက်ပိုင်းတွင် ယင်းအပျက်အစီးသည် QZ8501 မှဖြစ်ကြောင်း အဲအေးရှားက အတည်ပြုလိုက်ပါ သည်။
လေယာဉ်ပေါ် ပါသွားသူ ၁၆၂ ဦး၏ ကျန်ရစ်သူ မိသားစုများအတွက် ယခုသတင်းက လက်ကျန်မျှော်လင့်ချက် ငွေ့ငွေ့ကို ပျက်သုဉ်းသွားစေခဲ့သည်။ ရေပြင်တွင် ပေါလောမျောပါနေသည့် အလောင်းများ သတင်းကို မြင်ကြားလိုက်သည့် တစ်ပြိုင်နက်မှာပင် စောင့်ဆိုင်းဧရိယာ၌ နှစ်ရက်ကြာ စောင့်မျှော်နေခဲ့ကြသော မိသားစုဝင်များ၏ အော်ဟစ်ငိုယိုသံများဆူညံသွားတော့သည်။ ယောက်ျားအချို့က နံရံကိုထုရိုက်ပြီး အချို့က ပြိုလဲကျကုန်သည်။
အဲအေးရှား လေကြောင်း လိုင်း အမှုဆောင် အရာရှိချုပ်ဖြစ်သူ တိုနီဖာနန်ဒက်စ်က ၎င်း၏ ဝမ်းနည်းပူဆွေးကြောင်း အမှာစကားတစ်စောင်ကို တွစ်တာ၌ ဖော်ပြလိုက်သည်။
လတ်တလောတွင် သင်္ဘောအစီး ၃၀၊ လေယာဉ် ၁၅ စီး၊ရဟတ်ယာဉ် ခုနစ်စီးတို့က ပျောက်ဆုံးပျက်ကျပျက်စီးလေယာဉ်ကို ရှာဖွေနေကြောင်း အင်ဒိုနီးရှားက ကြေညာထားသည်။ ရှာဖွေလုပ်ငန်း၏ အများစုကို အင်ဒိုနီးရှားက ဆောင်ရွက်ခြင်းဖြစ်ပြီး စင်ကာပူ၊မလေးရှားနှင့် သြစတြေးလျတို့ လည်း ပါဝင်လျက် ရှိသည်။ ထိုင်းနိုင်ငံကလည်း ရှာဖွေရေးတွင် ပူးပေါင်းပါဝင်ရန် စီစဉ်နေပြီး အမေရိကန်က အကူအညီပေးရန် စစ်သင်္ဘောတစ်စီး ပို့လွှတ်ထား သည်။
အဲအေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လေယာဉ်မောင်း နှစ်ဦး၊ ဝန်ထမ်းငါးဦးနှင့် ခရီးသည် ၁၅၅ ဦး လိုက်ပါသွားသည်။ ခရီးသည်များအနက် လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦးနှင့် ရင်ခွင်ပိုက်ကလေးငယ် ၁ဦးတို့ ပါဝင်နေသည်။ ၎င်းတို့အနက် စင်ကာပူနိုင်ငံသား တစ်ဦး၊ မလေးရှားနိုင်ငံသား တစ်ဦး၊ပြင်သစ် တစ်ဦး၊ တောင်ကိုရီးယား သုံးဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦးဖြစ်ကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၂၈ရက်က အဲအေးရှားလေယာဉ် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး မသွားမီအတွင်း ရာသီဥတုအခြေအ နေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ လေကြောင်း ထိန်းသိမ်းရေး စခန်းသို့ လေယာဉ်မှူးက လှမ်းအကြောင်းကြား မေးမြန်းမှု ရှိခဲ့ သည်။
လေယာဉ်တစ်စီးသည် ရေပြင်အပေါ်၌ ပျောက်ဆုံးသွားသည့်အခါ ပျက်ကျရာမှ ရှင်သန်လွတ်မြောက်နိုင်သူ တစ်ဦးဦးရှိနိုင်ခြေမှာ အလွန်တရာ နည်းပါးကြောင်း လေကြောင်းလုပ်ငန်း ၌ နိုင်ငံတကာ အတွေ့အကြုံ နှစ်ပေါင်းများစွာရှိသူ လေယာဉ်နှင့် လေကြောင်းဆိုင်ရာ ဂျာမန်ကျွမ်း ကျင်ပညာရှင် ဟိန်းရစ်ခ်ျဂရော့စ် ဘွန်းဂတ်ဒ်က ပြောကြားကြောင်း ဂျာမန်သတင်းဌာန ဒီဒဗလျူက ဖော်ပြသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီ က အင်္ဂါနေ့ နေ့လယ်က သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ရှာ ဖွေ ကယ်ဆယ်ရေးကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ဆွေမျိုးသားချင်းများ ဆုံးရှုံးလိုက် ရသူများနှင့်ထပ်တူ ခံစားရ ကြောင်းသာ သမ္မတက ပြောနိုင် ခဲ့သည်။
အဲအေးရှား လေယာဉ် QZ8501 မပျက်ကျမီ ၂၀၁၄အတွင်း လေကြောင်းမတော်တဆ ဖြစ်ပွားမှုကြောင့် လူပေါင်း၁,၀၅၀ ဦး သေဆုံးခဲ့ရပြီဖြစ်သည်။ လေယာဉ်အပိုင်စီးမှုများ အပါအဝင် လေကြောင်း မတော်တဆမှုများကို ခြေရာကောက် စောင့်ကြည့်နေသော လေယာဉ်လုံခြုံရေးကွန်ရက်၏ စစ်တမ်းအရ ယခုလေယာဉ်ပျက်ကျမှု ကြောင့် ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် လေကြောင်းခရီး ကြောင့် လူသေဆုံးသည့် အရေအတွက်မှာ ၁၂၁၂ ဦးအထိရှိသွား ပြီး ဆယ်စုနှစ်အတွင်း လေကြောင်းကဏ္ဍ၌ လူသေဆုံးမှု အ မြင့်ဆုံးနှစ် ဖြစ်သွားခဲ့ရပြီ။
အဲအေးရှား လေယာဉ် QZ8501 ပျောက်ဆုံးနေကြောင်း သတင်းကို ကြားလိုက်ရချိန်က လူးဝစ် ဆစ်ဟာတာမှာ ၎င်း၏ချစ်သူ သတို့သားလောင်းကို သွားကြိုဖို့ လေဆိပ်သို့ထွက်ခွာလာနေ စဉ် လမ်းတစ်ဝက်၌ ဖြစ်သည်။ သူတို့နှစ်ယောက် လက်မထပ်မီ သတို့သားလောင်း အာလိန်းက မိသားစုနှင့် အပန်းဖြေ ခရီးထွက်နေခဲ့ခြင်းဖြစ်သည်။ ရုပ်မြင် သံကြားကင်မရာများ အလယ် တွင် သတို့သမီးလောင်းဟောင်း ဖြစ်ခဲ့သူ လူးဝစ်က ယခုလို ရှင်းပြ ခဲ့ပါသည်။
‘‘အဲဒါ သူ့မိသားစုနဲ့ နောက်ဆုံးအားလပ်ရက် အပန်းဖြေခရီး ဖြစ်သွားခဲ့ပါပြီ’’   
—Ref: CNN
http://7daydaily.com/story/28228#.VKPLjcnZGM8
အဲအေးရှား လေယာဉ်မှ ရုပ်အလောင်း (၄၀)ကျော်ကို အင်ဒိုနီးရှား စစ်သင်္ဘော ဆယ်ယူ
အပျက်အစီးများရှာဖွေတွေ့ရှိသည့်နေရာပြမြေပုံ
အဲအေးရှား လေယာဉ် ခရီးစဉ်အမှတ် QZ8501ကို လိုက်လံရှာဖွေနေသည့် အင်ဒိုနီးရှား စစ်သင်္ဘော တစ်စီးသည် လေယာဉ်ပျက်မှ ရုပ်အလောင်း (၄၀)ကျော်ကို ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
လေယာဉ်ပျောက်ဆုံးပြီး တတိယနေ့၊ ဒီဇင်ဘာ ၃၀ တွင် လေယာဉ်ပျက်မှဟု အခိုင်အမာ ယူဆရသည့် အပျက်အစီး အစိတ်အပိုင်းများနှင့် ရုပ်အလောင်းများကို စတင် တွေ့ရှိလာပြီ ဖြစ်သည်။
“ရေတပ်ရဲ့ ရေဒီယိုကနေတစ်ဆင့် အဆက်အသွယ် ရပါတယ်။ အင်ဒိုနီးရှား စစ်သင်္ဘော ဘွမ်တိုမိုဟာ အလောင်း(၄၀)ကျော်ကို ဆယ်ယူထားပါပြီ။ အရေအတွက်က ဒီထက် တိုးလာဦးမှာပါ။ သူတို့တွေ လောလောဆယ် အရမ်းအလုပ်များနေပါတယ်”ဟု ရေတပ် ပြောရေးဆိုခွင့်ရ အရာရှိ မာနာဟန် ဆီမိုရန်ကာက ပြောကြားခဲ့သည်။
လေယာဉ်ပေါ် ပါသွားသူ (၁၆၂)ဦး၏ ကျန်ရစ်သူ မိသားစုများအတွက် ယခုသတင်းက လက်ကျန်မျှော်လင့်ချက် ငွေ့ငွေ့ကို ပျက်သုဉ်းသွားစေခဲ့သည်။ အင်ဒိုနီးရှား ရုပ်မြင်သံကြား ဌာနတစ်ခုက ရေပြင်ပေါ်တွင် ပေါလောမျောနေသည့် ရုပ်အလောင်း တစ်ခုကို ရှာဖွေရေး အဖွဲ့၏ လေယာဉ်ပေါ်မှ ရိုက်ကူးထားသည့် ဗီဒီယိုကို ထုတ်လွှင့် ပြသခဲ့သည်။
A320-200 အမျိုးအစား လေယာဉ်သည် အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းနေစဉ် ရာသီဥတု ဆိုးရွားမှုကြောင့်ဟု ယူဆရသော အခြေအနေတွင် ပျက်ကျခဲ့ခြင်း ဖြစ်နိုင်ပြီး ဂျာဗားပင်လယ်ထဲတွင် ဒီဇင်ဘာ ၃၀ တွင်မှ လေယာဉ်နှင့် ပတ်သက်သည့် သဲလွန်စ အစိတ်အပိုင်းများ စတင်တွေ့ရှိလာခြင်း ဖြစ်သည်။
_Ref: Channelnewsasia
http://7daydaily.com/story/28199#.VKPLgcnZGM8
ပင်လယ်ထဲတွင် တွေ့ရှိသော အစိတ်အပိုင်းများသည် အဲအေးရှား လေယာဉ်မှဖြစ်ကြောင်း တာဝန်ရှိသူ အတည်ပြု
အဲအေးရှား လေယာဉ်ကို လိုက်လံရှာဖွေနေရင်း ပင်လယ်ရေပြင်ပေါ်တွင် တွေ့ရှိရသည့် ပေါလောမျောနေသော အပျက်အစီး အစိတ်အပိုင်းများသည် အဆိုပါ လေယာဉ်မှဖြစ်ကြောင်း အင်ဒိုနီးရှား ပြည်သူ့လေကြောင်းဌာန တာဝန်ရှိသူတစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။
အစောပိုင်းက ရှာဖွေရေး အဖွဲ့များသည် ရေပြင်ပေါ်တွင် မျောပါနေသော အပျက်အစီး အစိတ်အပိုင်းများကို တွေ့ရှိခဲ့ပြီးနောက် သတင်းဌာနများက ယင်းသည် QZ8501 လေယာဉ်မှ ဟုတ်မဟုတ် အတည်မပြုနိုင်သေးဟု ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ဒီဇင်ဘာ ၃၀ တွင် တွေ့ရှိခဲ့သည့် အဆိုပါ အပျက်အစီးများသည် အဲအေးရှားလေယာဉ်မှ အပိုင်းအစများဟု အင်ဒိုနီးရှား ပြည်သူ့လေကြောင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဂျိုကို မွာဂျတ်မော့ဂျိုက ပြောကြားခဲ့သည်။
“အခုအချိန်မှာတော့ အဲဒီအပျက်အစီး အစိတ်အပိုင်းတွေဟာ အဲအေးရှား လေယာဉ်က ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ပါပြီ။ ပို့ဆောင်ရေးဝန်ကြီးက အဲဒီနေရာကို အမြန်ဆုံး လိုက်သွားပါမယ်။ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး အဖွဲ့ဝင်တွေဆီက မျက်မြင်သုံးသပ်ချက် အစီရင်ခံမှုတွေအရ လေယာဉ်ရဲ့ ခရီးသည် အဆင်းအတက်တံခါး၊ ကုန်လှောင်ခံ တံခါးတွေကို တွေ့ရှိထားပြီ ဖြစ်ပါတယ်။ ပန်ကာလန်ဘွန်ကနေ အနောက်တောင်ဘက် ကီလိုမီတာ (၁၆၀)အကွာ ပင်လယ်ထဲမှာပါ”ဟု ၎င်းက ဆိုသည်။
ရှာဖွေရေး အဖွဲ့များသည် ဒီဇင်ဘာ ၃၀ တွင် လေယာဉ်အဆက်အသွယ် ပြတ်တောက်သွားသည့် နေရာ၏ တောင်ဘက်ပိုင်းကို ပိုမိုအာရုံစိုက် ရှာဖွေခဲ့ပြီးနောက် ယခုကဲ့သို့ လေယာဉ် အပျက်အစီးများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လေယာဉ်သည် အင်ဒိုနီးရှားမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ဒီဇင်ဘာ ၂၈ ရက်က အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး လေယာဉ်ပေါ်တွင် အမှုထမ်းနှင့် ခရီးသည် စုစုပေါင်း (၁၆၂)ဦး လိုက်ပါသွားသည်။
_Ref: Channelnewsasia
http://7daydaily.com/story/28195#.VKPK-8nZGM8
အဲအေးရှားလေယာဉ် ရေအောက်ကြမ်းပြင်ဆီ ရောက်သွားပြီလား
ကာရီမာကာရေလက်ကြားတွင် ပျောက်ဆုံးနေသော အဲအေးရှားလေကြောင်း 8501 ကို ရှာဖွေရင်း အင်ဒိုနီးရှားလေတပ်၏ C-130 လေယာဉ်ပေါ်မှ တပ်ဖွဲ့ဝင်များ ပြတင်းပေါက် မှ ကြည့်ရှုနေပုံကို တွေ့ရစဉ် (Dita Alangkara/AP)
အဲအေးရှားလေယာဉ် ပျက်ကျမှုကြောင့် ၂၀၁၄ အတွင်း ကမ္ဘာ တစ်ဝန်းတွင် လေကြောင်းခရီး ကြောင့် လူသေဆုံးသည့် အရေ အတွက်မှာ ၁,၂၁၂ ဦးအထိရှိသွားပြီး ဆယ်စုနှစ်အတွင်း လေ ကြောင်းကဏ္ဍ၌ လူသေဆုံးသူ အမြင့်ဆုံးနှစ်ဖြစ်ကြောင်း လေ ယာဉ်အပိုင်စီးမှုများ အပါအ၀င် လေကြောင်းမတော်တဆမှုများ ကို ခြေရာကောက်စောင့်ကြည့် နေသော လေယာဉ်လုံခြုံရေးကွန် ရက်၏ စစ်တမ်းတွင် တွေ့ရ သည်။
ဒီဇင်ဘာ ၂၈ ရက်နံနက်က အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ် ပျောက်ဆုံးသွားခဲ့သော လူ ၁၆၂ ဦးပါ အဲအေးရှားလေယာဉ်သည် ပင် လယ်ကြမ်းပြင်ပေါ်တွင် ပျက်ကျ နစ်မြုပ်နေလောက်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားအရာရှိများက ဒီဇင် ဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။ လေယာဉ်ပါ် လိုက်ပါစီးနင်းသွားသူများ၏ စိုးရိမ်ဖွယ်ရာ အသက်ဆုံးရှုံးနိုင်ခြေ အပါအ၀င် ကမ္ဘာတစ်ဝန်း လေကြောင်းခရီးကြောင့် သေဆုံးရသူမှာ ယခုအချိန်တွင် ၁,၂၁၂ ဦး ရှိသွားပြီဖြစ်သည်။အဲအေးရှားလေယာဉ် QZ8501 မပျက်ကျမီ ၂၀၁၄ အတွင်း လေကြောင်းမတော်တဆဖြစ်ပွားမှု ကြောင့် လူပေါင်း ၁,၀၅၀ ဦး သေ ဆုံးခဲ့ပြီးဖြစ်သည်။ မတော်တဆ မှုများတွင် လူပေါင်း ၆၉၉ ဦး သေ ဆုံးစေခဲ့သည့် မလေးရှားအခြေ စိုက်လေကြောင်းလိုင်းများလည်း ပါဝင်နေသည်။ လူသေဆုံးသည့် ပမာဏ မြင့်မားသော်လည်း ၂၀၁၄ အတွင်း လေယာဉ်ပျက်ကျ မှုမှာ ၁၁၁ ခု ရှိခဲ့သည်။ ကျန် လေယာဉ် မတော်တဆမှုများ၌ ကုမ္ပဏီများ၊ အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂလိကလေယာဉ်များ မတော် တဆမှုတို့လည်း ပါဝင်နေသည်။
၂၀၁၄ အတွင်း လေယာဉ် မတော်တဆမှုများတွင် မလေး ရှားလေကြောင်းလိုင်းမှ လေယာဉ်များပါဝင်သည့် မတော်တဆမှု နှစ်ခုရှိခဲ့သည်။ တစ်ခုမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်ဖြစ်ပြီး ကျန်တစ်ခုမှာ အိန္ဒိ ယသမုဒ္ဒရာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။ ယင်းတို့ကြောင့် လူပေါင်း ၅၃၇ သေဆုံးခဲ့သည်။
ဒီဇင်ဘာ ၂၈ ရက်က အဲ အေးရှားလေယာဉ် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံး မသွားမီအတွင်း ရာသီဥတုအခြေ အနေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေ ပြင်ရှိ လေကြောင်းထိန်းသိမ်းရေး စခန်းသို့ လေယာဉ်မှူးက လှမ်းအ ကြောင်းကြား မေးမြန်းမှုရှိခဲ့သည်။ လေယာဉ်ကို နောက်ဆုံးခြေရာခံမိခဲ့သည့်နေရာက ဂျာဗားပင်လယ်အပေါ် ကလီမန်တန်နှင့် ဂျာဗားကျွန်းများအကြားတွင်ဖြစ် ကြောင်း အင်ဒိုနီးရှားလေကြောင်း ၀န်ကြီးဌာနအရာရှိက မီဒီယာများ အား ပြောကြားခဲ့သည်။
‘‘လေယာဉ်က ပင်လယ်ပေါ် မှာလို့ ကျွန်တော်တို့ ခန့်မှန်းခဲ့ကြ တယ်။ အခုအချိန်မှာတော့ ပင် လယ်အောက်ခြေမှာ ရှိနေနိုင်ပါ ပြီ’’ဟု ပျောက်ဆုံးလေယာဉ်ရှိနေ နိုင်သည့် နေရာကို သတင်း ထောက်များက မေးမြန်းစဉ် အင် ဒိုနီးရှား၏ ရှာဖွေကယ်ဆယ်ရေး အေဂျင်စီအကြီးအကဲ Soelistyo က ဖြေကြားခဲ့သည်။
လေယာဉ်ပျောက်ဆုံးသွား ပြီးနောက် အင်ဒိုနီးရှား၊ စင်ကာ ပူနှင့် မလေးရှား သုံးနိုင်ငံ ပူးပေါင်းရှာဖွေ ကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြသည်။ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ကလည်း အကူအညီများ ကမ်းလှမ်းခဲ့ကြသည်။
ပျောက်ဆုံးနေသော အဲ အေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လေယာဉ် မောင်း ၂ ဦး၊ ၀န်ထမ်း ၅ ဦးနှင့်ခရီးသည် ၁၅၅ ဦးလိုက်ပါသွားသည်။ ခရီးသည်များအနက်လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦး နှင့် ရင်ခွင်ပိုက် ကလေးငယ် ၁ ဦး တို့ ပါဝင်နေသည်။
လေယာဉ်ပေါ် ပါသွားသူ များမှာ စင်ကာပူနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ပြင် သစ် ၁ ဦး၊ တောင်ကိုရီးယား ၃ ဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦး ဖြစ် သည်။
ကျွမ်းကျင်သူများသုံးသပ်ချက်
ပျောက်ဆုံးအဲအေးရှားလေ ယာဉ်မှ ရှင်သန်လွတ်မြောက်သူ များကို ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေရာ၌ အခွင့်အရေး အနည်းငယ်သာရှိပြီး မကြာမီ လေယာဉ်အပျက်အစီး အပိုင်း အစများကို တွေ့ရှိရဖွယ်ရှိ ကြောင်း နိုင်ငံတကာမှ ကျွမ်းကျင် သူများက သုံးသပ်နေကြသည်။
လေယာဉ်တစ်စီးသည် ရေ ပြင်အပေါ်၌ ပျောက်ဆုံးသွား သည့်အခါ ပျက်ကျရာမှ ရှင်သန် လွတ်မြောက်နိုင်သူ တစ်ဦးဦးရှိ နိုင်ခြေမှာ အလွန်တရာနည်းပါး ကြောင်း လေကြောင်းလုပ်ငန်း၌ နိုင်ငံတကာအတွေ့အကြုံ နှစ် ပေါင်းများစွာရှိသူ လေယာဉ်နှင့် လေကြောင်းဆိုင်ရာ ဂျာမန်ကျွမ်းကျင်ပညာရှင် ဟိန်းရစ်ခ်ျဂရော့စ်ဘွန်းဂတ်ဒ်က ပြောကြားကြောင်း ဂျာမန်သတင်းဌာန ဒီဒဗလျူက ဖော်ပြသည်။
အာရှ၏ ကျယ်ပြန့်မှု၊ ရေ ပြင်ပေါ်မှ ပျံသန်းရသည့် များပြား လှသော လေကြောင်းလမ်းများ နှင့် မပြည့်စုံသည့် ရေဒါလွှမ်းခြုံမှု တို့သည် ဒေသ၏ လေယာဉ်ခရီး စဉ်များကို အခက်အခဲဖြစ်စေ ကြောင်း Expairtise Communi-cations ၏ မန်နေဂျင်းဒါရိုက်တာ လည်းဖြစ်သည့် ဟိန်းရစ်ခ်ျဂ ရော့စ်ဘွန်းဂတ်ဒ်က ပြောကြား လိုက်သည်။ အဲအေးရှားလေယာဉ် အပျက်အစီးအပိုင်းအစ များကို မကြာမီရက်အနည်းငယ် အတွင်း ပြန်လည်တွေ့ရှိမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာပြောသည်။
လေယာဉ်ပျောက်ဆုံးသည့် နေရာ၌ တိမ်ထူထပ်နေခဲ့ကြောင်း အင်ဒိုနီးရှားလေကြောင်းဝန်ကြီး ဌာနက ပြောသည်။ CNN သတင်းဌာန၏ မိုးလေ၀သနှင့် ဇလဗေဒ ပညာရှင် ဒါရက်ဗန်ဒမ်ကလည်း ရာသီဥတုဆိုးရွားမှုသည် လေယာဉ်ပျောက်ဆုံးမှု၏ အကြောင်းရင်းဖြစ်ကြောင်း ပြောကြားခဲ့ သည်။ မစ္စတာဟိန်းရစ်ခ်ျကလည်း ပြီးခဲ့သည့် နှစ်များအတွင်း တွေ့ခဲ့ရသည့် ရာသီဥတုနှင့် ဆက်စပ်သည့် မတော်တဆမှုများ အားလုံး တွင် ရာသီဥတုသည် အကြောင်းရင်းတစ်ခုဖြစ်သည်ဆိုသည်။ သို့သော် အခြား အကြောင်းများလည်း အမြဲလိုရှိကြောင်း ၎င်းကပြောသည်။ ရာသီဥတုနှင့်အတူနည်းပညာပိုင်းဆိုင်ရာ ပြဿနာ အချို့ (သို့မဟုတ်) ရာသီဥတုနှင့် လေယာဉ်ဝန်ထမ်း၏ မှားယွင်းသည့် ဆုံးဖြတ်ချက်တို့ ပေါင်းစပ်ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။ လေယာဉ်နှင့် လေကြောင်းလမ်းထိန်းသိမ်းရေးအကြား ဆက်သွယ်ရေး ထုတ်ပြန်သည့်အခါတွင် ရေဒါအချက်အလက်များကို မြင်ရမည် ဖြစ်ပြီး ယင်းက အမှန်တကယ် မည်ကဲ့သို့ဖြစ်ပွားခဲ့သလဲ ဆိုသည်ကို ကနဦးနိမိတ်ပြနိုင်မည်ဖြစ် သည်။
အမြင့်ပေ ၃၂,၀၀၀ တွင် လေယာဉ်ပျံသန်းနေခဲ့ချိန် တိမ် များကို ရှောင်ကွင်းမောင်းနှင်ရန် အတွက် အမြင့်ပေ ၃၈,၀၀၀ ၌ ပျံ သန်းရန် မြေပြင်ရှိ လေကြောင်း လမ်းထိန်းသိမ်းရေးဌာနသို့ မ တောင်းဆိုမီအထိ အဆိုပါနေရာတွင် ရာသီဥတုဆိုးရွားခဲ့ကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနမှ လေကြောင်းသယ် ယူပို့ဆောင်ရေး ဒါရိုက်တာ Joko Muryo Atmodjo က ပြောသည်။ ယင်းနေရာရှိ လေယာဉ်လမ်း ကြောင်း အခြေအနေကြောင့် ခွင့် ပြုချက် မပေးလိုက်ရသေးဘဲ ငါးမိနစ်အကြာ တနင်္ဂနွေနေ့ နံနက် ၆ နာရီ ၁၇ မိနစ်တွင် လေယာဉ်နှင့် မြေပြင်ဌာန အဆက်အသွယ် ပြတ်တောက်ခဲ့သည်ဟုဆိုသည်။
လေကြောင်းများကို အချိန် နှင့်တစ်ပြေးညီ ခြေရာခံနေသည့် Flightradar24.com ၏ အချက် အလက်များအရ ယင်းနေရာအနီး အနားတစ်ဝိုက်ရှိ လေယာဉ်အ များအပြားသည် ထိုအချိန်က အ မြင့်ပေ ၃၄,၀၀၀ မှ ၃၆,၀၀၀ သို့ မောင်းနှင်ခဲ့ကြကြောင်း တွေ့ရ သည်။ ယင်း Level မှာ ခရီးသည်တင်လေယာဉ်များအတွက် ထူးခြားမှုတစ်စုံတစ်ရာ မဟုတ်ပေ။
ယခုလေယာဉ်ပျောက်ဆုံးမှု ၌ လေယာဉ်အပိုင်စီးမှုကဲ့သို့ ပြစ် မှုအမျိုးအစားနှင့် နှီးနွှယ်နေနိုင် သည့် မည်သည့်အရာမျိုးကိုမှ မ တွေ့ရကြောင်း အပြည်ပြည်ဆိုင် ရာ လေကြောင်းလုံခြုံရေး စုံစမ်း စစ်ဆေးသူများ အသိုက်အဝန်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ အန်ထော်နီ ဘရစ်ဟောက်စ်က ပြောသည်။
QZ8501 လေယာဉ်မှူး သည် ရာသီဥတုအခက်အခဲကို တွေ့ဆုံခဲ့ပြီး ယင်းကို ရှောင်ရှားရန်အတွက် အရှိန်အလွန်နှေးကွေးစွာဖြင့် မောင်းနှင်ခဲ့ကြောင်း လေယာဉ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး airlinerratings.com ၏ အယ်ဒီတာဖြစ်သူ ဂျော်ဖရေးသောမတ်စ်ကဆိုသည်။
ယင်းမှာ ၂၀၀၉ က ပျက်ကျခဲ့သည့် Air France AF447 ၏ အခြေအနေနှင့် အလားတူ လေခွင်းအားရပ်တန့်မှုကို ဖြစ်သွားစေခဲ့သည်ဟုဆိုသည်။ Air France AF447 မှာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ပျံသန်းနေစဉ် အတ္တလန္တိတ်သမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။
သောမတ်စ်၏ အဆိုအရ အဲအေးရှား QZ8501 သည် တစ် နာရီ ကီလိုမီတာ ၁၆၀ ခန့်အထိ အလွန်နှေးကွေးစွာ ပျံသန်းခဲ့ပြီး ထိုအချိန်ကရှိနေခဲ့သည့် ပင်လယ်ပြင်အထက်အမြင့်နှင့် ယင်းအမြန်နှုန်းမှာ အလွန်အမင်း အန္တရာယ် ရှိခဲ့သည်။
Air France AF447 ပျက် ကျမှုတွင် ခရီးသည် ၂၁၆ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး သေ ဆုံးခဲ့ရသည်။ လေယာဉ်အပျက် အစီး အစအနများကို ရက်ပေါင်း များစွာ ရှာဖွေသော်လည်း မတွေ့ ရှိခဲ့ပေ။ ပျက်စီးသွားသော လေ ယာဉ် တည်နေရာကို သိရှိရန်ပင် နှစ်ပေါင်းများစွာ ကြာခဲ့သည်။ စုံ စမ်းစစ်ဆေးသူများက နောက်ဆုံး တွင် ယင်းပျက်ကျမှု၌ နည်းပညာပိုင်းအမှားနှင့် လူသားအမှားနှစ်ခုစလုံးကို အပြစ်ဖို့ခြင်းဖြင့် နိဂုံးချုပ်ခဲ့ကြ၏။
http://7daydaily.com/story/28190
အဲအေးရှားလေယာဉ် ပျောက်ဆုံးမှုကို MH370 ဖြစ်ရပ်နှင့် မနှိုင်းယှဉ်သင့်ဟု ဩစတြေးလျ ဝန်ကြီးချုပ် ပြောကြား
အဲအေးရှားလေယာဉ် ပျောက်ဆုံးနေသော အခြေအနေသည် မလေးရှား လေကြောင်းလိုင်းပိုင် MH370 ပျောက်ဆုံးမှုကဲ့သို့ ပဟေဠိဆန်ဆန် အခြေအနေမျိုး မဟုတ်နိုင်ကြောင်း ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့တ်က ပြောကြားခဲ့သည်။
ဩစတြေးလျသည် ယခုနှစ် မတ်လ ၈ ရက်က ကွာလာလမ်ပူမှ ဘေဂျင်းသို့ ဦးတည်ပျံသန်းစဉ် အကြောင်းရင်းမသိရဘဲ ပျောက်ကွယ်သွားသည့် MH370 လေယာဉ်ကို လိုက်လံရှာဖွေရာတွင် ဦးဆောင်ဦးရွက် ပြုနေသည့် နိုင်ငံဖြစ်သည်။ MH370 လေယာဉ်သည် လူပေါင်း (၂၃၈)ဦးနှင့်အတူ အဆက်အသွယ် ပြတ်တောက်သွားပြီး ယနေ့အချိန်ထိ ယင်း၏ ကံကြမ္မာကို တိတိကျကျ မသိရချေ။
ဒီဇင်ဘာ ၂၈ ရက်က စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ဂျာဗားပင်လယ်ပြင်ထက် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားသည့် အဲအေးရှား လေယာဉ်မှာမူ MH370 ကဲ့သို့ ပဟေဠိဆန်သော ကိစ္စများကို ဖြစ်လာစေနိုင်မည် မဟုတ်ဟု အက်ဘော့တ်က ယူဆထားသည်။
“တချို့က ဒီဖြစ်ရပ်ကို MH370နဲ့ ချိန်ထိုးခိုင်းနှိုင်း ပြောဆိုနေကြတယ်။ ဒါကတော့ တကယ့် အမှားကြီးတစ်ခုပဲလို့ ကျွန်တော် ထင်ပါတယ်”ဟု ဩစတြေးလျ ဝန်ကြီးချုပ်က 2GB ရေဒီယိုသို့ ပြောကြားခဲ့သည်။ ၎င်းက “MH370 ဟာ ကျွန်တော်တို့ ကြုံဖူးသမျှ အကြီးကျယ်ဆုံး ပဟေဠိကြီးတစ်ခု ဖြစ်နေခဲ့တယ်။ အဲအေးရှား လေယာဉ်ပျောက်ဆုံးမှုကတော့ ဒီလို လျှို့ဝှက်ဆန်းကျယ် မဆန်နိုင်ပါဘူး။ လေယာဉ်က ပုံမှန် သတ်မှတ်လမ်းကြောင်းအတိုင်း၊ ပုံမှန် အစီအစဉ်အတိုင်း ပျံသန်းနေရာကနေ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံသွားတာပါ။ MH370 ဖြစ်ရပ်လို ဆန်းကျယ်နက်နဲတာမျိုး မရှိပါဘူး”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
အဲအေးရှား၏ ခရီးစဉ်အမှတ် QZ8601၊ Airbus A320-200 အမျိုးအစား ခရီးသည်တင် လေယာဉ်သည် လူပေါင်း (၁၆၂)ဦးကို တင်ဆောင်ပျံသန်းရင်း ဆိုးရွားသော ရာသီဥတုကြောင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့်ပြုရန် လေကြောင်းထိန်းသိမ်းရေး မျှော်စင်သို့ ဆက်သွယ် အကြောင်းကြားခဲ့ပြီး မကြာမီတွင် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားခဲ့သည်။
_Ref: Asiaone News
http://7daydaily.com/story/28137#.VKPKQMnZGM8
ပျောက်ဆုံးနေသည့် အဲအေးရှားလေယာဉ် ပင်လယ်ကြမ်းပြင်အောက် ရောက်နေခြင်း ဖြစ်နိုင်ဟုဆို
ပျောက်ဆုံးနေသည့် အဲအေးရှား လေယာဉ်သည် ပျက်ကျသွားပြီး ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်တွင် နစ်မြုပ်နေခြင်း ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အမျိုးသား ကယ်ဆယ်ရေးနှင့် ရှာဖွေရေး အေဂျင်စီ (BASARNAS)၏ အကြီးအကဲက မှတ်ချက်ပြု ပြောကြားခဲ့သည်။
လူပေါင်း (၁၆၂)ဦးကို တင်ဆောင်ပြီး စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် ပျောက်ဆုံးသွားသော လေယာဉ်၏ အလားအလာသည် အဆိုးဆုံးဘက်သို့ ဦးတည်နေနိုင်ကြောင်း BASARNAS ၏ ညွှန်ကြားရေးမှူးချုပ် ဘမ်ဘန်း ဆိုလစ္စတိုက ဆိုသည်။
“ကျွန်တော်တို့ ရထားတဲ့ ကိုဩဒိနိတ် သတ်မှတ်ချက်တွေရယ်၊ လေယာဉ်ပျက်ကျနိုင်တဲ့ ခန့်မှန်းနေရာတွေရယ်ကို အခြေခံပြီး ခြုံငုံစဉ်းစားကြည့်တဲ့အခါ လေယာဉ်ဟာ ပင်လယ်ကြမ်းပြင် အောက်ခြေထိ ရောက်နေတာမျိုး ဖြစ်နိုင်ခြေ များနေတယ်”ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။
ဘမ်ဘန်းက “ဒါက ကနဦးအဆင့် သံသယ သဘောထားမျှသာ ဖြစ်ပါတယ်။ လက်ရှိ ရှာဖွေရေး လုပ်ငန်းစဉ်တွေရဲ့ တိုးတက်မှု အနေအထားတွေကို အခြေခံပြီး ရလဒ်ပိုင်း အပြောင်းအလဲတွေ ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်”ဟုလည်း ပြောဆိုသွားသည်။ ရှာဖွေရေး လုပ်ငန်းစဉ်များကို ဒီဇင်ဘာ ၂၉ ရက်တွင် ဘန်ကာကျွန်းနှင့် ကာလီမန်တန်တို့ကြား၌ ဖြန့်ကျက်သွားမည်ဟုလည်း ဘမ်ဘန်းက အတည်ပြုထားသည်။
၎င်းက “လောလောဆယ် ကျွန်တော်တို့ ကြုံနေတာက နည်းပညာပိုင်း အားနည်းနေတာပါ။ အခုတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ပြီး တခြားနိုင်ငံတွေက နည်းပညာ အကူအညီတွေ ရယူနိုင်ဖို့ တောင်းခံထားပါတယ်။ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန်တို့ကို ဆက်သွယ်ထားပါတယ်”ဟုလည်း ဖွင့်ဟခဲ့သည်။
Airbus A320-200 အမျိုးအစား လေယာဉ်သည် ဒီဇင်ဘာ ၂၈ ရက်တွင် အင်ဒိုနီးရှား အရှေ့ဘက် ဂျာဗားကျွန်းရှိ ဆူရာဘာယာမှ စင်ကာပူသို့ ဦးတည်ပျံသန်းရင်း ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ လေယာဉ်နှင့် အဆက်အသွယ် မပြတ်တောက်မီတွင် လေယာဉ်မှူးများက မုန်တိုင်းထန်သည့် ရာသီဥတုကြောင့် လမ်းကြောင်းပြောင်း ပျံသန်းရန် ခွင့်ပြုချက် တောင်းခံသွားခဲ့သေးကြောင်းလည်း သိရသည်။
လတ်တလောတွင် စင်ကာပူ၊ မလေးရှားနှင့် ဩစတြေးလျတို့သည် အင်ဒိုနီးရှားကို အကူအညီပေးပြီး ဂျာဗားပင်လယ် အလယ်ပိုင်းသို့ ရေယာဉ်များ၊ လေယာဥင်္များ စေလွှတ်ကာ လေယာဉ်ကို လိုက်လံ ရှာဖွေနေသည်။ အမေရိကန် ပြည်ထောင်စုကလည်း အဆိုပါ ဖြစ်ရပ်တွင် မိမိတို့ ပါဝင်ကူညီရန် အသင့်ရှိကြောင်း ကမ်းလှမ်းထားသည်။
_Ref: Channelnewsasia
http://7daydaily.com/story/28135
လူပေါင်း ၁၆၂ ဦးလိုက်ပါလာသော အဲအေးရှားလေယာဉ် ပျောက်ဆုံးနေ
အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမြို့ ဂျူအန်ဒါလေဆိပ်မှ စင်ကာပူသို့ ပျံသန်းလာသော အဲအေးရှားလေယာဉ်ပျောက်ဆုံးခဲ့ရာ လေယာဉ်ပေါ်ပါသူများ၏ ဆွေမျိုးသားချင်းများ လေယာဉ်သတင်းစောင့်ဆိုင်းရင်း ငိုကြွေးနေကြစဉ် (ဓာတ်ပုံ − အေပီ)
အဲအေးရှားလေယာဉ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့ ပျံသန်းနေစဉ်အတွင်း တနင်္ဂနွေနေ့နံနက်က ပျောက်ဆုံးသွားခဲ့သည်။ လေယာဉ်ပေါ်၌ လူ ၁၆၂ ဦးပါသွား၏။ အဆက်အသွယ် ပြတ်တောက်မသွားမီအတွင်း ရာသီဥတုအခြေအနေကြောင့် လေကြောင်းလမ်းကို ပြောင်းလဲမောင်းနှင်ရန် မြေပြင်ရှိ လေကြောင်းထိန်းသိမ်းရေးစခန်းသို့ လေယာဉ်မှူးကလှမ်းအကြောင်းကြားမေးမြန်းခဲ့မှုရှိခဲ့သည်။ ယင်းနောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်အချိန်ဇယား
(ဒီဇင်ဘာ ၂၈ ရက်)
  • မူလသတ်မှတ်ထားသည့်ထွက်ခွာချိန် - နံနက် ၅း၂၀ နာရီ (ဆူရာ ဘာယာစံတော်ချိန်)
  • အမှန်တကယ်ထွက်ခွာခဲ့သည့်အချိန် - နံနက် ၅း၃၅ နာရီ
  • အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအဆိုအရ အင်ဒိုနီးရှားနှင့် လေယာဉ်ကြား အဆက်အသွယ်ပြတ်တောက်သွားချိန် - နံနက် ၆း၁၇ နာရီ (ဆူရာဘာယာစံတော်ချိန်)
  • စင်ကာပူ၌ ဆိုက်ရောက်ရမည့်အချိန် - နံနက် ၈း၃၀ နာရီ (စင်ကာပူ စံတော်ချိန်)
  • ပုံမှန်ခရီးစဉ်ကြာချိန် - ၁း၅၀ နာရီ
  • လေဆိပ်မှ ထွက်ခွာချိန်မှ အဆက်အသွယ်ပြတ်တောက်ချိန်ထိကာလ - ၄၂ မိနစ်
၉း၁၅ နာရီ - လေယာဉ်အဆက် အသွယ်ပြတ်တောက်သွားကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာန အရာရှိကို ကိုးကား ၍ အင်ဒိုနီးရှားမီဒီယာက ဖော်ပြ ခဲ့သည်။
၉း၃၀ နာရီ - လေယာဉ်နှင့် အ ဆက်အသွယ်အားလုံး ပျောက်ဆုံး နေကြောင်း အဲအေးရှားက ၎င်း၏ Facebook စာမျက်နှာတွင် အ တည်ပြုခဲ့သည်။ လေကြောင်း လိုင်းအနေဖြင့် ရှာဖွေကယ်ဆယ် ရေးကို ဆောင်ရွက်နေကြောင်း ထုတ်ပြန်ခဲ့သလို ပျောက်ဆုံးလေ ယာဉ်ပါ ခရီးသည်များ၏ ဆွေမျိုး များအတွက် အရေးပေါ်ဖုန်းနံ ပါတ်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ သည်။
(ဓာတ်ပုံ − အီးပီအေ)
၉း၅၃ နာရီ - လေယာဉ်ထွက်ခွာ ခဲ့ရာ ဆူရာဘာယာအနီးတစ်ဝိုက် တွင် မုန်တိုင်းအန္တရာယ်ရှိခဲ့။ အ ခင်းဖြစ်ပွားရာနေရာရှိ ဆိုးရွား သည့် ရာသီဥတုအခြေအနေ ကြောင့် အင်ဒိုနီးရှားအရာရှိများ အနေဖြင့် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရန် အခက်အခဲဖြစ်နေ ခဲ့သည်။ QZ8501 သည် Belitungကျွန်းများအနီးတွင် အဆက်အ သွယ်ပြတ်တောက်ခဲ့ခြင်း ဖြစ် သည်။
၁၀း၃၃ နာရီ - အဲအေးရှားက Facebook အပါအ၀င် ၎င်း၏ အွန်လိုင်းစာမျက်နှာများ၏ ပုံများကို မီး ခိုးရောင်ပုံများသို့ ပြောင်းလဲလိုက် သည်။ အဲအေးရှားကုမ္ပဏီ၏ မူ ရင်းလိုဂိုအရောင်မှာ အနီရောင် ဖြစ်သည်။
၁၀း၄၃ နာရီ - Belitung ကျွန်းများတွင် ပျက်ကျလေယာဉ်တစ်စီး၏ အကြွင်းအကျန်များကို တွေ့ရ ကြောင်း အင်ဒိုနီးရှားဒေသခံမီဒီ ယာက တင်ပြသည်။ သို့သော် ယင်းပျက်ကျလေယာဉ်မှာ ပျောက် ဆုံးနေသည့် လေယာဉ်ဖြစ် ကြောင်း အတည်မပြုနိုင်ပေ။ ဤ အတောအတွင်း အင်ဒိုနီးရှားက လေယာဉ်နှစ်စီးအသုံးပြု၍ ရှာဖွေ ရေး ဆောင်ရွက်နေပြီ ဖြစ်သည်။
၁၀း၅၅ နာရီ - ရှာဖွေကယ်ဆယ် ရေးတွင် ပါဝင်ကူညီရန် လေတပ် ရေတပ်များ အသင့်ရှိနေကြောင်း စင်ကာပူက ကြေညာခဲ့သည်။ စင် ကာပူချန်ဂီလေဆိပ်တွင်လည်း ပျောက်ဆုံးလေယာဉ်ပါ ခရီးသည် များ၏ ဆွေမျိုးမိသားစုမိတ်ဆွေ များအတွက် လိုအပ်သည့် အ ထောက်အပံ့များနှင့် စောင့်ဆိုင်း ဧရိယာတစ်ခုကို ပြုလုပ်ပေးခဲ့ သည်။
(ဓာတ်ပုံ − အီးပီအေ)
၁၁း၅၀ နာရီ - စင်ကာပူဝန်ကြီး ချုပ် လီရှန်လွန်းက ၎င်း၏ တွစ်တာနှင့် Facebook စာမျက်နှာများမှ တစ်ဆင့် ပျောက်ဆုံးခရီးသည် များ၏ မိသားစုဝင်များကို နှစ်သိမ့် ခဲ့သည်။ အင်ဒိုနီးရှားဆူရာဘာ ယာမှ စင်ကာပူသို့ ပျံသန်းနေ သည့် အဲအေးရှားလေယာဉ်ပျောက်ဆုံးသွားသည့်အကြောင်း သိလိုက်ရ၍ ၀မ်းနည်းကြောင်း၊ အသေး စိတ်အခြေအနေများ မသိရ သေးသော်လည်း အကူအညီ ပေးရန်အတွက် အင်ဒိုနီးရှား အာဏာပိုင်များထံ ကမ်းလှမ်း ထားကြောင်း ဆိုခဲ့သည်။
စိုးရိမ်ပူပန်မှုကို ဖော်ပြရန်နှင့်အကူအညီပေးရန်အတွက် အင်ဒို နီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုထံ တယ် လီဖုန်းခေါ်ဆိုခဲ့ကြောင်း စင်ကာပူ ၀န်ကြီးချုပ် လီရှန်လွန်းက သူ၏ Facebook စာမျက်နှာတွင် ပို့စ် ရေးသားလာသည်။ စင်ကာပူလေ တပ်၏ C-130 ရှာဖွေကယ်ဆယ် ရေးလေယာဉ် နှစ်စီးမှာ အရန်သင့် အနေအထားဖြင့်ရှိနေပြီး ထွက်ခွာရန် အသင့်ပြင်ပြီးပြီဟု ဆိုသည်။ စင်ကာပူဝန်ကြီးများ အနေဖြင့် လည်း ပျောက်ဆုံးနေသော အဲ အေးရှားလေယာဉ်အတွက် အာရုံ စိုက်စောင့်ကြည့်နေကြသည်။
လေယာဉ်သည် လေကြောင်းလမ်းထိန်းချုပ်ကွပ်ကဲသူများနှင့် အဆက်အသွယ်ပြတ်တောက်မ သွားမီ အချိန်အတောအတွင်း လေးမှာပင် ရာသီဥတုအခြေအ နေကြောင့် ပျံသန်းသည့် လမ်း ကြောင်းကို ပြောင်းလဲရန် မေးမြန်းခဲ့သေးသည်။ အဆက်အသွယ် ပြတ်တောက်သွားချိန်က လေ ယာဉ်သည် ကလီမန်တန်နှင့် ဂျာ ဗားကျွန်းများအကြား ဂျာဗားပင် လယ်အပေါ်တွင် ရှိနေခဲ့သည်ဟု အင်ဒိုနီးရှားလေကြောင်း ၀န်ကြီး ဌာနအရာရှိက မီဒီယာများကို ပြောကြားခဲ့သည်။ အဆိုပါနေရာ ရှိ ရာသီဥတုမှာ တိမ်ထူထပ်နေ သည်ဟု ၎င်းက ပြောသည်။
၁၁း၅၄ နာရီ - တိမ်ထူထပ်မှုကို ရှောင်ရှားရန်အတွက် ကောင်းမွန် မှုမရှိသည့် ရာသီဥတုကြားထဲ တိုးဝင်သွားရကြောင်း နောက်ဆုံးရိုက်ယူနိုင်ခဲ့သည့် အချက်ပြမြေပုံများ ကိုထောက်၍ လေကြောင်းလမ်း ထိန်းသိမ်းရေးဌာနနှင့် အဲအေးရှားက ပြောကြားသည်။ ထို့နောက် ကုမ္ပဏီက သတင်းထုတ်ပြန်ရာ လေယာဉ်မှူးသည် ပျံသန်းချိန် ပေါင်း ၆၁၀၀ နာရီရှိထားသည့် ကျွမ်းကျင်လေယာဉ်မှူးတစ်ဦး ဖြစ်ပြီး တွဲဖက်လေယာဉ်မှူးမှာ လည်း ၂၂၇၅ နာရီပျံသန်းချိန်အ တွေ့အကြုံရှိကြောင်း ဖော်ပြခဲ့၏။ထို့အပြင် ပျောက်ဆုံးလေ ယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦး၊လေယာဉ်မှူး နှစ်ဦး၊ ၀န်ထမ်း ငါး ဦး လိုက်ပါသွားကြောင်း အတည် ပြုခဲ့သည်။ ခရီးသည်များအနက် အင်ဒိုနီးရှား ၁၄၉ ဦး၊ ကိုရီးယား သုံးဦးနှင့် စင်ကာပူ၊ ဗြိတိန်၊ မလေးရှား တစ်ဦးစီပါဝင်ကြောင်း ထုတ်ပြန်သည်။
၁၂း၂၁ နာရီ - တရားဝင်အတည် ပြုချက်မရှိသော်လည်း လေယာဉ် သည် အင်ဒိုနီးရှားပိုင်နက်အတွင်း ရှိ Belitung ကျွန်းများပေါ်သို့ ပျက်ကျခဲ့ပြီဖြစ်ကြောင်း ဒေသတွင်းမီဒီ ယာများက ဖော်ပြကြသည်။ ဤအတောအတွင်းမှာပင် လေယာဉ် ၌ လေးနာရီခွဲစာ ပျံသန်းရန်သာ လောင်စာဆီပါသွားသည်ဟု အင် ဒိုးနီးရှားသယ်ယူပို့ဆောင်ရေး ၀န် ကြီးက ပြောကြောင်း တရုတ်သ တင်းဌာန CCTV က ဖော်ပြခဲ့ သည်။ ထိုသို့ပြောချိန်၌ လေယာဉ်ပျောက်ဆုံးနေသည်မှာ ခြောက် နာရီခန့်ပင် ရှိနေပြီဖြစ်၏။ နောက် ဆုံးရသတင်းများအရ QZ8501 ကို နောက်ဆုံးခြေရာခံမိခဲ့သည့် နေရာတွင် သင်္ဘောခြောက်စီးနှင့် ဟယ်လီကော်ပတာနှစ်စီးကို တပ် ဖြန့်ချထားသည်။
၁း၄၄ နာရီ - အဲအေးရှားအမှု ဆောင်အရာရှိချုပ် တိုနီဖာနန် ဒက်စ်က ၎င်းသည် အင်ဒိုနီးရှား ဆူရာဘာယာမြို့သို့ သွားရာလမ်း တွင် ရောက်နေပြီဖြစ်ကြောင်း တွစ်တာ၌ ရေးတင်လိုက်သည်။
လက်ရှိအချိန်တွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို အင်ဒိုနီးရှားလေကြောင်းအာဏာ ပိုင်၏ လမ်းညွှန်မှုအောက်၌ ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်ထားသည်။ အဆက်အ သွယ်ပြတ်တောက်မသွားမီအ ချိန်အထိ လေယာဉ်သည် အင်ဒို နီးရှားလေယာဉ်လမ်း ထိန်းချုပ် ရေးဌာန၏ ထိန်းချုပ်မှုအောက်၌ ရှိနေဆဲ ဖြစ်သည်။ လေယာဉ် သည် လေကြောင်းလမ်းထိန်းချုပ် ကွပ်ကဲသူများနှင့် အဆက်အ သွယ်ပြတ်တောက်မသွားမီ အ ချိန်အတောအတွင်းလေးမှာပင် ရာသီဥတုအခြေအနေကြောင့် ပျံ သန်းသည့်လမ်းကြောင်းကို ပြောင်းလဲရန် မေးမြန်းခဲ့သေးသည်။
စင်ကာပူလေကြောင်းအာ ဏာပိုင်အဖွဲ့၏ အဆိုအရ လေ ယာဉ်သည် အဆက်အသွယ်ပြတ် တောက်ခဲ့ချိန်က အင်ဒိုနီးရှားလေ ကြောင်းအချက်ပြဒေသ အင်ဒိုနီး ရှားလေပိုင်နက်အတွင်း၌ ရှိခဲ့ သည်။ ယင်းနေရာမှာ စင်ကာပူ- ဂျကာတာလေကြောင်းအချက် ပြဒေသ၏ အရှေ့တောင်ဘက် မိုင်ပေါင်း ၂၃၀ ကျော်တွင် ဖြစ်သည်။ စင်ကာပူလေကြောင်းအာဏာ ပိုင်အဖွဲ့က စီမံခန့်ခွဲသော စင်ကာ ပူကယ်ဆယ်ရေးပူးပေါင်းစင်တာ နှင့် နိုင်ငံ၏ လေတပ်ရေတပ်တို့ မှာ အင်ဒိုနီးရှားအာဏာပိုင်အဖွဲ့ ကို အကူအညီပေးရန် အသင့်ရှိ နေကြောင်း အစောပိုင်းက ထုတ် ပြန်ခဲ့သည်။
အဲအေးရှားအင်ဒိုနီးရှားလေ ယာဉ် QZ8501 ရှာဖွေကယ်ဆယ် ရေးအတွက် စင်ကာပူ၏ အကူအ ညီကမ်းလှမ်းမှုကို အင်ဒိုနီးရှားက လက်ခံလိုက်ပြီဖြစ်ကြောင်း သ တင်းများအရ သိရသည်။ အိန္ဒိယ ကလည်း ပျောက်ဆုံးလေယာဉ်ရှာ ဖွေရေးအတွက် အကူအညီပေး ရန် ကမ်းလှမ်းထားသည်ဟု ဘီဘီ စီက တင်ပြခဲ့၏။
အိမ်ဖြူတော် ကလည်း ပျောက်ဆုံးလေယာဉ် ပတ်ဝန်း ကျင်အခြေအနေကို စောင့်ကြည့် စစ်ဆေးနေကြောင်း အမေရိကန် သမ္မတ ဘာရက်အိုဘားမားက လည်း ဤအရေးအတွက် ညွှန် ကြားထားပြီးဖြစ်ကြောင်း ပြော ကြားသည်။
မလေးရှားဝန်ကြီးချုပ် နာ ဂျစ်ရာဇက်ကလည်း ပျောက်ဆုံး အဲအေးရှားလေယာဉ်ရှာဖွေကယ် ဆယ်ရေးအတွက် မလေးရှားက ကူညီလိုကြောင်း မက်ဆေ့ခ်ျတစ် စောင်ကို တွစ်တာ၌ ရေးသားခဲ့ သည်။ မလေးရှားအစိုးရအနေဖြင့် ကယ်ဆယ်ရေးပူးပေါင်းစင်တာ တစ်ခုကို တည်ထောင်ထားပြီး ရှာ ဖွေရေးတွင် ကူညီရန်လိုအပ်သည် များကို တပ်ဖြန့်ချထားပြီးဖြစ် ကြောင်း မလေးရှားသယ်ယူပို့ ဆောင်ရေးဝန်ကြီး Liow Tiong Lai က တွစ်တာတွင် ပြောသည်။
လူ ၁၆၂ ဦးပါ အဲအေးရှား လေယာဉ်လက်ရှိပျောက်ဆုံးနေ မှုသည် မလေးရှားလေကြောင်း လိုင်းပိုင် MH370 ပျောက်ဆုံးပြီး နောက် ဆယ်လနီးပါးအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း ဒုတိယအ ကြိမ်မြောက် လေယာဉ်ပျောက် ဆုံးမှုကြီးဖြစ်သကဲ့သို့ အရှေ့တောင် အာရှဒေသအတွင်း လေကြောင်း လိုင်းများအနေဖြင့် တတိယအ ကြိမ် လေယာဉ်မတော်တဆမှု ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းပိုင် MH370 လေယာဉ်မှာ
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပြတ်ကျခဲ့ပြီဟု သက်ဆိုင်ရာ အာဏာပိုင်အရာရှိများက ပြော ကြားခဲ့သော်လည်း ရှာဖွေသူများ မှာ ယခုထိ MH370 ၏ အပျက် အစီးအစအနကို တွေ့ရှိမှုမရှိ သေးပေ။ ခရီးသည် ၂၃၉ ဦး လိုက်ပါသွားသော ယင်းလေ ယာဉ်မှာ မလေးရှား၊ ကွာလာလမ် ပူမှ တရုတ် ဘေဂျင်းသို့ ပျံသန်းနေစဉ် မြေပြင်နှင့် အဆက်အသွယ် ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ ခြင်း ဖြစ်သည်။
မလေးရှားအခြေစိုက် အဲ အေးရှားသည် စားရိတ်ခြွေတာ လေကြောင်းလိုင်းတစ်ခုအဖြစ် ဒေသတွင်း၌ ကျော်ကြားသည့် လေကြောင်းလိုင်းတစ်ခု ဖြစ် သည်။ အာရှနိုင်ငံအများအပြား တွင် အဖွဲ့ဝင်ကုမ္ပဏီများနှင့် ပျံ သန်းသည့် လေဆိပ် ၁၀၀ ခန့်ရှိ သည်။ ပျောက်ဆုံးနေသည့် လေ ယာဉ်မှာ အဲအေးရှား အင်ဒိုနီးရှား ဖြစ်ပြီး ယင်း၏ အစုရှယ်ယာ ၄၈ ဒသမ၉ ရာခိုင်နှုန်းကို မလေးရှား ကုမ္ပဏီက ပိုင်ဆိုင်ထားသည်။
အဲအေးရှားသည် လုံခြုံစိတ် ချရသည့်နေရာတွင် ဂုဏ်သတင်း အလွန်ကောင်းကြောင်း CNN ၏ လေကြောင်းဆိုင်ရာ သတင်း ထောက် ရစ်ချတ်ကွတ်စ်က ပြော သည်။ ပျောက်ဆုံးလေယာဉ် QZ8501 မှာ ခြောက်နှစ်သက် တမ်းရှိပြီဖြစ်သော လေယာဉ်ဖြစ် သည်။ မောင်းနှင်သွားသည့် လေ ယာဉ်မှူးသည် ပျံသန်းချိန်ပေါင်း ၆၁၀၀ နာရီရှိထားသည့် ကျွမ်း ကျင်လေယာဉ်မှူးတစ်ဦးဖြစ်ပြီး တွဲဖက်လေယာဉ်မှူးမှာလည်း ၂၂၇၅ နာရီပျံသန်းချိန် အတွေ့အ ကြုံရှိသည်။ လေယာဉ်ကို နိုဝင် ဘာ ၁၆ ရက်က နောက်ဆုံးထိန်း သိမ်းမွမ်းမံမှုပြုခဲ့သည်။
ပျောက်ဆုံးအဲအေးရှားလေ ယာဉ်ကို ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်ပြီး ဒီဇင်ဘာ ၂၉ နံနက်တွင် ပြန်လည်ဆောင်ရွက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားက ပြောကြားလိုက် သည်။
တနင်္ဂနွေ နံနက်က လူပေါင်း ၁၆၂ ဦးလိုက်ပါသွားသည့် QZ8501 လေယာဉ်မြေပြင်ရှိ လေကြောင်းလမ်း ထိန်းသိမ်းရေးဌာန နှင့် အဆက်အသွယ်ပြတ်တောက် သွားပြီး ပျောက်ဆုံးနေခဲ့သည့် နောက် အာဏာပိုင်များက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းကို ဆောင်ရွက်နေခဲ့သည်။
ရှာဖွေရေးကို အင်ဒိုနီးရှားက ဦးဆောင်ခဲ့ပြီး စင်ကာပူနှင့် မလေး ရှားတို့က အကူအညီများပေးခဲ့ကြ ၏။ သို့သော် ဂျာဗားပင်လယ်ပြင် ပေါ်တွင် ရာသီဥတုဆိုးရွားမှု ကြောင့် ရှာဖွေရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရပြီး လတ်တလော တွင် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။အင်ဒိုနီးရှားစစ်တပ်မှ လေ ယာဉ်များ၊ စစ်သင်္ဘောများနှင့် ဟယ်လီကော်ပတာတစ်စီးကို ပျောက်ဆုံးလေယာဉ်နောက်ဆုံး ခြေရာခံမိခဲ့သည့်နေရာ၌ တပ်ဖြန့် ချထားသည်။
မလေးရှားက ရေယာဉ်သုံး စီးနှင့် လေယာဉ်သုံးစီးပို့လွှတ်ခဲ့ပြီး စင်ကာပူက စစ်သုံးသယ်ယူပို့ ဆောင်ရေး လေယာဉ်တစ်စီးပေး ပို့ထားသည်။
အင်ဒိုနီးရှားစစ်တပ်၊ အင်ဒို နီးရှား၏ အမျိုးသားရှာဖွေကယ် ဆယ်ရေးအေဂျင်စီ (ဘဆာနက်စ်)နှင့် အမျိုးသားရဲတပ်ဖွဲ့တို့ ပါဝင် နေသည့် ရှာဖွေရေးလုပ်ငန်းကို အင်ဒိုနီးရှားဒုသမ္မတ Jusuf Kalla က လတ်တလောတွင် ဦးဆောင် နေသည်။
ငြိမ်းငြိမ်းပြည့် စုစည်းတင်ပြသည်။ 
http://7daydaily.com/story/28101
အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော လေယာဉ်တစ်စီး ပျောက်ဆုံးနေ
Update >>>
နောက်ဆုံးရသတင်းများအရ ၊ QZ8501 ကို နောက်ဆုံးခြေရာခံမိခဲ့သည့် နေရာတွင် သင်္ဘောခြောက်စီးနှင့် ဟယ်လီကော်ပတာ နှစ်စီးကို တပ်ဖြန့်ချထားသည်။
အဲရ်အေးရှ လေယာဉ် QZ8501 ပျောက်ဆုံးနေသည်မှာ ယခုဆိုလျှင် ၉ နာရီဝန်းကျင် ကြာမြင့်လာခဲ့ပြီဖြစ်သည်။ လေယာဉ်တွင် ၄ နာရီခွဲစာ ပျံသန်းရန်သာ လောင်စာဆီပါသွားသည်ဟု အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးကပြောကြောင်း တရုတ်သတင်းဌာန CCTV က ဖော်ပြခဲ့သည်။
အိမ်ဖြူတော်ကလည်း ပျောက်ဆုံးလေယာဉ် ပတ်ဝန်းကျင်အခြေအနေကို စောင့်ကြည့်စစ်ဆေးနေကြောင်း၊ အမေရိကန်သမ္မတ ဘာရက် အိုဘားမားကလည်း ဤအရေးအတွက် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားသည်။
မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်ကလည်း ပျောက်ဆုံးအဲရ်အေးရှလေယာဉ် ရှာဖွေကယ်ဆယ်ရေးအတွက် မလေးရှားက ကူညီလိုကြောင်း မက်ဆေ့ဂ်ျတစ်စောင်ကို တွစ်တာ၌ ရေးသားခဲ့သည်။ မလေးရှားအစိုးရအနေဖြင့် ကယ်ဆယ်ရေးပူးပေါင်းစင်တာတစ်ခုကို တည်ထောင်ထားပြီး ရှာဖွေရေးကို ကူညီရန်လိုအပ်သည်များကို တပ်ဖြန့်ချထားပြီးဖြစ်ကြောင်း မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး Liow Tiong Lai ကလည်း တွစ်တာတွင် ပြောခဲ့၏။
စင်္ကာပူ လေကြောင်းအာဏာပိုင်အဖွဲ့၏ အဆိုအရ လေယာဉ်သည် အဆက်အသွယ်ပြတ်တောက်ခဲ့ခ်ျိန်က အင်ဒိုနီးရှား လေကြောင်းအချက်ပြဒေသ အင်ဒိုနီးရှားလေပိုင်နက်အတွင်း၌ ရှိခဲ့သည်။ ယင်းနေရာမှာ စင်္ကာပူ-ဂျာကာတာ လေကြောင်းအချက်ပြဒေသ၏ အရှေ့တောင်ဘက် မိုင်ပေါင်း ၂၃၀ ကျော်တွင် ဖြစ်သည်။ စင်္ကာပူလေကြောင်းအာဏာပိုင်အဖွဲ့က စီမံခန့်ခွဲသော စင်္ကာပူ ကယ်ဆယ်ရေးပူးပေါင်းစင်တာ နှင့် နိုင်ငံ၏ လေတပ်၊ ရေတပ်တို့မှာ အင်ဒိုနီးရှားအာဏာပိုင်အဖွဲ့ကို အကူအညီပေးရန် အသင့်ရှိနေကြောင်း အစောပိုင်းက ထုတ်ပြန်ခဲ့သည်။
အဲရ်အေးရှ အင်ဒိုနီးရှားလေယာဉ် QZ8501 ရှာဖွေကယ်ဆယ်ရေးအတွက် စင်္ကာပူ၏အကူအညီကမ်းလှမ်းမှုကို အင်ဒိုနီးရှားက လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။ အိန္ဒိယကလည်း ပျောက်ဆုံးလေယာဉ်ရှာဖွေရေးအတွက် အကူအညီပေးရန် ကမ်းလှမ်းထားသည်သည်ဟု ဘီဘီစီက တင်ပြခဲ့၏။
----
အဲရ်အေးရှ အမှုဆောင်အရာရှိချုပ် တိုနီ ဖာနန်ဒက်စ်က ၎င်းသည် အင်ဒိုနီးရှား ဆူရာဘာယာမြို့သို့ သွားရာလမ်းတွင် ရောက်နေပြီဖြစ်ကြောင်း တွစ်တာ၌ ရေးတင်လိုက်သည်။ ခရီးသည်အများစုနှင့် ပျောက်ဆုံးလေယာဉ် QZ8501 တို့မှာ ယင်းနေရာမှဖြစ်ကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
အဲရ်အေးရှ လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာယာမှ စင်္ကာပူသို့ ပျံသန်းနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ စင်္ကာပူလေဆိပ်သို့ ယနေ့မနက် ၈နာရီခွဲတွင် ဆိုက်ရောက်ရမည့် ခရီးစဉ်ဖြစ်ပြီး မနက် ၇ နာရီ ၅၄ မိနစ်တွင် ဂျာကာတာလေကြောင်းထိန်းသိမ်းရေးစခန်းနှင့် လေယာဉ်ကြား အဆက်အသွယ် ပြတ်တောက်ခဲ့သည်။
Update >>> အဲအေးရှလေယာဉ်အဆက်သွယ်ပြတ်နေဆဲ
ပျောက်ဆုံး အဲရ်အေးရှလေယာဉ်ကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီ ဖြစ်သည်။ လေယာဉ်သည် လေကြောင်းလမ်းထိန်းချုပ်ကွပ်ကဲသူများနှင့် အဆက်အသွယ်ပြတ်တောက်မသွားခင် အချိန်အတောအတွင်းလေးမှာပင် ရာသီဥတုအခြေအနေကြောင့် ပျံသန်းသည့်လမ်းကြောင်းကို ပြောင်းလဲရန် မေးမြန်းခဲ့သေးသည်။ အဆက်အသွယ်ပြတ်တောက်သွားချိန်က လေယာဉ်သည် ကလီမန်တန်နှင့် ဂျာဗားကျွန်းများအကြား ဂျာဗားပင်လယ်အပေါ်တွင် ရှိနေခဲ့သည်ဟု အင်ဒိုနီးရှားလေကြောင်း ဝန်ကြီးဌာန အရာရှိက မီဒီယာများကို ပြောကြားခဲ့သည်။ အဆိုပါနေရာရှိ ရာသီဥတုမှာ တိမ်ထူထပ်နေသည်ဟု ၎င်းက ဆိုသည်။
ပျောက်ဆုံးနေသော အဲအေးရှ လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် လေယာဉ်မောင်း ၂ ဦး၊ ဝန်ထမ်း ၅ ဦးနှင့် ခရီးသည် ၁၅၅ ဦး လိုက်ပါသွားသည်။ ခရီးသည်များအနက် လူကြီး ၁၃၈ ဦး၊ ကလေး ၁၆ ဦး နှင့် ရင်ခွင်ပိုက်ကလေးငယ် ၁ ဦးတို့ ပါဝင်နေသည်။
လေယာဉ်ပေါ်ပါသွားသူများမှာ စင်္ကာပူနိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ ပြင်သစ် ၁ ဦး၊ တောင်ကိုရီးယား ၃ ဦးနှင့် အင်ဒိုနီးရှား ၁၅၆ ဦး ဖြစ်ကြောင်း လေကြောင်းလိုင်းက သတင်းထုတ်ပြန်သည်။
အဲအေးရှအနေဖြင့် ၎င်း၏ Facebook စာမျက်နှာအပါအဝင် အွန်လိုင်းစာမျက်နှာများရှိ profile ရုပ်ပုံများကို ၎င်းတို့မူပိုင် အနီရောင်အမှတ်တံဆိပ်တင်ထားရာမှနေ၍ မီးခိုးရောင်ပုံများသို့ ပြောင်းလဲလိုက်သည်။
လက်ရှိအချိန်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အင်ဒိုနီးရှား လေကြောင်းအာဏာပိုင်၏ လမ်းညွှန်မှုအောက်တွင် ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆက်အသွယ် ပြတ်တောက်မသွားခင်အချိန်အထိ လေယာဉ်သည် အင်ဒိုနီးရှား လေကြောင်းလမ်း ထိန်းချုပ်ရေးဌာန၏ ထိန်းချုပ်မှုအောက်၌ ရှိနေဆဲဖြစ်သည်။
လေယာဉ်သည် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း ပျံသန်းနေခဲ့ပြီး ရာသီဥတုအခြေအနေကြောင့် လမ်းကြောင်းပြောင်းလဲရန် အကြောင်းကြားတောင်းခံခဲ့သေးကြောင်း သိရသည်။ CNN သတင်းဌာန၏ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒါရက် ဗန် ဒမ် က ရာသီဥတုဆိုးရွားမှုသည် လေယာဉ်ပျောက်ဆုံးမှု၏ အကြောင်းရင်းဖြစ်ကြောင်း ပြောကြားလိုက်သည်။
စိုးရိမ်ပူပန်မှုကိုဖော်ပြရန်နှင့် အကူအညီပေးရန်အတွက် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုထံ တယ်လီဖုန်းခေါ်ဆိုခဲ့ကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းက သူ၏ Facebook စာမျက်နှာတွင် ပို့စ်ရေးသားလာသည်။ စင်္ကာပူလေတပ်၏ C-130 ရှာဖွေကယ်ဆယ်ရေး လေယာဉ် ၂ စီး မှာ အရန်သင့်အနေအထားဖြင့် ရှိနေပြီး ထွက်ခွာရန် အသင့်ပြင်ပြီးပြီဟု ဆိုသည်။ စင်္ကာပူဝန်ကြီးများအနေဖြင့်လည်း ပျောက်ဆုံးနေသော အဲအေးရှ လေယာဉ်အတွက် အာရုံစိုက်စောင့်ကြည့်နေကြသည်။
ကနဦးကလည်း မစ္စတာလီသည် အင်ဒိုနီးရှား ဆူရာဘာယာ မှ စင်္ကာပူသို့ ပျံသန်းနေသည့် အဲအေးရှ လေယာဉ် ပျောက်ဆုံးသွားသည့်အကြောင်း သိလိုက်ရ၍ ဝမ်းနည်းကြောင်း Facebook စတေးတပ်တစ်ခု ရေးသားခဲ့သည်။ အသေးစိတ်အခြေအနေ အများအပြား မသိရသေးသော်လည်း အကူအညီပေးရန်အတွက် အင်ဒိုနီးရှားအာဏာပိုင်များထံ ကမ်းလှမ်းထားသည်ဟု ဆိုခဲ့သည်။
ပျောက်ဆုံးသွားသော အဲရ်အေးရှ လေယာဉ်ပေါ်ပါ ခရီးသည်များ၏ ဆွေမျိုးများနှင့် မိတ်ဆွေသူငယ်ချင်းများအတွက် စောင့်ဆိုင်းဧရိယာ၊ လိုအပ်သော ပစ္စည်းပစ္စယအထောက်အပံ့များကို ချန်ဂီလေဆိပ်၌ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း စင်္ကာပူလေကြောင်းအာဏာပိုင်က ယနေ့နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။ မိခင်နှင့်အစ်ကိုအပါအဝင် မိသားစုဝင် ခုနစ်ဦး လေယာဉ်ပေါ်၌ ပါသွားသည့် အမျိုးသမီးတစ်ဦးကို ချန်ဂီ crisis center ၌ တွေ့ရသည်ဟု ဆစ်ဒနီမောနင်းဟားရဲလ်ဒ်က ဖော်ပြထားသည်။
Background
လူ ၁၆၂ ဦးပါ အဲအေးရှလေယာဉ် လက်ရှိပျောက်ဆုံးနေမှုသည် မလေးရှားလေကြောင်းလိုင်းပိုင် MH370 ပျောက်ဆုံးပြိးနောက် ဆယ်လနီးပါးအကြာတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် လေယာဉ်ပျောက်ဆုံးမှုကြီး ဖြစ်သလို အရှေ့တောင်အာရှဒေသတွင်း လေကြောင်းလိုင်းများအနေဖြင့် တတိယအကြိမ် လေယာဉ်မတော်တဆမှုပင်။
ပြီးခဲ့သည့် မတ်လ ၈ ရက်က ပျောက်ဆုံးသွားခဲ့သည့် မလေးရှားလေကြောင်းလိုင်းပိုင် MH370 လေယာဉ်မှာ အန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတွင် ပျတ်ကျခဲ့ပြီဟု သက်ဆိုင်ရာအာဏာပိုင်အရာရှိများက ပြောကြားခဲ့သော်လည်း ရှာဖွေသူများမှာ ယခုထိ MH370၏ အပျက်အစီးအစအနကို တွေ့ရှိမှု မရှိသေးပေ။ ခရီးသည် ၂၃၉ ဦး လိုက်ပါသွားသော ယင်းလေယာဉ်မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းသို့ ပျံသန်းနေစဉ် မြေပြင်နှင့် အဆက်အသွယ်ပြတ်တောက်ကာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော လေယာဉ်တစ်စီး ပျောက်ဆုံးနေ အင်ဒိုနီးရှားမှ စင်ကာပူသို့ ပျံသန်းထွက်ခွာလာသော Air Asia မှ လေယာဉ်တစ်စီးသည် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
Air Asia လေကြောင်းလိုင်းပိုင် Airbus A320-200 အမျိုးအစား လေယာဉ် အမှတ် QZ8501 သည် အင်ဒိုနီးရှားနိုင်ငံ ဆူရာဘာရာမှ စင်ကာပူသို့ ယနေ့နံနက် ၅ နာရီ၂၀ မိနစ်တွင် ပျံသန်းထွက်ခွာသွားပြီးနောက် နံနက် ၇နာရီ ၂၄ မိနစ်မှ စကာ အဆက်အသွယ် ပြတ်တောက်သွားကြောင်း လေကြောင်းလိုင်းမှ အတည်ပြု ပြောကြားသည်။
လေယာဉ်ပေါ်တွင် ခရီးသည် ၁၅၅ ဦး အပါအ၀င် စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားသည်။ လေကြောင်းလိုင်းမှ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီလည်း ဖြစ်သည်။
"လက်ရှိအချိန်ထိ ခရီးသည်တွေဆီကရော၊ လေယာဉ်ပေါ်က ၀န်ထမ်းတွေဆီကပါ ဘာအဆက်အသွယ်ကိုမှ မရရှိသေးပါဘူး။ သတင်းအချက်အလက်တွေ ရရှိလာတဲ့အခါ အကြောင်းကြားပါ့မယ် " ဟု လေကြောင်းလိုင်းက သတင်းထုတ်ပြန်ထားသည်။
_Ref: Channelnewsasia
http://7daydaily.com/story/28086
December 11, 2014
တရုတ်နိုင်ငံ၏ ဆန်ဖမ်းဆီးမှု သတင်းများကြောင့် မူဆယ် ဆန်ဈေးကွက် အရောင်းအဝယ် ပါးလာ
ပြီးခဲ့သည့် လပိုင်းအတွင်း ပြည်တွင်း စပါးသစ် ပေါ်ချိန်တွင် တရုတ်နိုင်ငံမှ ဆန်ကုန်သည်များ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှု သိသာစွာ ကောင်းမွန် ခဲ့သော်လည်း ယခုလအတွင်း
တရုတ်အာဏာပိုင်များက   တရားမဝင် ဆန်များကို   လိုက်လံဖမ်းဆီး အရေးယူ မည် ဆိုသည့် သတင်းများကြောင့်  မူဆယ် ဆန်ဈေးကွက် အရောင်းအဝယ် ပါးလာခဲ့ကြောင်း   မူဆယ် ဆန်ကုန်သည်များ ထံမှ သိရသည်။
မြန်မာနိုင်ငံ   ဆန်စပါး အသင်းချုပ် တာဝန်ရှိသူများအား တရုတ်နိုင်ငံ အစိုးရမှ  မိမိတို့နိုင်ငံ အတွင်းသို့  တရားမဝင် လမ်းကြောင်းမှ ဆန်ဝင်ရောက်နေမှုကို အရေးယူ သွားမည်ဟု  ကြိုတင် သတိပေးထားကြောင်း သိရသည်။
တရုတ် အစိုးရသည် တရားမဝင် လမ်းကြောင်းမှ ဆန်ပမာဏ များပြားစွာ ဝင်ရောက်လာပါက တရုတ် အကောက်ခွန် ဌာနမှ စီမံချက်ဖြင့် ဖမ်းဆီးဖွယ် ရှိကြောင်း လေ့လာ သိရှိထားသူများက ပြောသည်။
အဆိုပါ သတင်းများနှင့် အတူ မူဆယ် ဆန်ဈေးကွက်မှာ   ဒီဇင်ဘာလအတွင်း   ရောင်းလိုအား တဖြည်းဖြည်း နည်းစပြု လာကြောင်း သိရသည်။
''အခုလက်ရှိမှာတော့ မူဆယ် ဆန်ဈေးကွက်က အရောင်းအဝယ် ပါးလျက် ရှိပါတယ်။  အဖမ်းအဆီးနဲ့ ပတ်သက်တဲ့ သတင်းကလည်း  ကြားနေရသလို တရုတ်ဝယ်လက်တွေ လက်ထဲမှာလည်း  ဆန်တော်တော်များများ ဝယ်ထားပြီးပါပြီ။  လက်ရှိမှာတော့ မြန်မာ ဆန်ကုန်သည် တွေလည်း  တရုတ်ကုန်သည်တွေဆီကို ဆန်အကြွေး တော်တော် များများ ရောင်းထား ရလို့ ငွေမြုပ် နေပါတယ်။ ဒီဇင်ဘာလမှာ အဖမ်းအဆီး များမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒီရက်ပိုင်း မှာတော့ သတိထားပြီး အရောင်းအဝယ် လုပ်ရတဲ့  သဘောရှိပါတယ်'' ဟု မန္တလေးမြို့မှ ဆန်ကုန်သည် တစ်ဦးက ပြောသည်။
နိုဝင်ဘာလတွင် မူဆယ် ဆန်ဈေးကွက်မှာ ရောင်းအား ကောင်းမွန်ခဲ့ပြီး မှော်ဘီ၊ ရတနာတိုး၊ သုခနှင့် ဆန်ကွဲများ အဝယ် လိုက်ခဲ့ကြောင်း သိရသည်။
''နိုဝင်ဘာလထဲမှာ တရုတ်ကုန်သည် တွေက  တရုတ်နိုင်ငံရဲ့  ဆန်လိုအပ်ချက် အရ ဆန်အဝယ် တော်တော် လိုက်ခဲ့ပါတယ်။ လက်ရှိ အနေအထားအရ တရုတ်ကို မြန်မာဆန် ရောင်းချမှုက  တရုတ်ဘက်မှာ  တရားမဝင် ဖြစ်တဲ့အတွက် လုပ်ငန်း လုပ်ဆောင်တဲ့ အခါမှာ တော်တော်လေးသတိထားရ ပါတယ်။တရားမဝင်ဈေးကွက်တစ်ခုကို ယုံကြည်မှုလွန်ကဲပြီး  တင်ပို့ရောင်း ချမှုမှာ လက်ငင်း ငွေချေစနစ်မဟုတ်တဲ့အတွက် သတိပိုထားရပါတယ်'' ဟု မူဆယ်ဆန် ကုန်စည်ဒိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
http://myawady.net.mm/business/item/56387-2014-12-11-14-16-11
မှတ်ပုံမတင်ဘဲ ရောင်းသည့် တယ်လီနော ဆင်းမ်ကတ်များ ကတ်ပျောက်ပါက ပြန်လျှောက်၍မရနိုင်
မှတ်ပုံတင် စာရင်းသွင်းရန် မလိုဘဲရောင်းချနေသည့် တယ်လီနော ဆင်းမ်ကတ်များ ကတ်ပျောက်၊ ကတ်ပျက်ပါက အသစ်ပြန် လည်လျှောက်ထားနိုင်မည် မဟုတ်ဟု တယ်လီနောမြန်မာ ၏ ပြန်ကြားရေးအရာရှိ ကိုစိုးသူထွန်း က ပြောကြားလိုက်သည်။
Sim
ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းပေါ်တွင် Telenor ဆင်းမ်ကတ်များအား လမ်းဘေး၌ ရောင်းချနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ကိုစိုးသူထွန်းက "အပြင်မှာ ချရောင်းနေတဲ့ကတ်တွေက မှတ်ပုံမတင်ဘဲ ရောင်းနေတာဆိုရင် မဝယ်သင့်ဘူး။ ကတ်ပျောက်၊ ကတ်ပျက်တဲ့ အခါ အသစ်ပြန်လျှောက်လို့ မရနိုင်ဘူး။ ကတ်ထဲမှာပါသွားတဲ့ ပိုက်ဆံလည်း ပြန်မရနိုင်ဘူး။ မှတ်ပုံ မတင်ထားဘူးဆိုရင် အခြား ဝန်ဆောင်မှုတွေ လည်း မရနိုင်ဘူး" ဟု ဆိုသည်။
တယ်လီနောအရောင်းဆိုင်များတွင် ဆင်းမ်ကတ်များကို ငွေဖြည့်ကတ်နှင့် တွဲဖက်ရောင်းချပြီး ဆင်းမ်ကတ်တန်ဖိုး ကျပ် ၁၅၀၀ ဖြင့်သာ ရောင်း ချသည်။ ပြင်ပဈေးကွက်တွင် ငွေဖြည့်ကတ်မပါ ကျပ် ၄၀၀၀ ခန့်ဖြင့်ရောင်းချနေပြီး ယင်းဆင်းမ်ကတ်များကို မှတ်ပုံတင် စာရင်းသွင်းပေးခြင်း မရှိဘဲ ရောင်းချခြင်း ဖြစ်သည်။
မှတ်ပုံတင်ရန် မလိုသည့် ပြင်ပဆိုင်များတွင် ဆင်းမ်ကတ် ဝယ်ယူမှု ပိုမိုများပြားပြီး အခြားဆောင်ရွက်ရန် မလိုဘဲ ကတ်အဆင်သင့်ရနိုင်သဖြင့်
ဝယ်ယူမှု ပိုများခြင်းဖြစ်နိုင်သည်ဟု ပန်းဆိုးတန်း တစ်ဝိုက်တွင် ဗန်းဖြင့် ဆင်းမ်ကတ် ချရောင်းနေသူများက ဆိုသည်။
ဆင်းမ်ကတ် ရောင်းချသူတစ်ဦးက "ဒီမှာ ရောင်းတဲ့ပုံစံက ပိုက်ဆံပေး ကတ်ယူသွားဒါပဲ။ တခြားလုပ်စရာ ဘာ မှမလိုဘူး။ တစ်နေ့ ကတ် ၂၀ ကနေ ၄၀ ကြားရောင်းရပါတယ်။ ဈေးကတော့ ၄၀၀၀ ၀န်းကျင် လောက်နဲ့ ရောင်းကြတယ်။ ဒီတစ်ဝိုက်မှာတင် တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး" ဟု ဆိုသည်။
ဖုန်းအသုံးပြုသူတစ်ဦးက "ကျွန်တော်တော့ မှတ်ပုံတင်ဖို့မလိုဘဲ ရောင်းနေတာတွေကို ၀ယ်ဖို့ မစဉ်းစားဘူး။ ကတ်ပျောက်သွားရင် ပြန်မရနိုင် တာရော၊ ၁၅၀၀ တန်ပစ္စည်းကို ဈေးပို မပေးချင်တာရောကြောင့်ပါ။ ကတ်ပျောက် ကတ်ပျက်လို့ ပြန်လျှောက်လို့မရရင် နံပါတ်အသစ် ဖြစ်သွား မှာဆိုတော့ ဆက်သွယ်ရ ခက်သွားမယ်" ဟု ၎င်း၏ အမြင်ကို ပြောသည်။
တယ်လီနောမြန်မာ၏ ဆင်းမ်ကတ်များကို ချထားပေးမည့် နေရာ၏ ကွန်ရက်လွှမ်းခြုံမှုပမာနအလိုက် ချထားပေး နေသည်ဟု ကိုစိုးသူထွန်း က ပြောသည်။
၎င်းက " ကွန်ရက် လွှမ်းခြုံနိုင်မှု အခြေအနေအပေါ်မူတည်ပြီး ချပေးနေပါတယ်။ ကိုယ်စားလှယ်ဆိုင်တွေကို လည်း ချထားပေးထားပါတယ်" ဟု ဆိုသည်။
တယ်လီနောမြန်မာက စက်တင်ဘာလတွင် စတင်ဝန်ဆောင်မှု ပေးခဲ့ပြီး နိုဝင်ဘာလ အထိတွင် ဆင်းမ်ကတ် ၂ သန်းကျော် ချထားပေးပြီး ဖြစ်ပြီး ရန်ကုန် အတွက် တာဝါတိုင် ၃၄၈ တိုင် စိုက်ထူထားသည်ဟု ကိုစိုးသူထွန်းက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2014-09-12-10-43-43/item/34516-2014-12-11-05-48-42
စင်ကာပူ လုပ်ငန်းစု တစ်ခုက ပဲခူး၌ စက်မှု ဥယျာဉ်မြို့တော်တစ်ခု ထူထောင်နေ
ပဲခူး   ဒီဇင်ဘာ   ၁ဝ
စင်ကာပူ ထိပ်တန်း မြို့ပြအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစု တစ်ခုဖြစ်သော Surbana International သည် ပဲခူးမြို့အနီး၌ i-Land Industrial Park ကို ၂ဝ၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပထမအဆင့် စတင်ပြီးစီးရန် စီစဉ် နေကြောင်း သိရသည်။
Surbana သည် ရန်ကုန်မြို့မှ ရေချို ငါးပြတိုက်ကို အသစ် ပြန်လည်တည် ဆောက်ခွင့် ရသည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး အခြားသော လုပ်ငန်းများလည်း ရှိကြောင်း သိရသည်။ ''ပဲခူးတိုင်း ဒေသကြီး တစ်ခုလုံး အတွက် ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အလားအလာကောင်းတွေ ဖြစ်လာအောင် ဒီစီမံကိန်း ကိုရေးဆွဲတာပါ။ ကျွန်တော်တို့မှာ ရန်ကုန်မှာတင် စီမံကိန်းတွေ အများကြီး ရှိနေပါတယ်။ မကြာမီ ဖြစ်ပေါ် လာမယ့် Polo Club Residences ဆိုတာလည်း ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့က ဒီမှာ လုပ်ငန်းမျိုးစုံမှာ ဝင်ရောက် လုပ်ဖို့ ပြင်ဆင် ထားပါတယ်'' ဟု Mr.Gareth Wong က ပြောသည်။ ပဲခူးတွင် ၎င်းတို့ ဖော်ဆောင်မည့် i-Land Industrial Park သည် ဧက ၄ဝဝ ခန့်ရှိပြီး ယင်း စီမံကိန်း အတွင်း၌ ကုန်းတွင်း ဆိပ်ကမ်း တစ်ခု၊ စူပါမားကက် တစ်ခု၊ ဟိုတယ်၊ တည်းခိုခန်းများနှင့် စက်ရုံ၊ အလုပ်ရုံ အပါအဝင် စက်မှု ဥယျာဉ်မြို့တော် တစ်ခုနှင့် အညီ ဖော်ဆောင်မည် ဖြစ်သည်။ Surbana အနေဖြင့် မြန်မာနိုင်ငံမှ နာမည်ကြီး ရွှေတောင် လုပ်ငန်းစု၏ Junction Square ကို ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှု လုပ်ခွင့် ရထားသော လုပ်ငန်းစု တစ်ခုဖြစ်ကြောင်း သိရသည်။
http://myawady.net.mm/allnews/localnews/item/56322-2014-12-11-09-38-31
ခရီးသည် စိတ်တိုင်းကျ ယာဉ်စီးခ ပေးစီးနိုင်မည့် Air-Con ဘတ်စ်များ ပြေးဆွဲမည်
ခရီးသွားပြည်သူများ စိတ်တိုင်းကျ ယာဉ်စီးခ ပေးစီးနိုင်မည့် Air-Con ယာဉ်များကို တညင်းကုန်း မှတ်တိုင်မှ ဆူးလေ (မြို့တော်ခန်းမဘေး) မှတ်တိုင်အထိ ပြေးဆွဲလျက်ရှိသော ၄၅ ခရီးသည်တင်ယာဉ်တွင် တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း Air-Con ခရီးသယ်တင်ယာဉ် ပိုင်ရှင် ဦးတရုတ်လေးက The Voice သို့ ပြောကြားသည်။
“ကျွန်တော်တို့က ယာဉ်စီးခ မသတ်မှတ်ဘူး။ စပယ်ယာက ဘယ်လောက်ပေးစီးပါလို့ မပြောဘူး။ အဲဒီကားထဲမှာ စာကပ်ထားမယ်။ “ဝန်ဆောင်မှုကိုကြည့်၍ ခရီးသည်စိတ်ကြိုက် ယာဉ်စီးခ ပေးစီးပါ” ဆိုပြီး ချိတ်ထားပေးပါမယ်” ဟု ဦးတရုတ်လေးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးယာဉ်လိုင်းများကို ယခင်က လူပိုတင်ခြင်း မပြုဟု ဆိုခဲ့ရာတွင် အထူးယာဉ်လိုင်းများမှ လူပိုများ တင်ဆောင်ခြင်းကြောင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ အထူးမော်တော်ယာဉ်များ ထပ်တိုးပြေးဆွဲခွင့် မပြုသည့်အတွက် ၄၅ ယာဉ်လိုင်း အတွင်းသို့ ဝင်ရောက်ပြေးဆွဲစေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
အဆိုပါ မော်တော်ယာဉ်များ ပြေးဆွဲနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက် ရရှိပြီ ဖြစ်ပြီး CNG သုံးစွဲခွင့် ရရှိပါက စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၄၈ ယာဉ်လိုင်းထံမှ သိရသည်။
လတ်တလောတွင် ၄၈ Air-Con ဘတ်စ်များ၏ ယာဉ်စီးခ နှုန်းထားများမှာ ဒညင်းကုန်းမှ အင်းစိန်ပန်းခြံသို့ ကျပ် ၂၀၀ ကောက်ခံပြီး အင်းစိန်ပန်းခြံ ကျော်လွန်သည့် ခရီးစဉ် (အသွား၊ အပြန်) ယာဉ်စီးခများကို ကျပ် ၃၀၀ ကောက်ခံလျက်ရှိပြီး ၄၅ ယာဉ်များကမူ ကျပ် ၅၀၊ ၁၀၀၊ ၂၀၀ နှင့် ၃၀၀ ဟူ၍ ကောက်ခံလျက်ရှိကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ သိရသည်။
“တိုင်းဒေသကြီး အစိုးရအဖွဲ့က ယာဉ်စီးခတွေကို သတ်မှတ်ပေးတာကြောင့်ပါ။ ၄၅ ယာဉ်လိုင်းတွေကို ယာဉ်စီးခ ၅၀၊ ၁၀၀ ပဲ သတ်မှတ်ထားတယ်။ အဲ့ဒါကြောင့် အထူးလိုမျိုး ခရီးသည်ကို ၂၀၀၊ ၃၀၀ သွားကောက်လို့ မရဘူး။ အစိုးရက သတ်မှတ်ထားတာကို ချိုးဖောက်သလို ဖြစ်သွားနိုင်တယ်” ဟု ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ဆိုသည်။
ယင်းကိစ္စနင့် ပတ်သက်၍ မထသသို့ ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် ယင်းသို့ တိုးချဲ့ပြေးဆွဲမည်ကို သိရှိခြင်းမရှိကြောင်း လာရောက်၍ ခွင့်ပြုချက် လျှောက်ထားခြင်းလည်း မရှိသေးကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇော်က ပြောကြားသည်။
အဆိုပါ ၄၈ Air-Con ဘတ်စ်များ ပိုင်ရှင်သည် ၎င်းအစီအစဉ်ဖြင့် ပြုလုပ်ရန် တင်ပြလေ့ရှိပြီး ၄၅ မော်တော်ယာဉ်လိုင်း အနေနှင့်မူ ရိုးရိုးခရီးသည်တင် ယာဉ်ဖြစ်သည့်အတွက် ယင်းသို့ Air-Con ဘတ်စ်များ တိုးချဲ့ပြေးဆွဲနိုင်မှု မရှိသေးကြောင်း ၎င်းကဆိုသည်။
http://www.thevoicemyanmar.com/index.php/news/item/4659-crt
December 10, 2014
ကိုပါကြီးအမှု လူ့အခွင့်အရေးကော်မရှင်၏စာကို ဇနီးဖြစ်သူ ကန့်ကွက်လွှာတင်
အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ ဘက်လိုက်မှုတွေနဲ့ ဖုံးကွယ်မှုတွေ ရှိနေတဲ့အတွက် ဇနီးဖြစ်သူ မသန္တာက ဒီကနေ့ ကန့်ကွက်စာ တင်သွင်းလိုက်ပါတယ်။
Ko Par Gyi06112014ကန့်ကွက်စာမှာ အချက် ၁၉ ချက်ကို ပြန်လည်ထောက်ပြန်ထားပြီး သမ္မတ၊ ကာကွယ် ရေးဦးစီးချုပ်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အပါအ၀င် ဌာနဆိုင်ရာ ၉ ခုကို ကန့်ကွက်လွှာတင်တာဖြစ်ပါတယ်။
“လက်မခံနိုင်တဲ့ အပိုင်းတွေ ဘာတွေရှိလဲဆိုတော့ အဓိက နိုင်ငံသားအခွင့်အရေးနဲ့ ပတ်သက်တာတွေကို ဘာမှ highlight လုပ်မပြထားဘူး။ အမှန်တကယ်က စစ်တပ်အနေနဲ့ တရားသူကြီးတယောက်ရဲ့ ခွင့်ပြုချက်မပါဘဲ စုံစမ်းစစ်ဆေးမယ်ဆိုပြီး တိုက်ပွဲဖြစ်တဲ့ အရပ်ဒေသကို ခေါ်သွားခွင့် မရှိတာတွေ ဒါမျိုးတွေကို သူဘာမှ ထောက်ပြထားခြင်းမရှိဘူး။ ကျမအမျိုးသားကို ရဲစခန်းကနေပြီးတော့ ယမန်တို့မရှိဘဲနဲ့ စစ်တပ်ကို လွှဲပေးတဲ့နေရာမှာလည်း ဘာစာရွက်စာတန်းမှမရှိဘဲ လက်လွတ်စပယ် လွှဲပေးခြင်းမျိုး ဒါတွေကို သူက အသေးစိတ်မဖော်ပြထားဘဲ အပေါ်ယံပဲ အားနည်းတယ်ဆိုတဲ့ ထောက်ပြထားတယ်။ ဒါက ဘာနဲ့တူလဲဆိုတော့ အပြင်လောကမှာ လူရောင်းစားတဲ့လူတွေရဲ့ လုပ်ရပ်နဲ့သွားတူနေတယ်” လို့ ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။
ဒါ့ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှု ထုတ်ပြန်ချက် ဟာ ပြည့်စုံမှန်ကန်မှုရှိပြီး ဘက်မလိုက်တဲ့ ထုတ်ပြချက်လို့ မခံယူတဲ့အတွက် ကန့်ကွက်တာလို့ ဆိုပါတယ်။
စုံစမ်းစစ်ဆေးမှုအဖွဲ့သစ်ကို လွတ်လပ်သော ကျွမ်းကျင်တဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေအပါအ၀င် နိုင်ငံတကာလူအခွင့်အရေးကော်မရှင်က ပုဂ္ဂိုလ်တွေပါဝင်ပြီး စုံစမ်စစ်ဆေးရေးသစ်ကို ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာထုတ်တဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး နိုင်ငံသားအခွင့်အရေးရရှိစေဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့ နယ်ဘက်ဆိုင်ရာ တရားရုံးတွေမှာ အမှုစစ်ဆေးဖို့ အကြံပြုတိုက် တွန်းလိုက်ပါတယ်။
အလွတ်သတင်းထောက် ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ) နဲ့ အစိုးရစစ်တပ် တိုက်ပွဲသတင်းလိုက်ပြီးအပြန် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံခဲ့ရတာပါ။
http://burmese.dvb.no/archives/73398
သံတော်ဆင့်အမှု တတိယရုံးချိန်းတွင် တရားလိုကို စတင်စစ်ဆေး
 နိုင်ငံတော်သမ္မတ အား ဂုဏ်သိက္ခာထိခိုက်စေသည် ဟုဆိုကာ တရားစွဲခံထားရသည့် မြန်မာသံတော်ဆင့်ဂျာနယ်တတိ ယအကြိမ်မြောက်ရုံးချိန်းတွင် တ ရားလိုကို ပထမဆုံးအကြိမ်စတင် စစ်ဆေးခဲ့ကြောင်း သတင်းရရှိ သည်။
‘‘စစ်ဆေးတဲ့အပေါ်မှာတော့ ဘာမှမပြောလိုပါဘူး။ တရားစွဲတဲ့ အပေါ်မှာ လိုအပ်တဲ့စာရွက်စာ တမ်းတွေ သက်သေတင်သွင်း တယ်။ ပြီးတော့ ကျွန်တော့်ကို စ စစ်တယ်’’ဟု တရားလိုဖြစ်သူ ပြန် ကြားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ရုံးအဖွဲ့မှူး) ဦးမြင့်ထွေးကပြောသည်။
တရားလိုက သံတော်ဆင့်ဂျာ နယ်တွင် ဖော်ပြပါရှိသော အင် တာဗျူးနှင့် စာနယ်ဇင်းကောင်စီသို့ပေးပို့သည့်ညှိနှိုင်းစာ အစရှိသော စာရွက်စာ တမ်းများကို သက်သေတင်သွင်းခဲ့ကြောင်း သံတော်ဆင့်အမှုတွင် လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဦးဇော်လင်းက ပြောသည်။
‘‘ကျွန်တော်တို့ အဓိကမေး တာက အကုန်လုံးကို သိမ်းကျုံးပြီး စွဲတာ မသင့်တော်ဘူးပေါ့။ သ  တင်းစာဂျာနယ်မှာက သူ့တာဝန် နဲ့သူရှိတယ်လေ။ သူကတော့ အ ထက်က ညွှန်ကြားတဲ့အတိုင်းစွဲ တာလို့ပြောတယ်။ သူက တရားလို ဆိုပေမယ့် ညွှန်ကြားချက်အတိုင်း လုပ်ရတာလေ’’ဟု တရားလွှတ် တော်ရှေ့နေဦးဇော်လင်းကပြော သည်။
နောက်လာမည့် ရုံးချိန်းတွင် တရားလိုဘက်မှ တရားလိုပြ သက်သေငါးဦးနှင့်အထက်ခေါ် ယူလာမည်ဖြစ်ကြောင်းဦးမြင့် ထွေးကပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာနရုံး အဖွဲ့မှူးဦးမြင့်ထွေးက တရားလို ပြုလုပ်ကာ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅(ခ)ဖြင့် မြန်မာသံတော် ဆင့်ဂျာနယ်ထုတ်ဝေသူနှင့် ဂျာ နယ်ဖြန့်ချိရေးအပါအ၀င် ၁၁ဦး ကို တရားစွဲဆိုထားခြင်းဖြစ်သည်။
တရားစွဲဆိုခြင်း ခံထားရ သည့် ပုဒ်မ ၂၅(ခ)တွင် မည်သည့် သတင်းမီဒီယာသမားမဆိုပုဒ်မ ၉၊ ပုဒ်မခွဲ(ဃ)၊ ပုဒ်မခွဲ(စ)နှင့် ပုဒ်မခွဲ (ဆ)တို့ပါ တာဝန်နှင့် ကျင့်ဝတ် တစ်ရပ်ရပ် ပြစ်မှုကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံ ရလျှင် ထိုသူကို ငွေဒဏ်အနည်း ဆုံးကျပ်သုံးသိန်းမှ အများဆုံး ကျပ်ဆယ်သိန်းအထိ ချမှတ်နိုင် သည်ဟု ပြဋ္ဌာန်းထားသည်။
သံတော်ဆင့်ဂျာနယ်လေး ကြိမ်မြောက်ရုံးချိန်းကို ဒီဇင်ဘာ ၂၃ရက်တွင် ပုဗ္ဗသီရိမြို့နယ်တရား ရုံး၌ ထပ်မံချိန်းဆိုထားကြောင်း သတင်းရရှိသည်။
http://7daydaily.com/story/26645#.VIeyAsnZGM8
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား တာဝန်မှ ပထမဆုံးအကြိမ်ရပ်စဲ
ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးသူ ထားဝယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်း(ငြိမ်း) အား ယခုနှစ် အောက်တိုဘာ  ၃၁ ရက်ကပင် လွှတ်တော်ကိုယ်စား လှယ်အဖြစ်မှ ရပ်စဲလိုက်ကြောင်း သတင်းရရှိသည်။
၎င်းကို  ရပ်စဲသည့် ပြန် တမ်းအား နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းပြန် တမ်းကို ယခုတစ်ပတ်အတွင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ခွင့်တင်ပြလာသော တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မင်းအား ၂၀၁၂ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃၊ ပုဒ်မခွဲ(က)နှင့် ၂၀၁၃  ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၃၊ ပုဒ်မခွဲ(က)တို့အရ လွှတ် တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟု ပြည်သူ့လွှတ် တော်က အမိန့်ကြေညာစာ အမှတ် ၁၃၇/၂၀၁၄၊ အောက်တိုဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ထား သည်ကို နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်သည့်  နိုင်ငံတော် ပြန်တမ်းတွင်ပါရှိသည်။
ပြည်သူ့လွှတ်တော်မှ ထုတ် ပြန်ထားမှုတွင် ၂၀၁၄ အောက် တိုဘာ ၃၁ ရက်မှစ၍ တနင်္သာ ရီတိုင်းဒေသကြီး၊ ထားဝယ်မဲဆန္ဒ နယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ် ကြောင်း ကြေညာထားခြင်းလည်း ပါရှိသည်။
လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲခြင်းနှင့် ပတ်သက် ပြီး ဦးကြည်မင်းအား ဆက်သွယ် မေးမြန်းရာ   အဆိုပါကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြော ကြားရန်မရှိကြောင်း 7 Day Dailyသတင်းစာအား ပြောသည်။
ဦးကြည်မင်းသည် ပြည်သူ့ လွှတ်တော်တွင် ဖွဲ့စည်းထားခဲ့ သည့် ရေကြောင်းပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သည်။ အစိုးရသစ်လက်ထက်တွင် အစိုးရအဖွဲ့သို့ရောက်ရှိသွားခြင်း၊သေဆုံးသွားခြင်းမဟုတ်ဘဲ တာ ၀န်မှ ရပ်စဲခံရသူမှာ ၎င်းပထမဆုံး ပင်ဖြစ်သည်။
http://7daydaily.com/story/26656#.VIexpMnZGM8
December 9, 2014
အင်္ဂလန်နိုင်ငံ World Finance အဖွဲ့အစည်းမှ Banker of the Year in Asia 2014 ဆုကို ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား ချီးမြှင့်
ရန်ကုန် ဒီဇင်ဘာ ၇
အင်္ဂလန်နိုင်ငံ လန်ဒန် အခြေစိုက် World Finance အဖွဲ့အစည်းမှ ၂ဝ၁၄ ခုနှစ် အတွက် အာရှတိုက် ကိုယ်စားပြု Banker of the Year in Asia 2014 ဆုကို
မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား လည်းကောင်း၊ Best Commercial Bank in Myanmar 2014 နှင့် Best Banking Group in Myanmar 2014 ဆုများကို ကမ္ဘောဇဘဏ် လီမိတက်အား လည်းကောင်း ချီးမြှင့် ပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် London Stock Exchange ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် World Finance အဖွဲ့အစည်းမှ မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား ပေးအပ် ချီးမြှင့်သည့် အာရှတိုက် တစ်ခုလုံး အတွက် Banker of the Year in Asia 2014 ဆုကို ကမ္ဘောဇဘဏ် လီမိတက်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း တက်ရောက် လက်ခံယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား Banker of the Year in Asia 2014 အဖြစ် ဆုရွေးချယ်ရခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှုများ စတင်ပြီးသည့်နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခေတ်မီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများဖြင့် တိုးတက် ဆောင်ရွက်ပေးနိုင်ရန် အတွက် ပြည်တွင်းဘဏ်များမှ ကြိုးပမ်း ဆောင်ရွက်လာကြကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်သည် အထင်ရှားဆုံးနှင့် အအောင်မြင်ဆုံး ပုဂ္ဂလိကဘဏ် တစ်ခု ဖြစ်ကြောင်း၊ ကမ္ဘောဇဘဏ် လီမိတက်ကို တည်ထောင်သူ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၏ စီမံခန့်ခွဲ အုပ်ချုပ်မှု စွမ်းဆောင်ရည် ကောင်းမွန်မှုကြောင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ယခုနှစ်၌ ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဘဏ်ခွဲပေါင်း ၃ဝဝ ကျော် အထိ လျင်မြန်စွာ တိုးချဲ့ဖွင့်လှစ် ပေးနိုင်ပြီး နိုင်ငံအတွင်း နေရာ ဒေသ အနှံ့အပြားတွင် ခေတ်မီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို တစ်ပြေးညီ ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဘဏ်လုပ်ငန်း အပါအဝင် အာမခံလုပ်ငန်း၊ လေကြောင်း လုပ်ငန်းများ၊ ကျောက်စိမ်း ကျောက်မျက် ရှာဖွေ တူးဖော်ရေးလုပ်ငန်း စသည့် အဓိက စီးပွားရေး လုပ်ငန်းများတွင်လည်း အောင်မြင်စွာ တိုးချဲ့လုပ်ကိုင် ဆောင်ရွက်နိုင်လျက် ရှိကြောင်း၊ စီးပွားရေး လုပ်ငန်း အောင်မြင်မှုများ အပြင် တစ်နိုင်ငံလုံး၌ နှစ်စဉ် နိုင်ငံတော် အတွက် အခွန်ဘဏ္ဍာငွေ အမြင့်ဆုံး ပေးဆောင်ပြီး နိုင်ငံတော်နှင့် ပြည်သူ အကျိုးပြု လုပ်ငန်းများတွင်လည်း အများဆုံး လှူဒါန်းမှုများကြောင့် နိုင်ငံတော်မှ ထိုက်တန်စွာ ဂုဏ်ပြုခံရသည့် အအောင်မြင်ဆုံးနှင့် အထင်ရှားဆုံး စီးပွားရေး လုပ်ငန်းရှင် တစ်ဦး ဖြစ်သည့်အတွက် ဤဆုကို ရွေးချယ် ချီးမြှင့်ရခြင်း ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။ Bankers of the Year 2014 ဆုများကို အာရှ၊ ဥရောပ၊ မြောက် အမေရိက၊ တောင် အမေရိက၊ သြစတြေးလျ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသ စသည့် ကမ္ဘာ့ တိုက်ကြီး ခုနစ်တိုက်မှ သက်ဆိုင်ရာ ဒေသအလိုက် ၂ဝ၁၄ ခုနှစ်အတွင်း ဘဏ်လုပ်ငန်း ဆိုင်ရာများကို ထူးချွန် ပြောင်မြောက်စွာဖြင့် တိုးတက် အောင်မြင်အောင် အုပ်ချုပ် စီမံခန့်ခွဲ ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ရွေးချယ် ပေးအပ်ရာတွင်-
Asia- Aung Ko Win, Chairman,Kanbawza Bank – Myanmar
Europe- Mr. Mark Carney, GovernorBank of England – England
North America- Mr.Jamic Dimon,CEO , JP Morgen- USA
South America- Mr.Andre Santos Esteves,CEO,BTG Pactual-Brazil
Australasia-Mr.Camerom Clyne,CEO,National Bank of Australia
- Australia Africa-Mr.Segun Agbaje,MD& CEO Guaranty Trust Bank – Nigeria
Middle East-Mr.Abdul Aziz Al Ghurair,CEO,Mashreq Bank-UAE တို့အား ရွေးချယ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ Best Commercial Bank in Myanmar 2014 ဆုကို ကမ္ဘောဇဘဏ် လီမိတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ခင်ချောစုနှင့် Best Banking Group in Myanmar 2014 ဆုကို ဒုတိယ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်သီတာအေးမွန် တို့က ဆုများကို အသီးသီး တက်ရောက် လက်ခံ ရယူကြသည်။ ကမ္ဘောဇဘဏ် လီမိတက်သည် ၂ဝ၁၃ ခုနှစ်ကလည်း World Finance အဖွဲ့အစည်းမှ ချီးမြှင့်သည့် Best Commercial Bank in Myanmar 2013 ဆုနှင့် Best Banking Group in Myanmar 2013 ဆုများကို ရရှိခဲ့ပြီး ယခုနှစ် အတွက် ထပ်မံ၍ ရွေးချယ်ခံရသည့် အတွက် ယင်းဆုများကို နှစ်နှစ် ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
http://myawady.net.mm/allnews/localnews/item/56110-2014-12-08-10-30-51
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၉၈၇၉.၆၉၁ ဖြင့်ဆောင်ရွက်နေ ဟုဆို
၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း( ၉၈၇၉.၆၉၁)ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း ပြည်နယ် ကျေး လက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန မှ ဦးစီးမှူး ဦးမျိုးသိန်းက ကန္တာရ၀တီတိုင်း(မ်)သို့ပြောသည်။
၎င်းဖွံ့ဖြိုးရေးလုပ်ငန်း များမှာ လမ်း၊တံတား၊ ရေပေးရေး၊ မီးလင်းရေး၊ ယင်လုံအိမ်သာနှင့် ကျေးလက်အိမ်ယာ များ တည်ဆောက်ခြင်း စသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်ကြောင်းသိရသည်။
blk-lake-roks
“၂၀၁၄- ၁၅ ဘဏ္ဍရေးနှစ်မှာ ၉၈၇၉ဒသမ ၆၉၁ သန်းနဲ့ဆောင်ရွက်ပါတယ်။ ၁၂ -၁၃ (၂၀၁၂-၁၃) ၊ နဲ့ ၁၃-၁၄ (၂၀၁၃-၁၄) လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ပါတယ်။ ၁၄ - ၁၅ လုပ်ငန်းများကတော့ ၂၅ ရာခိုင်နှုန်း ခန့်ပြီးစီးပြီဖြစ်ပါတယ်။ ” ဟု ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌါန မှ ပြည်နယ်ဦးစီးမှူး ဦးမျိုးသိန်းက ပြောသည်။
လုပ်ငန်းငန်းများဆောင်ရွက်ရာတွင် ပြည်နယ်အစိုးရ၏ ကြီးကြပ်မှုဖြင့် တင်ဒါ စီစစ်ရွေးချယ်ရေးကော်မတီဖွဲ့ စည်းပြီး အိတ်ဖွင့်တင်ဒါ စနစ် ဖြင့် တင်ဒါ လျောက်ထားသူများကိုရွေးချယ်ခဲ့ကြောင်း သိရသည်။
၂၀၁၂-၂၀၁၃ ခုဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၂၂၁၈.၈) ဖြင့် လမ်း မိုင် (၅၀) ၊ ရေပေးရေး (၃၀) မီးလင်းရေး (၈၄) ယူနစ်အား ဆောင်ရွက်ခဲ့သည်။
၂၀၁၃-၂၀၁၄ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ( ၃၈၄၈.၅၈၆)ဖြင့် ကတ္တရာ၊ ကျောက်ချော၊ မြေသားလမ်းစုစုပေါင်း (၉၇/၆.၅၈၆)မိုင် ၊ ရေပေးရေး (၅၈)ခု ၊ ကျေးလက်အိမ်ယာ (၆၈)လုံး ၊ ကျေးလက်မီးလင်းရေး (၄၄၀)ယူနစ်နှင့် ယင်လုံအိမ်သာ (၂၀၀) ၊ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
“ ဖွံ့ဖြိုးရေးလုပ်ငန်းမှာ ပြည်သူတရပ်လုံး ပါဝင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြည်သူ တရပ်လုံးပါဝင်ဖို့ ဆိုတာ သူတို့ရဲ့လိုအပ်ချက်တွေကို ဆောင်ရွက်ပြီးသော လုပ်ငန်းများကို ထိန်သိမ်းဖို့ ပြည်သူတရပ်လုံးပါဝင်မှ ရမာပါ လမ်းလေးဖောက်လိုက်ပြီး အဲဒီလမ်းမာ ဗွက်လေးတခုထနေတယ် သေးသေးလေးဗွက်လေး ကို ရေမြောင်းဖောက်မပေးဘူးဆိုရင် အကြီးကြီး ပြန်ဖြစ်သွားတယ်ပေါ့” ဟု ဦးစီးမှူး ဦးမျိုးသိန်းက ဆက်ပြောသည်။
ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌါနမှ ကျေးလက် ရေပေးရေး၊ မီးလင်းရေး၊ လမ်းတံတား စသည့် ပြည်သူတွေ ရဲ့လိုအပ်ချက်များကို ဆောက်ရွက်ပေးရသည့်အပြင် ဝန်ကြီးများခေါင်းဆောင်သော အဖွဲ့များကွင်းဆင်းချိန်တွင် နယ်မြေခံ ဝန်ကြီးများမှ လိုအပ်ချက်အရ အကြောင်းကြားသည်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လွတ်တော်တွင် တင်ပြထားသော ပြည်သူများ၏ လိုအပ်ချက်များကိုလည်း ဘဏ္ဍရေးများတွင် ထည့်သွင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
http://burmese.bnionline.net/index.php/news/kantarawaddy/19789-2014-12-09-08-33-12.html
ကျားဖြူပါတီ အမတ် ၁၂ ဦး ကျားခေါင်းပါတီသို့ ကူးပြောင်း
ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးနဲ့ ပါတီဝင် ၅၀၀၀ ကျော်ဟာ ပါတီက နုတ်ထွက်ပြီး ကျားခေါင်း အမှတ်တံဆိပ်ပါ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကို ကူးပြောင်းဝင်ရောက်ခဲ့ကြပါ တယ်။
SNLD မှ ရှမ်းပြည်နယ်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - Sai Myo Zin)
SNLD မှ ရှမ်းပြည်နယ်အတွင်း လူထုတွေ့ဆုံပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ – Sai Myo Zin)
ကျားခေါင်းပါတီခေါင်းဆောင်တွေရဲ့ နိုဝင်ဘာ ၃၀ ရက်ကစတင်တဲ့ ရှမ်းပြည်ခရီးစဉ်အတွင်း ကျားဖြူ ပါတီအမတ် ၉ ဦး ထပ်မံဝင်ရောက်လာတဲ့အတွက် ဒီနှစ်ဦးပိုင်းက ၀င်လာတဲ့ ၃ ဦးနဲ့ဆိုရင် အားလုံးအမတ် ၁၂ ဦး ရှိပြီး ပါတီဝင်တွေလည်း ထောင်ချီ ၀င်ရောက်လာ တယ်လို့ ကျားခေါင်းပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ခရီးစဉ် ရည်ရွယ်ချက်က မိုင်းနောင်-၀မ့်ကျင်းနဲ့ တန့်ယန်းမှာ ပါတီဆိုင်း ဘုတ်လာတင်ဖို့ပါ။ စည်းရုံးရေးခရီးစဉ် မဟုတ်ပါဘူး။ ဒါပေမယ့် တခြားမြို့နယ်တွေမှာ လူထုတွေ့ဆုံပွဲ လုပ်ပါတယ်။ အဲဒီမှာ ပါတီ၊ မူဝါဒသဘောထား လမ်းစဉ်တွေပါ ပြောပြတယ်။ အခြားပါတီက လွှတ်တော်အမတ်တွေပါ လာပြီးလေ့လာကြတယ်။ စိတ်ဝင်စားတဲ့ လူတွေက ကျနော်တို့ဘက်ကို ပါတီပြောင်းလာတာ၊ တချို့က ပါတီဝင်အဖြစ် လျှောက်ထား လာပါတယ်ခင်ဗျ။ ထပ်ဝင်လာတဲ့ ပါတီဝင်တွေက ၂၈၀၀ ကျော်ပါတယ်။”
ဒီမတိုင်ခင်က မိုင်းတုံ၊ မိုင်းကိုင်၊ မိုင်းရှူး၊ မိုင်းခတ်၊ ကျေးးသီး၊ ကျောက်မဲက ကျားဖြူပါ တီဝင်တွေ နုတ်ထွက်ပြီး ကျားခေါင်းပါတီကို ၀င်ခဲ့တာ ၃ ထောင်ကျော် ရှိတဲ့အတွက် ဘက်ပြောင်း လာတဲ့ ပါတီဝင်ပေါင်း ၅ ထောင်ကျော် ရှိသွားပြီ ဖြစ်ပါတယ်။
ပါတီပြောင်းလာတဲ့ ကျားဖြူပါတီဝင် ၁၂ ဦးမှာ မိုင်းတုံ၊ ကျောက်မဲ၊ မိုင်းရယ်၊ နမ့်စံ၊ လဲချား၊ မိုင်းကိုင်နဲ့ ကျေးသီးက ပြည်နယ်လွှတ်တော်အမတ် စုစုပေါင်း ၉ ဦး မိုင်းကိုင်၊ ကျေးသီးနဲ့ တန့်ယန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၃ ဦးတို့ ဖြစ်ပါတယ်။
အခုလို ကျားဖြူပါတီဝင် အများအပြားနုတ်ထွက်ပြီး ကျားခေါင်းပါတီကို ၀င်ရောက်လာ ရတဲ့ အပေါ် ပြီးခဲ့တဲ့ မတ်လကမှ ပါတီကူးပြောင်းခဲ့တဲ့ မိုင်းတုံမြို့နယ် ပြည်သူ့ လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ခုလိုပြောပါတယ်။
“ကျနော်ကတော့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ကျားခေါင်းပါတီဝင်ဖြစ်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ကျားခေါင်းပါတီ ဖျက်သိမ်းထားတဲ့အတွက် ကျားဖြူထဲဝင်ခဲ့ကာ ခုမှ ကိုယ့်မူရင်း ပါတီကို ကိုယ်ပြန်လာတဲ့ သဘောပါ။ ရှမ်းပါတီ ၂ ခုပူးပေါင်းဖို့ ဖိအားပေး တဲ့အနေနဲ့ရော ကျားခေါင်းပါတီရဲ့ ၈ ယူနစ်မူဝါဒကို ထောက်ခံတဲ့အတွက် ၀င်လာတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။
ဦးခွန်ထွန်းဦးခေါင်းဆောင်တဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကျားခေါင်းပါတီဟာ ပါတီခေါင်းဆောင်တွေ ပြန်လွတ်လာပြီးနောက် ၂၀၁၂ ခုနှစ်မှာ ပါတီမှတ်ပုံပြန်တင်ပြီး ပါတီစည်းရုံးရေး လုပ်ငန်းတွေလုပ်ဆောင်နေတာပါ။
ပါတီအနေနဲ့ ရှမ်းတမျိုးသားလုံးအတွက် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ် အခြေခံတဲ့ ၈ ပြည်ထောင် ၈ ယူနစ်စနစ်ကို တောင်းဆိုနေတာဖြစ်ပြီး လာမယ့် ၂၀၁၅ေ၇ွးကောက်ပွဲမှာ အနည်းဆုံးတော့ မြို့နယ် ၄၀ မှာ ၀င်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီပြောရေးဆိုခွင့ှ်ရျှိသူ ဦးစိုင်းလိတ်က ဒီဗွီဘီကိုပြောပါတယ်။
http://burmese.dvb.no/archives/73319
လွတ်လပ်ရေး ကျောက်တိုင်နေရာကို ဟစ်တိုင်အဖြစ် သတ်မှတ်ပေးရန် အစိုးရတွင် တာဝန်ရှိဟု ဦးတင်ဦးဆို
ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံ အတွင်းရှိ လွတ်လပ်ရေးကျောက်တိုင် အဝန်းအဝိုင်းနေရာကို ပြည်သူ့ဆန္ဒ၊ ပြည်သူ့ သဘောထားများအား လွတ်လပ်စွာပြောဆိုခွင့်ရှိသည့် ဟစ်တိုင်အဖြစ် သတ်မှတ်ပေးရန် အစိုးရနှင့် လွှတ်တော်တွင် တာဝန်ရှိသည်ဟု
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးက မဇ္ဈိမကို ပြောသည်။
Bandula-Park
(ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
ဒီဇင်ဘာ ၈ ရက်တွင် ဆူးလေဘုရားအနီး မဟာဗန္ဓုလပန်းခြံရှေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်၍ ပြုလုပ်သည့် ဖေဖော်ဝါရီ ၁၃ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ပြည့် အထိမ်းအမှတ် အကြိုပွဲတွင် ဦးတင်ဦးက မဇ္ဈိမ၏ မေးမြန်းမှု ကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
လွတ်လပ်ရေး ကျောက်တိုင်တွင် ရေးထိုးထားသည့် သဓိန္ဓာန် ၉ ချက်တွင် မြန်မာနိုင်ငံသားများ၏ လွတ်လပ်သော ရပိုင်ခွင့်၊ အခွင့်အရေးများကို ဦးတည်ပြီး ရေးထားသည့်အတွက် တစ်ပြည်လုံး အတိုင်းအတာ တိုင်းရင်းသားအားလုံး ခံစားစေချင်သည်ဟု ဦးတင်ဦးက ပြောသည်။
ဦးတင်ဦးက "ပါလီမန် ဒီမိုကရေစီခေတ်တုန်းက ဦးနုတို့ စီမံခဲ့တာရှိတယ်။ ဒီအဝန်းအဝိုင်းထဲမှာ လာပြီးတော့ ပြည်သူပြည်သားဟာ မိမိတို့ရဲ့လိုအပ်ချက်၊ တောင်းဆိုချက်ကို လွတ်လပ်စွာပြောခွင့်ဆိုခွင့် ဟစ်တိုင်သဘောနဲ့ ခွင့်ပြုထားတယ်ဆိုတာ ရှိခဲ့ဖူးတယ်။ အဲ့ဒီ အခွင့်အရေး ရပါရစေ။ လုပ်ချင်တာကို လုပ်ခွင့်မှ မရဘဲနဲ့ တန်းစီတာတောင် ခွင့်ပြုချက်တင်နေရတာ၊ ဒီထဲမှာပြောတာတွေသည် လွတ်လွတ်လပ်လပ် ပြောခွင့်ရှိပါစေ။ အပြင်ထွက်အော်တာတွေ လျော့သွားမယ်" ဟုပြောသည်။
ယင်းအပြင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုအခမ်းအနားများ နှင့် ပြည်သူတို့၏ လွတ်လပ်စွာ ပြောဆိုခွင့်များကို လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ထုတ်ဖော်ခွင့် ရရှိရန် လွှတ်တော်က တင်ပြပေးရန်နှင့် အစိုးရတွင်လည်း  တာဝန်ရှိသည်ဟု NLD နာယက ဦးတင်ဦးက ပြောသည်။
၎င်းက "ဒီလိုနေရာထဲမှာ ဘေးအန္တရာယ် မရှိဘဲ ပြောခွင့်ရအောင် လွှတ်တော်မှာ ပြောဆိုပေးပါ။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားတွေ ထုတ်ဖော်ဖို့ ဟစ်တိုင်နေရာအဖြစ် သတ်မှတ်ပေးပါ။ အစိုးရကတာဝန်ရှိတယ်။ ရဲတပ်ဖွဲ့ဝင်များကလည်း ပြည်သူ့ရဲများပီပီ၊ ပြည်သူ့ရဲဘဝကို ခံယူပြီး အိုးအိမ်၊ ယဉ်ကျေးမှုတွေ တစ်စုံတစ်ခုကို အန္တရာယ်ပြုခြင်း၊ အနှောင့်အယှက်ပြုခြင်းမရှိဘဲ အေးအေးချမ်း ငြိမ်းချမ်းပြောခွင့် ဟစ်ခွင့်
အော်ခွင့် အကောင်အထည်ဖော်ပေးပါ။ အေးချမ်းငြိမ်းချမ်းစွာ လုပ်နိုင်ဖို့အတွက် ဒီမိုကရေစီ အစဉ်အလာအရ ရဲတပ်ဖွဲ့ဝင်တွေက အကာအကွယ် ပေးပါ "ဟုပြောသည်။
ဒီဇင်ဘာ ၈ ရက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များသည် လွတ်လပ်ရေး ကျောက်တိုင် ရှိနေသည့် မဟာဗန္ဓုလပန်းခြံအတွင်းသို့
ဝင်ရောက်ခြင်းမပြုဘဲ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် အထမ်းအမှတ်အဖြစ် တေးသီချင်းဖြင့် ဂုဏ်ပြုခဲ့သည်။  ယင်းအပြင် ဘဝအလင်းပညာဒါန၊ ကြည့်မြင်တိုင် အမျိုးသား ဒီမိုကရေစီ ပါတီဝင်များ၊ ရန်ကုန်အနောက်ပိုင်း ခရိုင်ပါတီဝင်များက ကြည်မြင်တိုင် ဗားကရာလမ်းမှ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက် ဂုဏ်ပြုခဲ့သေးသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်ကလည်း ရန်ကုန် အနောက်ပိုင်းခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ဦးဆောင်ပြီး ပန်းရဲ့လမ်း အဖွဲ့ ပါဝင်ကာ ဗိုလ်ချုပ်ပန်းခြံရှေ့တွင် ဂုဏ်ပြုအလေးပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်လည်း ဂုဏ်ပြုသီဆိုမှုများ ပြုလုပ်ခဲ့သေးသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/34326-2014-12-08-11-57-41
စပစ်ဖိုင်းယား တိုက်လေယာဉ်တူးဖော်ရန် ဗြိတိန်အဖွဲ့တစ်ဖွဲ့ ထပ်မံစီစဉ်နေ
စပစ်ဖိုင်းယားတိုက်လေယာဉ် ပထမအကြိမ်ရှာဖွေနေစဉ်(ANDREA CHANT)
စပစ်ဖိုင်းယား တိုက် လေယာဉ်များ တူးဖော်ရှာဖွေရန် ဗြိတိန်အခြေစိုက် အဖွဲ့တစ်ခုက ထပ်မံစီစဉ်နေကြောင်း သတင်းရရှိသည်။
  ဒုတိယကမ္ဘာစစ်အတွင်းမြန်မာနိုင်ငံတွင်  မြှုပ်နှံထားခဲ့သည်ဆိုသော ယင်းလေယာဉ်များကို ဗြိတိန်နိုင်ငံသား တစ်ဦးက မြန်မာကုမ္ပဏီတစ်ခုနှင့် ၂၀၁၃ တွင် ပူးပေါင်းရှာဖွေခဲ့ရာ အောင်မြင်မှုမရခဲ့ဘဲ  ရပ်ဆိုင်းပြီးနောက် ဗြိတိန်အခြေစိုက် နောက်အဖွဲ့ တစ်ခုက ထပ်မံရှာဖွေရန် ပြင်ဆင်နေခြင်းဖြစ်သည်။
‘‘ဗြိတိန်က နောက်အဖွဲ့တစ် ခုက ရှာဖွေရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့အတွက် ကမ်းလှမ်း ထားတာရှိပါတယ်။ ဒါပေမဲ့ လုပ် ခွင့်ပေးခြင်း၊ မပေးခြင်းနဲ့ပတ်သက်လို့ ဆုံးဖြတ်ထားရသေးခြင်း မရှိပါဘူး’’ ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးဝင်းဆွေထွန်းက ပြောသည်။
  ဗြိတိန်အခြေစိုက် War Gaming ကုမ္ပဏီ၏ ငွေကြေးစိုက် ထုတ်မှုဖြင့် ယင်းနိုင်ငံသား လေ ကြောင်းရေးရာ ကျွမ်းကျင်သူ ဒေး ဗစ်ကင်ဒယ်က ပြည်တွင်းရှိ ရွှေ တောင်ပေါ်ကုမ္ပဏီနှင့် ပူးပေါင်း ကာ ၂၀၁၃ နှစ်ဆန်းပိုင်းက တိုက်လေယာဉ်ရှာဖွေရေးကို  စတင်ခဲ့သည်။
နောက်တစ်ကြိမ် ရှာဖွေမှု ကမ်းလှမ်းထားသော အဖွဲ့က ယခင်ရှာဖွေမှုပြုလုပ်ထားသူများ နှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒ ရှိနေသည်ဟု  လေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပထမအကြိမ် ရှာဖွေမှုအ တွက် သက်တမ်းကို ၂ နှစ်သတ်မှတ်ထားရာ သဘောတူစာချုပ်သက်တမ်းကာလမှာ ပြီးခဲ့သည့် အောက်တိုဘာကပင် ပြည့်သွား၍  ရှာဖွေမှုကို  ရပ်ဆိုင်းထားကြောင်း သိရသည်။
 မြန်မာနိုင်ငံတွင် ဒုတိယ ကမ္ဘာစစ်အတွင်း၌ အဆိုပါတိုက် လေယာဉ် ငါးဆယ်ကျော်ကို ဗြိတိသျှလေတပ်မတော် အခြေစိုက်ခဲ့ရာ နေရာသုံးခုအနီး မြှုပ်နှံထားခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း  တိကျရေရာမှု မရှိခဲ့ပေ။
၎င်းတို့ မြှုပ်နှံထားခဲ့သည် ဆိုသော နေရာများမှာ ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းအနီး၌ ၃၆ စီး၊ ကချင်ပြည်နယ် မြစ်ကြီးနားတွင် ၁၈ စီး၊ မိတ္ထီလာတွင် ခြောက်စီးဖြစ်ပြီး    ထိုစဉ်က ယင်းလေ ယာဉ်များကို သစ်သားသေတ္တာ များဖြင့် ထိုစဉ်က မြေအောက် ပေ ၃၀ အနက်၌ မြှုပ်ထားခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်ရှာဖွေခဲ့သည့် ဒေးဗစ်ကင်ဒယ် က ၂၀၁၃ ခုနှစ်အတွင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ယင်းလေယာဉ်များ မြှုပ်နှံ ထားသည့် သက်သေအထောက် အထားအခိုင်အမာရှိနေသည်ဟုဒေးဗစ်ကင်ဒယ် ဦးဆောင်သော
အဖွဲ့က ထုတ်ဖော်ပြောကြားထားသော်လည်း ခေတ်မီနည်းပညာဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့သည့် ၂ နှစ်အတွင်း တွေ့ရှိမှု မှတ်တမ်းများ ချပြနိုင်ခဲ့ခြင်းမရှိပေ။
 ရှာဖွေမှုအောင်မြင်ပါက မြန်မာအစိုးရက ၅၀ ရာခိုင်နှုန်း၊ ပူးပေါင်းဆောင်ရွက်သည့် ရွှေတောင်ပေါ်ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း၊ ဒေးဗစ်ကင်ဒယ်က ၃၀ ရာခိုင်နှုန်း ခွဲဝေရယူရန် ထိုစဉ်က သဘောတူခဲ့ကြောင်း သိရသည်။ ယင်းရှာဖွေမှုအတွက် War  Gam-ingကုမ္ပဏီက  ကန်ဒေါ်လာ ငါးသိန်းကျော်  ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ဗြိတိန်နိုင်ငံအနေဖြင့် ဒုတိ ယကမ္ဘာစစ်ကာလအတွင်း စပစ် ဖိုင်းယား လေယာဉ် အစီးရေနှစ် သောင်းခန့် ထုတ်လုပ်ခဲ့ပြီး အများ စုမှာ စစ်ပွဲကြောင့် ပျက်စီးပျောက် ကွယ်သွားပြီဟု မှတ်တမ်းများ၌ ဖော်ပြထားသည်။
http://7daydaily.com/story/26603#.VIZf8cnZGM8
ပြိုင်ကားများထက် အိမ်စီးကားများ ပါဝါအိတ်ဇော ပြန်ဖြုတ်မှုများနေ
ပါဝါအိတ်ဇောတပ်ဆင် မောင်းနှင်သော ကားများကိုအရှိန် မြှင့်ဖမ်းဆီးနေစဉ်ကာလတွင် ပြိုင် ကားများထက် အိမ်စီးကားများက ၎င်းတို့၏ ပါဝါအိတ်ဇောများ ပြန် လည်ဖြုတ်ယူမှု ပိုများကြောင်း ရန်ကုန်မြို့ ကားဝပ်ရှော့လုပ်ငန်း များထံမှ သတင်းရရှိသည်။
ပြိုင်ကားအမျိုးအစား သီး သန့် မောင်းနှင်သူများမှာ ၎င်းတို့ ထပ်မံတပ်ဆင်ထားသော ပါဝါ အိတ်ဇောများသည် မြန်မာကျပ် သိန်းတစ်ရာခန့်ရှိသောကြောင့် ပြန်လည်ဖြုတ်ထားရန် အစီအစဉ် မရှိကြသေးကြောင်း ပြိုင်ကားမောင်းနှင်သူ အသိုင်းအ၀ိုင်းမှ သိရသည်။
‘‘အခု ပါဝါအိတ်ဇော တပ် ထားတဲ့ ကားတွေတစ်ရက်ကို ပျမ်းမျှ ငါးစီးလောက်ပြန်လာဖြုတ်နေ ကြတယ်။ သီးသန့်ပြိုင်ကားထက် အိမ်စီးကားမှာ တပ်ထားတဲ့ ပါဝါ အိတ်ဇောတွေပိုများတယ်’’ဟု အိတ်ဇောပြုပြင်တပ်ဆင်ရေးလုပ်ငန်း လုပ်ကိုင်သူ ကိုသာထူးက ပြော သည်။
မူလအတိုင်းပါရှိသည့် ပါဝါ အိတ်ဇောများတပ်ဆင်ထားသော ကားများမှာ အိတ်ဇောပြန်လည် ဖြုတ်ယူရန် မလွယ်ကူကြောင်း ကမာရွတ်မြို့နယ်အတွင်း နေထိုင်သည့် ပြိုင်ကားဝါသနာရှင် ကိုမြတ်မင်းက ပြောသည်။
‘‘အခုက ရုတ်တရက်ကြီး ပါ ၀ါအိတ်ဇောတပ်ထားတဲ့ ကားမှန် သမျှ ဖမ်းသွားတာလေ။ ကြိုပြော တာလည်း မကြားမိဘူးပေါ့။ တ ချို့ တက္ကစီအငှားယူမောင်းတဲ့သူ တွေကို သနားဖို့ကောင်းတယ်။ အုံ နာတွေနဲ့ ဘယ်လိုရှင်းကြမလဲ’’ဟု မရမ်းကုန်းမြို့နယ်မှ ပြိုင်ကား မောင်းနှင်သူ ကိုစည်သူက ပြော ကြားသည်။
ပြိုင်ကားမောင်းနှင်သည့် လူ ငယ်အချို့မှာ ၎င်းတို့နေ့စဉ် စီး နေသည့် ကားများကို ခေတ္တမောင်းနှင်ကြခြင်း မပြုဘဲ သာမန်ကား များဖြင့်သာ သွားလာနေကြသည် ဟု ဆိုသည်။
ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ စည်းကမ်းမဲ့ ပြိုင်ကားနှင့် ပါဝါအိတ်ဇော တပ်ဆင်မောင်း နှင်သော ကားများကို ဖမ်းဆီးရာ စုစုပေါင်း ၅၇ စီးဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
http://7daydaily.com/story/26586#.VIZinMnZGM8
သုံးရက်အတွင်း ပါဝါအိတ်ဇောတပ်ယာဉ် ခြောက်ဆယ်ခန့် ဖမ်းမိ
ရဲတပ်ဖွဲ့ဝင်များက ကားများကို ရှောင်တခင်စစ်ဆေးစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
သုံးရက်အတွင်း ပါဝါ အိတ်ဇောတပ်ယာဉ်များနှင့်ပြိုင် ကားယာဉ် ၅၇ စီးကို ဖမ်းဆီးအရေးယူထားပြီး ထိုသို့ ဖမ်းဆီး ခြင်းကို သတ်မှတ်ကာလ အကန့် အသတ်မရှိ ထိထိရောက်ရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း သ တင်းရရှိသည်။
ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ် သည့်  ရန်ကုန်တိုင်းဒေသကြီး  လွှတ်တော်အစည်းအဝေးခေတ္တ ရပ်နားချိန်၌ တိုင်းအစိုးရ အဖွဲ့ ၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီးတင်ဝင်းက မီ ဒီယာများနှင့်တွေ့ဆုံစဉ်အထက် ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ် သည်။ ယခုရက်ပိုင်းအတွင်း စီမံ ချက်ဖြင့် ပါဝါအိတ်ဇောတပ်ဆင် ထားသည့် ပြိုင်ကား အပါအ၀င် အခြားကားများကို ညဘက်တွင် ဖမ်းဆီးအရေးယူလျက်ရှိပြီး ဖမ်းဆီးရမိသည့် ယာဉ်များကို တိုင်းဒေသကြီးလွှတ်တော်ဝင်းအတွင်း သိမ်းဆည်းထားသည်။
သိမ်းဆည်းထားသည့် ယာဉ် များအား သက်ဆိုင်ရာယာဉ်မှုစစ် များ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှု ဦးစီးဌာန တာဝန်ရှိသူ များက တရားဝင်မှတ်ပုံတင်ထား သည့် ယာဉ်ဟုတ်၊ မဟုတ်၊ မူလ မှတ်ပုံတင်စဉ်က တပ်ဆင်ထား သည့် စက်ပစ္စည်းများ ဟုတ်၊ မ ဟုတ် စသည့် အချက်များအား ဒီဇင်ဘာ ၈ ရက်တွင် လိုက်လံစစ် ဆေးခဲ့သည်။
 ‘‘ပြည်သူလူထုအတွက်လည်း အနှောင့်အယှက်ဖြစ်စေတဲ့ အတွက် အရင်ကလည်း ဖမ်းဆီး အရေးယူမှုတွေရှိပါတယ်။ အခု လည်း ဒါတွေကို မဖြစ်မနေဆက် တိုက်ဖမ်းဆီးအရေးယူမှုတွေလုပ် နေပါတယ်။ အချိန်ကာလကန့် သတ်ထားတာမရှိပါဘူး။ ဒါဘာ ကြောင့်လဲဆိုတော့ ပြည်သူတွေအတွက် လိုအပ်လို့ပါ’’ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။
ထို့သို့ ဖမ်းဆီးရာတွင် ဖမ်း ဆီးခံရသူများက အသာတကြည် ပြောဆိုမှုမရှိဘဲ မချေမငံဆက်ဆံ ခြင်း၊ ရင့်သီးစွာပြောဆိုခြင်းများ၊ ရန်ရှာ ကြိမ်းမောင်းခံရခြင်းများ ကြုံတွေ့ရကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ပါဝါအိတ်ဇောတပ် ယာဉ် များကို ယခုလ ၆ ရက်ညမှ စတင် အရေးယူသိမ်းဆည်းလျက်ရှိကာ ယခုလ ၈ ရက်အထိ လွှတ်တော် ၀င်းအတွင်း သိမ်းဆည်းထား သည့် ယာဉ်များ၌ ပြိုင်ကားများ အခြားအမျိုးအစား အိမ်စီးကားများအပြင် အငှားယာဉ် အချို့ လည်း ပါဝင်သည်။
http://7daydaily.com/story/26585#.VIZinsnZGM8
အမျိုးသားပညာရေးဥပဒေကို ပြည်မြို့တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသားများဆန္ဒပြ
ပြည်မြို့တွင် အမျိုးသားပညာရေး ဥပဒေကို ဆန္ဒပြနေစဉ် (ဓာတ်ပုံ − ဇော်မင်းထိုက်)
ပြည်− ပြည်မြို့နယ်အတွင်းရှိ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား၊ကျောင်းသူများသည် ဒီဇင် ဘာ ၈ ရက်က အမျိုးသားပညာ ရေးဥပဒေကို အလိုမရှိကြောင်း ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။
‘‘အမျိုးသားပညာရေးဥပဒေ မှာ အစကနေ အလယ်၊ဆုံးသည် အထိ ဒီမိုကရေစီမဆန်ဘူး။ အုပ် ချုပ်ရေးပိုင်းက ပါဝင်ထိန်းချုပ် ထားပြီး တတ်သိနားလည်တဲ့ ပညာရှင်တွေ ပါဝင်ဆောင်ရွက် နိုင်အောင်ပေးမထားဘူး။ ကျောင်းသားလွှတ်တော်တစ်ရပ် ဖြစ်တဲ့ သမဂ္ဂတွေတည်ထောင် ဖွဲ့စည်းခွင့်တွေထည့်သွင်းပြဋ္ဌာန်းတာမျိုးတွေမရှိဘူး။ အားလုံးခြုံကြည့်ရင် အစိုးရပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားဥပဒေက ကျောင်းသားထုတစ်ရပ်လုံးလွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တင်းကျပ်တဲ့ ဗဟိုချုပ်ကိုင်မှုတွေ၊ ကန့်သတ်မှုတွေရှိနေတာကြောင့် ကျောင်းသားထုတစ်ရပ်လုံးက ဆန္ဒဖော်ထုတ်ကြတာပါ’’ဟု ဆန္ဒဖော်ထုတ်သူ ကျောင်းသားကိုနေပိုင်ဦးကပြောသည်။
ပြည်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္က သိုလ်အစရှိသော တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများသည် ကွန်ပျူတာတက္ကသိုလ် ရှေ့မှ စတင်ကာ အမျိုးသားပညာရေး ဥပဒေကို အလိုမရှိကြောင်း၊ကျောင်းသားပြည်သူ အခြေမခံ သော အမျိုးသားပညာရေးအား မလိုမရှိကြောင်းတို့ကို အဓိက ထားကာ ပြည်တက္ကသိုလ်ရှေ့နှင့် ပြည်မြို့ပေါ်လမ်းမများတွင် လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့သည်။
‘‘ကျွန်တော်တို့ဟာ အခု အမျိုးသားပညာရေး ဥပဒေကို နားမလည်ဘဲ ကန့်ကွက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ အသိပညာရှင်၊အတတ်ပညာရှင် တွေအများကြီးရှိတယ်။ အားလုံး လေ့လာပြီးသားဖြစ်တယ်။ ဘွဲ့ လက်မှတ်သာရပြီး ပညာမတတ် တာမျိုးမလိုချင်ဘူး။ ကျွန်တော်တို့ မိဘတွေကို ကျွန်တော်တို့ပြော ချင်ပါတယ်။ ကျွန်တော်တို့ဘွဲ့ရခဲ့ တယ်။ ဒီဘွဲ့လက်မှတ်ဟာ ဘ၀ အတွက် ဘယ်လိုမျိုးအာမခံချက် ပေးတယ်ဆိုတာမျိုးပြောချင်ပါ တယ်’’ဟု ပြည်တက္ကသိုလ် ကျောင်းသားတဦးကပြောသည်။
အမျိုးသားပညာရေးဥပဒေ ကြမ်းကို ကန့်ကွက်ခြင်းများ နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် ဆန္ဒဖော်ထုတ်လျက်ရှိပြီး ရက်ပေါင်း ၆၀ သတ်မှတ်ကာ တောင်းဆိုမှုများပြုလုပ်ထားကြောင်း၊ ယင်းကာလများအတွင်း အမျိုးသားပညာရေးဥပဒေကြမ်း ကန့်ကွက်မှုများနှင့် ပတ်သက်၍ လှုပ်ရှားမှုများစဉ်ဆက်မပြတ်ဆောင်ရွက်နေကြောင်း၊ သတ်မှတ်ရက်တွင် အစိုးရအနေနဲ့ ကျောင်းသားထု၏ တောင်းဆိုမှုများကို လိုက်လျောမှုမရှိပါက နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသပိတ်ကြီးဆင်နွှဲကာ တောင်းဆိုမှုများပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီပညာရေး ဦးဆောင်လှုပ်ရှားမှု ဗဟိုကော်မတီမှ သိရသည်။
http://7daydaily.com/story/26577#.VIZixcnZGM8
လှိုင်သာယာအဝေးပြေးကွင်းအနီး ကျူးကျော်များဖယ်ရှား
လှိုင်သာယာအဝေးပြေး ၀င်းရှေ့ အတွင်းပဒံရပ်ကွက် အနီးမြေကွက်လပ်တွင် ကျူး ကျော်ထားသည့် မြေကွက် ၂၀၀ ခန့်ကို ရဲတပ်ဖွဲ့၊ စည်ပင်နှင့် ဒေသခံများက ဒီဇင်ဘာ ၈ ရက်နေ့လယ်တွင် ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။
အတွင်းပဒံရပ်ကွက်၊ မြစိမ်း ရောင်ဘုရားအနီးတွင် ကျူးကျော် နေထိုင်ရန် ၀ါးလုံးတိုင်များ စိုက် ထားခြင်းဖြစ်ပြီး တစ်ကွက်လျှင် ဆယ့်ငါးပေခန့် အကျယ်ရှိ အကွက်ပေါင်း ၂၀၀ ခန့်ဖယ်ရှားခဲ့ ကြောင်း အတွင်းပဒုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်က ပြောသည်။
‘‘ရဲရော၊ စည်ပင်ပါ အင် အား ၇၀ လောက်ရှိမယ်။ ကျူး တွေမှတ်ထားတဲ့တိုင်တွေကို ရှင်း တာပေါ့။ ပြန်ရောင်းဖို့ ရည်ရွယ် ချက်နဲ့ ကျူးထားကြတာ။ ဒါ ကြောင့် ရှင်းတာပါ’’ဟု ဦးသိန်း ထိုက်ကပြောသည်။
ရှင်းလင်းခံရသည့် မြေနေ ရာတွင် ပြန်ရောင်းရန် ရည်ရွယ်၍ ကျူးထားသူများထံမှ မြေနေရာ ၀ယ်ထားသူ အချို့သာရှိပြီး ရန်ပြု တိုက်ခိုက်ခြင်းမရှိကြောင်း သတင်းရရှိသည်။
‘‘ပြန်ရောင်းဖို့ဆိုပြီး ကျူး ထားတဲ့လူတွေက ဟိုကြည့်လိုက်၊ ဒီကြည့်လိုက်လစ်သွားလိုက်ပေါ့။ ဟိုနေ့ကလို ရန်ပြုတာမျိုးမရှိဘူး။ ၀ယ်ထားမိတဲ့သူတချို့ကတော့ ရပ်ကြည့်နေကြတာပေါ့’’ဟု ကျူး ထားသည့် မြေနေရာများ ရှင်းလင်း ရာတွင် ပါဝင်ခဲ့သည့် အတွင်း ပဒံရပ်ကွက်ဒေသခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၅ ရက်နေ့လယ်က မြစိမ်းရောင်စေတီအနီး မြေကွက် လပ်ကို အင်အား ၅၀ ခန့်ရှိ ကျူး ကျော်များလာရောက်တိုင်စိုက်ရာ မှ ဒေသခံများနှင့် ထိပ်တိုက်တွေ့ ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအ ၀င် လူ ငါးဦး ဒဏ်ရာရခဲ့သည်။
မြေနေရာယူထားသူများမှာ လှိုင်သာယာအဝေးပြေးဝင်းရှေ့ရှိ ၀ါဝါ၀င်းကုမ္ပဏီပိုင်မြစိမ်းရောင် အိမ်ရာစီမံကိန်းမြေနှင့် အနော်ရ ထာစက်မှုဇုန်မြေနေရာတို့တွင် ထောင်နှင့်ချီ၍ ရှိနေကာ မီးဘေးအန္တရာယ်နှင့် လုံခြုံရေး အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးကပြောသည်။
‘‘ကုမ္ပဏီကို မြို့နယ်အုပ် ချုပ်ရေးပိုင်းက ခြံစည်းရိုးခတ် ခိုင်းတာ။ အခုထိ မခတ်သေးဘူး။ ကျူးထားတဲ့ သူတွေက ၀င်နေကြ ပြီဆိုတော့ မီးရေး၊ ထင်းရေးစိုးရိမ် နေရတယ်။ ကုမ္ပဏီဘက်က ကျူး တွေကို မကြာခင်ရှင်းမယ်လို့ တော့ ကြားတယ်’’ဟု ဆိုသည်။
အင်အားသုံးထောင်ခန့်ရှိ ကျူးများမှာ လှိုင်သာယာအဝေး ပြေးဝင်းရှေ့ရှိ မြစိမ်းရောင်အိမ် ရာစီမံကိန်းမြေနှင့် အနော်ရထာ စက်မှုဇုန်မြေနေရာတို့တွင် အောက်တိုဘာမှစတင်ကာ လာရောက်တဲထိုးနေကြခြင်းဖြစ်သည်။
http://7daydaily.com/story/26593#.VIZgbMnZGM8
မွန်ပြည်နယ်တွင် စွန့်ပစ်အမှိုက်မှ လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရန် ဂျပန်ကုမ္ပဏီနှင့် ညှိနှိုင်း
မွန်ပြည်နယ်မှ စွန့်ပစ် ပလတ်စတစ်အမှိုက်များ ကျို ချက်သန့်စင်ကာ လူသုံးကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ်ရန် ဂျပန်နိုင်ငံမှ စီးပွားရေးကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းနေကြောင်းမွန်ပြည်နယ်စက်မှုလက်မှု ကုန်သည်များအသင်းဥက္ကဋ္ဌဦးလှရှိန်ကပြောသည်။
 ‘‘စွန့်ပစ်ပလတ်စတစ်အမှိုက် တွေကို သန့်စင်ပြီးတော့ လူသုံး ကုန်ပစ္စည်း အမျိုးမျိုး ပြန်လည် ထုတ်လုပ်ဖို့အတွက် ဂျပန်နိုင်ငံက စီးပွားရေးကုမ္ပဏီတစ်ခုက ကျွန် တော်တို့ကို ကမ်းလှမ်းထားတာရှိ တယ်။ အဲဒီကိစ္စအတွက် မော်လ မြိုင်မြို့နယ်စည်ပင်သာယာဥက္က ဋ္ဌလက်မှတ်ရေးထိုးပြီးတော့ စာ ပေးပို့ထားတယ်’’ဟု ဦးလှရှိန်က ပြောသည်။
ယင်းလုပ်ငန်း စီမံကိန်းအ တွက် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ပြီး လက်ရှိတွင် ပဏာမကမ်း လှမ်းထားသည့်အဆင့်သာဖြစ် သည်ဟု သိရသည်။ ထို့အပြင် ယိုး ဒယားနိုင်ငံရေသန့်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကလည်း မွန်ပြည် နယ်တစ်ခုလုံးအတွက် သောက်သုံးရေ ဖြန့်ဝေနိုင်ရေး စီမံကိန်းတစ် ခုလုပ်ကိုင်ရန် ကမ်းလှမ်းထား ကြောင်းသတင်းရရှိသည်။
ထို့အပြင် မွန်ပြည်နယ်၏ ဒုတိယစက်မှုဇုန်တစ်ခုကို မော်လ မြိုင်မြို့၊ ကျောက်တန်းကျေးရွာအ နီးတွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်နေပြီး အဆိုပါ စက်မှုဇုန်တွင် သွပ်ပြားထုတ်လုပ် ခြင်းလုပ်ငန်း၊ သစ်ခွဲသားထုတ် လုပ်ခြင်း လုပ်ငန်း၊ ရေသန့်စင် လုပ်ငန်း၊ ရွှေသန့်စင်လုပ်ငန်း၊ ရော်ဘာကုန်ချောထုတ်လုပ်ငန်း များအပါအ၀င် လုပ်ငန်းဆယ်မျိုး ကျော်လုပ်ကိုင်ဆောင်ရွက်သွား မည်ဟု သိရသည်။
http://7daydaily.com/story/26589#.VIZhksnZGM8
မြန်မာလုပ်သားနှစ်ဦး အပြစ်ဝန်ခံရန် ထိုင်းတရားသူကြီးပြော၊ လုပ်သားနှစ်ဦးက ပြစ်မှုမကျူးလွန်ဟု ငြင်းဆန်
ပုဒ်မခုနစ်ခုဖြင့် တရားစွဲဆိုခံထားရသော မြန်မာလုပ်သားနှစ်ဦးအား တရားရုံးသို့ အချုပ်ကားဖြင့် ခေါ်ဆောင်လာသည်ကို ဒီဇင်ဘာ ၈ ရက်က တွေ့ရစဉ်(SITTHIPONG CHAREONJAI/EPA)
မြန်မာလုပ်သားနှစ်ဦး အမှုတွဲတင်ပြီး   ပထမဆုံးအ ကြိမ်ရုံးထုတ်စစ်ဆေးသည့်နေ့ တွင် ကော့စမွီမြို့နယ်တရားသူ ကြီးက အပြစ်ဝန်ခံလျှင်ပြစ်ဒဏ်ထက်ဝက်သက်သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟု  မြန်မာလုပ်သားနှစ်ဦးကိုပြောဆိုလိုက်ကြောင်း    သတင်းရရှိသည်။
ဒီဇင်ဘာ ၈ရက်တွင် လိပ် ကျွန်းလူသတ်မှုဖြင့် အမှုတွဲတင် ပြီးနောက်ပိုင်း မြန်မာလုပ်သားနှစ်  ဦးအား ပထမဆုံးအကြိမ်ရုံးထုတ် စစ်ဆေးရာ ကော့စမွီမြို့နယ်တ ရားသူကြီးက အပြစ်ရှိကြောင်းဝန် ခံလျှင် ပြစ်ဒဏ်ထက်ဝက်သက် သာမည်၊ ၀န်ခံခြင်းမရှိ၍ ပြစ်မှု ကျူးလွန်ကြောင်းထင်ရှားပါက အပြစ်အတိုင်းခံရမည်ဟုပြောဆို ရာ  မြန်မာလုပ်သားနှစ်ဦးက အပြစ်မလုပ်ထား၍ ၀န်မခံနိုင်ဟုပြန်လည်ပြောဆိုလိုက်ကြောင်း သတင်းရရှိသည်။
 အမှုစစ်ဆေးမှုကိုလည်း ဒီဇင်ဘာ ၂၆ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း မြန်မာသံရုံးအထူး အဖွဲ့မှ ဦးကျော်သောင်းကပြော သည်။
‘‘တရားသူကြီးက အပြစ်ရှိ ရင် ၀န်ခံပါလို့ပြောတယ်။ တစ်ဝက် သက်သာမယ်လို့ပြောတယ်။ ကလေးတွေက ဘာမှမလုပ်ထား လို့ဝန်မခံနိုင်ဘူးလို့ ပြန်ပြော တယ်။ ကျွန်တော်က သူတို့ကိုမေး တယ်။ ပုဒ်မခုနစ်နဲ့ တရားစွဲထား တာမကြောက်ဘူးလား။ ငါတို့ကို အမှန်အတိုင်းဖြေလို့ပြောတယ်။ သူတို့မလုပ်ဘူးလို့ပဲ ပြောနေတယ်’’ဟု၎င်းက ပြောသည်။
  မြန်မာသံရုံးအထူးအဖွဲ့ သည် အမှုကို ပြန်လည်ချေပရန် ခိုင်မာသည့်အချက်အလက်များ ရရှိထားကြောင်း မြန်မာသံရုံးအ  ထူးအဖွဲ့မှ ဦးမိုးဝေကပြောသည်။
‘‘ကျွန်တော်တို့ဘက်က အမှု ကို သက်သေထွက်ဆိုဖို့ လူငါးဦး ရှိပါတယ်။ ဒါပေမဲ့ အဲဒီငါးဦးက လည်း ထိုင်းမှာနေရတာဖြစ်လို့ ကြောက်လို့ဆိုပြီး သက်သေမ ထွက်ရဲဘဲဖြစ်နေတယ်။ အစိုးရ အနေနဲ့ အဲဒီသူငါးဦးကို ခိုင်မာတဲ့ လုံခြုံရေးပေးပြီး သက်သေထွက် ဆိုအောင်   ပြုလုပ်ပေးသင့်ပါ တယ်’’ဟု  ဦးကျော်သောင်းက ပြောသည်။
ပထမဆုံးရုံးထုတ်စစ်ဆေးမှု ကို မြန်မာသံရုံးအထူးအဖွဲ့မှတာ ၀န်ရှိသူများနှင့် ထိုင်းနိုင်ငံရှေ့နေ များကောင်စီမှ ရှေ့နေသုံးဦးတို့ သွားရောက်ကြားနာခဲ့ကြောင်းသ တင်းရရှိသည်။
ယင်းမြန်မာလုပ်သားနှစ်ဦးတွင်   ပြစ်မှုကျူးလွန်သည့်အ ထောက်အထားများ ခိုင်လုံနေ သည်ဟု သေဆုံးသူဗြိတိန်စုံတွဲ၏ မိသားစုဝင်များက ဒီဇင်ဘာ ၅ ရက်၌ထုတ်ဖော်ပြောကြားထားသည်။
 လိပ်ကျွန်းဖြစ်စဉ်နှင့်ပတ် သက်၍ ဗြိတိန်ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိထားသည့်အထောက်အထားများကို ဗြိတိန်စုံတွဲ၏ မိသားစုဝင်များအားပေးအပ်ခဲ့ခြင်းဖြစ်သည်။
http://7daydaily.com/story/26604#.VIZfq8nZGM8