March 24, 2015

ကိုးကန့်တိုက်ပွဲများကြောင့် တရုတ်ပြည်တွင်းမှ ပြန်ရောက် လာသည့် မြန်မာ အလုပ်သမား (၇၂၀၀) ကျော်ရှိ

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် ဖုန်ကြားရှင်၏ ကိုးကန့်တပ် (MNDAA)နှင့် တပ်မတော် တို့၏ တိုက်ပွဲများကြောင့် တရုတ် ပြည်တွင်းမှ ပြန်ရောက် လာသည့် မြန်မာ အလုပ်သမား (၇၂၀၀) ကျော် ရှိပြီ ဖြစ်ကြောင်း ပြန်ရောက် လာသည့် မြန်မာ အလုပ်သမား များကို ကူညီပေး နေသည့် ကွမ်းလုံ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့က The Messenger Media သို့ ပြောသည်။ အဆိုပါ မြန်မာ လုပ်သား များသည် မိမိ အစီအစဉ်ဖြင့် ပြန်လာကြသူများ ဖြစ်ပြီး၊ ကွမ်းလုံမြို့သို့ ရောက်ရှိလာသူ များကို အစိုးရနှင့် ကြက်ခြေနီတို့ ပူးပေါင်း၍ လားရှိုးမြို့သို့ ကူညီ ပို့ဆောင်ပေး ခဲ့ကြောင်း သိရ သည်။
                စစ်ရေး ပြင်ဆင်မှုတွေကြောင့် နေ့စဉ်လိုလို ပြန်လာနေ ကြတယ်။ ကွမ်းလုံမြို့ကို ရောက်ရင်တော့ ကျွန်တော်တိုက အစားအသောက်တို့၊ ကြက်ခြေနီ ကလည်း အမျိုးသမီး တစ်ကိုယ်ရေသုံး ပစ္စည်းတွေ ထောက်ပံ့တယ်။ ကျွန်တော်တိုကပဲ သူတို့ ပြန်နိုင်ဖို့ ကားတွေ စီစဉ် ပေးတယ်။ သူတို့ ကတော့ ဟိုဘက်မှာ အများကြီး ကျန်သေးတယ်လို့ ပြောတယ်။ အတိအကျတော့ မသိရသေးဘူး ဟု ၎င်းက ပြောသည်။
                အဆိုပါ မြန်မာ အလုပ်သမား များမှာ မြန်မာပြည် အလယ်ပိုင်း ဒေသများ ဖြစ်သော နတ်မောက်၊ မလှိုင်၊ တောင်တွင်းကြီး၊  မြန်မာပြည် အောက်ပိုင်းမှ ခရမ်း၊ သုံးခွ၊ ၀ါးခယ်မ မြို့များ၌ နေထိုင်ကြသူများ ဖြစ်ပြီး၊ တရုတ် ပြည်တွင်းတွင် ကြံခုတ် လုပ်သား၊ မရမ်းခြံ လုပ်သားများ အဖြစ် လုပ်ကိုင်သူများ ဖြစ်ကြောင်း သိရသည်။
                မနေ့ကလည်း တစ်ရာကျော်လောက် ပြန်လာမယ် ဆိုပြီး အကြောင်းကြားတယ်။ ဒါပေမဲ့ လောက်ကိုင်နဲ့ ချင်းရွှေဟော်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ ပြန်မလာနဲ့ဦး၊ တိုက်ပွဲ အခြေအနေ ကြည့်ပြီးမှ ပြန်လာလို့ ပြောထားတယ် ဟု ဒေါက်တာ သိန်းမြို့က ပြောသည်။ ထို့အပြင် လောက်ကိုင် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံ အတွင်း စစ်ဘေးရှောင်နေသည့် မြန်မာနိုင်ငံသား (၁၉၈) ဦးအား တရုတ် အစိုးရက မြန်မာ အစိုးရထံ ဖေဖော်ဝါရီလ (၂၈) ရက်နေ့၌ ပထမဆုံး အကြိမ် လွှဲပြောင်း ပေးအပ် ခဲ့သည်။
                လောက်ကိုင်ဒေသတွင် ဇန်န၀ါရီလ (၉)ရက်နေ့မှစတင်၍ တပ်မတော်နှင့် MNDAA၊ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအား စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ရန် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်ထံ အာဏာလွှဲပြောင်း ပေးအပ် လိုက်ကြောင်း ဇန်န၀ါရီလ(၁၇)ရက်နေ့ က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန် ကြေညာခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34127

ရွှေသံစဉ် ဂီတအဖွဲ့ မှ လောက်ကိုင်ဒေသ ဒုက္ခသည်များကို ငွေကျပ် သိန်း (၂၀) ကျော် သွားရောက် လှူဒါန်း

ရွှေသံစဉ်ဂီတ အဖွဲ့ မှ လောက်ကိုင်ဒေသ ရှိ ကျဆုံးစစ်သည်များ ဒဏ်ရာရ စစ်သည်များ အပါအ၀င် စစ်ဘေးရှောင် ဒုက္ခသည်များကို ငွေကျပ်သိန်း (၂၀) ကျော် သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ မကြာမီရက်ပိုင်းက ရွှေသံစဉ်ဂီတ ဖျော်ဖြေရေး အဖွဲ့အနေဖြင့် စစ်ဖြစ်ပွားရာ လောက်ကိုင်ဒေသသို့ သွားရောက်ခဲ့ပြီး ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကာ အ၀တ်အစား အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
                 ကျွန်တော်တို့ သွားရေး လာရေးနဲ့ စက်သုံးဆီ စရိတ်တွေ အတွက် အဝေးပြေး မော်တော်ယာဉ် ပိုင်ရှင်တွေနဲ့ တခြား အဖွဲ့ အစည်း တွေက လှူဒါန်းလိုက်တာတွေ ရှိပါတယ်။ ဒီ ငွေကြေးတွေနဲ့ပဲ လှူဒါန်းခဲ့ တာပါ ဟု ရွှေသံစဉ် ဂီတ အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုဝင်းမော်က ပြောသည်။ ရွှေသံစဉ် ဂီတ အဖွဲ့သည် မူလ အစီအစဉ် အရ စစ်ဘေးရှောင် ဒုက္ခသည်များ အတွက် ဂီတဖြင့် ဖျော်ဖြေရန် စီစဉ်ခဲ့ သော်လည်း ကျဆုံး စစ်သည် များ၏ မိသားစု အခြေအနေ များကို မြင်တွေ့ရ သောကြောင့် ဖျော်ဖြေခြင်း မရှိခဲ့ဘဲ အလှူငွေသိန်း (၂၀) ကျော်နှင့် အ၀တ်အထည်များ ကိုသာ လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။
                လောက်ကိုင်ဒေသတွင် ယခုလ (၂၁) ရက်နေ့ အထိ တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး နှစ်ဖက် စစ်သည်များ ထိခိုက် ကျဆုံးလျက် ရှိကြောင်း သိရသည်။ ရွှေသံစဉ် ဂီတ အဖွဲ့သည် ပြီးခဲ့သည့် ဇန်န၀ါရီလ တစ်လလုံး ဗိုလ်ချုပ်ရာပြည့် ပွဲတော် ရန်ပုံငွေ အတွက် အနယ်နယ် အရပ်ရပ်သို့ လှည့်လည် ဖျော်ဖြေရာ ငွေကျပ်သိန်း (၂၀၀) ခန့် ရရှိခဲ့ပြီး ပွဲတော် ဖြစ်မြောက်ရေး ကော်မတီထံ သို့ လှူဒါန်း ခဲ့သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34125

သင်္ကြန် လုံခြုံရေး အတွက် မြို့နယ် အလိုက် အထူးစီမံချက်ဖြင့် ကြပ်မတ်မည်

ယခုနှစ် သင်္ကြန်တွင် ရန်ကုန်၌ လုံခြုံရေးကို ခရိုင်နှင့်မြို့နယ်အလိုက် အထူး စီမံချက်ဖြင့် ကြပ်မတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထံမှ သိရသည်။
                 အခု လောလောဆယ် သင်္ကြန် လုံခြုံရေးစီမံချက်က ဆွဲနေတုန်း။ ခရိုင်အလိုက်၊ မြို့နယ် အလိုက် စီမံချက်တွေ ခွဲလုပ်မှာ။ သက်ဆိုင်ရာ မဏ္ဍပ်တွေမှာ ရဲတပ်ရင်းတွေနဲ့ တွဲလုပ်ရမယ်။ အထူး စီမံချက်ပေါ့ ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူ ဒုရဲမှူး ပြည့်စုံက The Messenger Media  သို့ ပြောသည်။
             ယခုနှစ်တွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ခရိုင်အုပ်ချုပ်ရေးမှူးများကို အရက်ရောင်းချသော ဆိုင်များအား လိုင်စင်ချပေးမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း၊ အရက်သေစာ သောက်စားမူးယစ် ရမ်းကားမှုများ၊ ခိုက်ရန် ဖြစ်ပွားမှုများကို ကြိုတင် ကာကွယ်နိုင်မည့် နည်းစနစ် များကို စီမံချက် ချမှတ်ရာတွင် ခရိုင်အလိုက် ရဲမှူးများ၊ ရဲတပ် ရင်းအရာရှိကြီးများနှင့် ဆွေးနွေးနေကြောင်း ရဲမှူးပြည့်စုံက ဆိုသည်။ ရန်ကုန်မြို့တွင် သင်္ကြန်တွင်း၌ ကားတိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ သရုပ်ပျက် ၀တ်ဆင်မှုများကို နှစ်စဉ် ကြုံတွေ့နေရ သဖြင့် ထိန်းချုပ်နေ ရကြောင်း ရဲတပ်ဖွဲ့ ဝင် များက ဆိုသည်။ ယမန်နှစ် သင်္ကြန်ကာလ အတွင်းကမူ အထူး စီမံချက် ရေးဆွဲခြင်း မပြုခဲ့ဘဲ လုံခြုံရေး ကိုသာ တိုးမြှင့်ခဲ့ကြောင်း သိရသည်။
                 စီမံချက် ဖိုင်နယ် အဆင့် မရောက်သေးဘူး။ အင်အားတော့ တိုးမြှင့်ချ ထားမယ်။ လောလောဆယ် အစီအမံတွေ လုပ်နေတယ်။ သရုပ်ပျက် ၀တ်စား ဆင်ယင်မှုတွေ ကိုလည်း စစ်ဆေးရမယ် ဟု ရန်ကုန်တိုင်းဒေသကြီး ရဲ့တပ်ဖွဲ့ မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က The Messenger Media  သို့ ပြောသည်။ သင်္ကြန် လုံခြုံရေး လုပ်ဆောင်ရာတွင် ရဲတပ်ဖွဲ့ အပြင် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ စည်ပင်သာယာရေး၊ ကျန်းမာရေး အဖွဲ့ များနှင့် ပါ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ပြီး သင်္ကြန် မဏ္ဍပ်များရှိ အလုံပိတ် အခန်းများကိုပါ စစ်ဆေး သွားမည် ဖြစ်ကြောင်း ဒုရဲမှူးကြီး ၀င်းကြည်က ဆိုသည်။
                ယခုနှစ်တွင် သင်္ကြန်မဏ္ဍပ် (၁၀၀)ခန့် တင်ပြထားသော်လည်း (၇၀)ကျော်သာ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်များရှိ သင်္ကြန်မဏ္ဍပ်များ၏ လုံခြုံရေး အစီအစဉ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ မတ်လ (၂၅)ရက်နေ့ နောက်ဆုံး ထား၍ တင်ပြပေး ရမည် ဖြစ်ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34156

သင်္ကြန်မဏ္ဍပ် (၇၀) ခန့်သာ ခွင့်ပြုမည်

                ရန်ကုန်မြို့ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် လျှောက်ထားသူ (၂၀၄)ဦးအထိ ရှိသော်လည်း ရေကစားမဏ္ဍပ် (၇၀)ခန့် သာ ခွင့်ပြုရန် စီစဉ် ထားကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ (လမ်းနှင့်တံတားဌာန)ထံမှ သိရသည်။ အဆိုပါ မဏ္ဍပ် ဆောက်လုပ်ခွင့် ကန့်သတ်ရခြင်းမှာ ယာဉ်ကြော ပိတ်ဆို့မှုများ၊ မလိုလား အပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရန် အတွက် ဖြစ်ကြောင်း သိရသည်။
                 မဏ္ဍပ်လျှောက်ထားသူများတဲ့ အတွက် မဲစနစ်နဲ့ပဲ ဆောင်ရွက်မယ်။ မဲမပေါက်တဲ့သူ တွေကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူး ဟု YCDC အင်ဂျင်နီယာ (လမ်းနှင့်တံတားဌာန) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မဏ္ဍပ်များ ဆောက်လုပ် ခွင့်ပြုရာတွင် မဏ္ဍပ်များအား ရှေ့မျက်နှာ အကျယ် အရှည်ပေ (၁၀၀)  မှ (၁၂၀) ကြား၊ မြေပြင် အမြင့်အား ပေ (၂၀) အထိသာ အကြီးဆုံး ဆောက်လုပ် ခွင့်ပြုမည် ဖြစ်ပြီး၊ ယင်းသတ်မှတ်ချက်ထက် ကျော်လွန်ပါက ဆောက်လုပ် ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
                ရန်ကုန်၌ သင်္ကြန်မဏ္ဍပ်များ နေရာချ ထားပေးရာတွင် လူစည်ကားသည့် နေရာများ ဖြစ်သည့် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်း၊ ပါရမီလမ်း စသည့် မြို့နယ်များတွင် ဆောက်လုပ်ခွင့်ပြု ရန် စီစဉ်ထားကြောင်း သိရသည်။ မဏ္ဍပ်လျှောက်တဲ့ သူကများတော့ အရေအတွက်ကို တိုးပြီးချထားပေး သင့်တယ်။ အခုနောက်ပိုင်းဆို လူငယ်တော်တော် များများက မဏ္ဍပ်ထိုင်တာ များလာတဲ့ အတွက်ပါ ဟု မဏ္ဍပ် ဆောက်လုပ်ရန် လျှောက်ထားသူ ကိုအောင်လေးက ဆိုသည်။ ပြီးခဲ့သည့်နှစ် သင်္ကြန်တွင် ရန်ကုန် သင်္ကြန်မဏ္ဍပ် လျှောက်ထားသူ (၁၈၁) ခုရှိ သော်လည်း မဏ္ဍပ် (၉၀) နီးပါးသာ ဆောက်လုပ်ခွင့်ပြု ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ထံမှ သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34155

KIA နဲ့ မြန်မာတပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်

ကချင်လွတ်လပ်ရေးတပ် (KIA) ရှေ့တန်းကင်းလှည့် တပ်ဖွဲ့ဝင်များ။

ကချင်ပြည်နယ် မန်စီဒေသဘက်မှာ မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး KIA တပ်တွေ တနင်္လာနေ့အထိ တိုက်ပွဲဆက်ပြီးဖြစ်နေပါတယ်။ တိုက်ပွဲကြောင့် တပ်ဖွဲ့ဝင်ကျဆုံးတဲ့ဦးရေကို နှစ်ဘက်စလုံးက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ အခုလို ထိုးစစ်တိုက်ပွဲတွေရပ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးရဖို့ ဆက်လက် ကြိုးပမ်းဖို့လိုကြောင်း ကချင်ခေါင်းဆောင်တွေကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ် တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ်မှာ တနင်္လာနေ့ထိ တိုက်ပွဲတွေဆက်ပြီးဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့ KIA ဒုဗိုလ်မှူးကြီးနော်ဘိုက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မန်စီမြို့နယ်မှာဖြစ်ပါတယ်။ သူတို့ တပ်မဟာ (၃)၊ တပ်ရင်း (၂၇) နေရာမှာ။ ရှေ့တန်းနေရာပေါ့၊ တပ်ရင်း (၂၇) ဆိုတာ။ မနေ့ကတော့ လေကြောင်းတိုက်ခိုက်တာတော့ မကြားဘူး။ ခြေလျင်နဲ့တိုက်တယ်လို့ပဲ ကြားတယ်။”

တနင်္ဂနွေနေ့ကစတင်ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။ တိုက်ပွဲစတင်ဖြစ်ခဲ့တဲ့အကြောင်းအရင်းနဲ့ပတ်သက်လို့ အစိုးရဘက်က တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးပေမယ့် မြန်မာတပ်မတော်ဘက်က သစ်မှောင်ခိုရှင်းလင်းရေးလုပ်ဆောင်တာကနေ KIA နဲ့ တိုက်ပွဲစဖြစ်တယ်လို့ သတင်းတွေထွက်နေတာပါ။ ဒါနဲ့ပတ်သက်လို့ ဒုဗိုလ်မှူးကြီးနော်ဘိုက

“သူတို့က သစ်မှောင်ခိုတွေကို ဖမ်းဖို့လာတယ်လို့ ပြောတာ။ အဲဒါ ကျနော်တို့ အဲလိုပဲကြားပါတယ်။ ဒါပေမယ့် အဲဒီနေရာမှာ သစ်ခုတ်ဖို့နေရာလည်း မရှိပါဘူး။ ဟုတ်လည်းမဟုတ်ပါဘူး။ သစ်တွေလာရင်တော့ အောက်ပိုင်းကနဲ့ မြန်မာနိုင်ငံကလာတဲ့သစ်တွေ ဖြစ်နိုင်ပါတယ်။ ကျနော်တို့ သစ်ခုတ်တယ်၊ ရောင်းတယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။”

အခုလိုတိုက်ပွဲတွေဖြစ်နေပေမယ့် KIA ဘက်က အပစ်အခပ်ရပ်စဲရေး ဆက်လက်ဆွေးနွေးကြိုးပမ်းသွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။

“အတွေ့အကြုံအရပြောမယ်ဆိုရင်တော့ ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲ လုပ်တိုင်းကတော့ တိုက်ပွဲလည်းဖြစ်ပါတယ်။ ဒါက ခါတိုင်းလည်းဖြစ်ပါတယ်။ …ပေးတယ်လို့ ကျနော် သိပါတယ်။ ဒါပေမယ့် ကျနော်တို့က ဆက်ပြီးမှ ဆွေးနွေးသွားမှာဖြစ်ပါတယ်။”

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်တွေကြားတိုက်ပွဲတွေဖြစ်နေတာတွေရပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းသင့်တယ်လို့ ကချင်အမျိုးသားလွှတ်တော် ဦးခက်ထိန်နန်ကပြောပါတယ်။

“အခု ဖြစ်ပျက်နေတဲ့ဟာတွေကတော့ ကျနော်တို့လည်း အခုတလောပဲ တောက်လျှောက်ပဲ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အနေအထားပေါ့လေ။ ဒါကို ဘယ်လို ထိန်းသိမ်းကာကွယ်ကြမလဲဆိုတဲ့ အနေအထားကတော့ အားလုံးကတော့ ဝိုင်းဝန်းဖြေရှင်းသွားကြရမယ့် အနေအထားပဲပေါ့။ အဲလိုပဲ သုံးသပ်တယ်။”

အခုလို ကချင်ပြည်နယ်ဘက်မှာ မြန်မာစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့တချိန်တည်းမှာပဲ ရှမ်းပြည် ကျောက်မဲ ဘက်မှာလည်း PNLA တအောင်း (ပလောဝ်) လွတ်မြောက်ရေးတပ်မတော်နဲ့ မြန်မာစစ်တပ်တို့ တနင်္ဂနွေနေ့က တိုက်ပွဲလေးကြိမ်လောက် ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က MNDAA ကိုးကန့်လက်နက်ကိုင်တပ် နဲ့မြန်မာစစ်တပ်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

မန်စီ မြို့နယ် အတွင်း တိုက်ပွဲ ပြင်းထန်


ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်နေတဲ့ကြားက ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်
ကချင် ပြည်နယ် မန်စီ မြို့နယ် အတွင်း KIA ကချင် လွတ်လပ်ရေး အဖွဲ့ တပ်တွေနဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တပ်မတော် ဘက်က လေကြောင်း တိုက်ခိုက်မှုတွေ လည်း ရှိခဲ့ပြီး မတ်လ ၂၃ ရက် မနက် အထိ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

တရုတ် နိုင်ငံဘက်ကို ဦးတည်တဲ့ သစ်တွေ တင်ဆောင် လာတဲ့ ကားတန်းကို အစိုးရ ဘက်က လာရောက် တားဆီးစဉ် ဗန်းမော် ကနေ နန့်ခမ်းကို သွာတဲ့ တောင်ပေါ်လမ်း ပေါ်က မထက် ရွာမှာ KIA အဖွဲ့နဲ့ အစိုးရ တပ်ဘက်က ခမရ ၃၁၇၊ တပ်မ၈၈ လက်အောက်ခံ တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်တာလို့ ကေအိုင်အိုဘက်က ပြောပါတယ်။

အစိုးရ ဘက်ကတော့ သစ်မှောင်ခို ရှင်းလင်းရေး လုပ်ဆောင်တာလို့ သူတို့ ဘက်ကို အကြောင်းကြားခဲ့တယ်လို့ ကေအိုင်အေ နည်းပညာ အထောက်အကူ အဖွဲ့က ဦးဒေါင်ခါးက ပြောပါတယ်။

မတ်လ ၂၀ ရက်နေ့က ထပ်မံ ဖြစ်လာခဲ့တဲ့ အဲဒီ တိုက်ပွဲ တွေနဲ့ ပတ်သက်လို့ ရန်ကုန်မှာ ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့တွေကြား ငြိမ်းချမ်းရေး ဆွေနွေးပွဲမှာ တင်ပြ ဆွေနွေး ခဲ့ကြပေမဲ့ တိုက်ပွဲတွေက ဆက်ဖြစ်နေတုန်းပဲလို့ ကေအိုင်အိုဘက်က ပြောပါတယ်။

အခုလို အခင်းအကျင်းမျိုးက ညှိနှိုင်း ဆွေးနွေးမှုတွေ စတင်ကတည်းက ဖြစ်နေကျ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လုပ်တိုင်း အစိုးရဘက်က ထိုးစစ်ဆင်ပြီး ကြီးမားတဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်လေ့ရှိပေမယ့် အခု တစ်ကြိမ်ကတော့ အစိုးရဘက်က တိုက်လေယာဉ်တွေနဲ့ပါ တိုက်တဲ့အဆင့် ရောက်လာတယ်လို့ ဦးဒေါင်ခါးက ပြောပါတယ်။

တနင်္ဂနွေနေ့ မတ်လ ၂၂ ရက်နေ့ အထိ အစိုးရဘက်က တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ အစီး၂၀၀ ကျော်ပါတဲ့ သစ်ကားတန်း ရပ်နေပြီလို့ သိရပေမယ့် အစိုးရ ဘက်ကတော့ ဒီတိုက်ပွဲ သတင်းနဲ့ ပတ်သက်လို့ တစုံတရာ တရားဝင် ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

BBC Burmese
http://www.bbc.co.uk/burmese

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား အဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်

လောင်ချာလက်နက်တွေ သယ်ဆောင်လာတဲ့ မြန်မာစစ်သားတွေ ကိုးကန့်ဒေသအတွင်း ကင်းလှည့်နေစဉ်။

မြန်မာ အစိုးရ တပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြား ရှမ်းပြည်နယ်နဲ့ ကချင်ပြည် နယ်တွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး မြန်မာ့ တပ်မတော်ဘက်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။ ကွတ်ခိုင်နဲ့ကျောက်မဲမြို့တို့မှာလည်း တအာန်း ပလောင်တပ်တွေနဲ့ မြန်မာ့ တပ် မတော်တို့ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ကချင်ဒေသဘက်မှာလည်း စစ်ရေးတင်းမာမှုရှိနေပါတယ်။ ကိုးကန့်ဒေသဘက်မှာတော့ မနေ့က တိုက်ပွဲ အခြေအနေ ငြိမ်နေပေမယ့် ကုန်းကြမ်းမြို့အနီးမှာ မြန်မာ့တပ်မတော်က နောက်တန်းပြန် တပ်ကားကို ကိုးကန့်လက်နက်ကိုင်တို့ဘက်က တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း ကိုးကန့်ဒေသဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ကြောင်း မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းချိန်မှာ ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက အခုလို စပြောပါတယ်။

“အခုနတုန်းကတော့ ကျနော်ကြားတာတော့ တိုက်ပွဲနည်းနည်းဖြစ်တယ်ပြောတယ်၊ ကျနော် အခြေအနေ မသိရသေးဘူးဗျ။”

မေး။ ။ နောက်ပြီးတော့ မနေ့တုန်းကလည်း သတင်းတွေ ထွက်ပါတယ်၊ ကုန်းကြမ်းဘက်မှာနောက်တန်းပြန်တဲ့စစ်သားတွေ အပစ်ခံရတယ်ဆိုတာရော ဦးထွန်းမြတ်လင်း ကြားပြီးပါပြီလား။

ဖြေ။ ။ ….ကျနော် ကြားတော့ကြားတယ်ဗျ၊ ဒါပေမယ့် အတည်မပြုရသေးဘူး။ ဘယ်တပ်ဆိုတာလည်းမသိဘူး၊ ကျနော်တို့ ဘယ်တပ်ရင်းကလဲ မသိသေးဘူးဗျ။ အခုဟာကတော့ ကျနော်တို့တပ်ကတော့ သေချာပါတယ်။ …ကနေ ပြန်လာတဲ့ စစ်ကားမို့လား အခုပြောတာက၊

မေး။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ မနေ့တုန်းက ကုန်းကြမ်းနားလို့..

ဖြေ။ ။ အော်၊ ဟုတ်ကဲ့။ အဲဒါဆို ကျနော်တို့ဘက်က တိုက်တာ သေချာပါတယ်။

ကိုးကန့်ဒေသ စစ်ရေးအခြေအနေ နောက်ဆုံးရရှိထားတဲ့ သတင်းအရတော့ မြန်မာ့တပ်မတော်ဘက်က လော်ကွာကျိုင်းနဲ့ရှင်ခုတ်ထန် ဒေသတဝိုက်က တောင်ကုန်းတွေကို ထိုးစစ်ဆင်သိမ်းယူနေပြီး ရှင်ခုတ်ထန်ဒေသ မြောက်ဘက်တကြောကို ဆက်ပြီးထိုးစစ်ဆင်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ကိုးကန့်ဒေသစစ်ရေးအခြေအနေ၊ ကချင်ဘက်မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ အခြေအနေတွေကို သတင်းမထုတ်ပြန်တာမို့ တပ်မတော်ဘက်က အထိအခိုက်ဆုံးရှုံးမှုနဲ့ နောက်ဆုံး ထိုးစစ်တွေ အခြေအနေကိုတော့ မသိရပါဘူး။ ဒါ့အပြင် တပ်မတော်ဘက်ကနေ စစ်ရေးအခြေအနေကို ဖြေကြားမယ့်သူလည်း မရှိပါဘူး။

ကိုးကန့်ဒေသဘက်မှာ ထိုးစစ်တွေရှိနေသလို တနလာင်္နေ့မှာလည်း ရှမ်းပြည် ကွတ်ခိုင်နဲ့ ကျောက်မဲမြို့တို့မှာ တအာန်းပလောင်တပ်တွေကို မြန်မာ့ တပ်မတော်က ထိုးစစ်ဆင်ခဲ့တယ်လို့ TNLA ပလောင်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော်က ပြောပါတယ်။

“ဒီကနေ့ကတော့ နှစ်ပွဲဖြစ်တာပေါ့။ ပထမတပွဲက ကျောက်မဲမြို့နယ်ထဲက မိုင်း…မြို့နယ်ခွဲ၊ ကျောက်ဖြူရွာအနီးမှာ တကြိမ်ဖြစ်တယ်။ ဒီညနေ သုံးနာရီ ကျော်ကျော်လောက်ကျတော့ ကွတ်ခိုင်၊ နမ္ပလင်းရွာအနီးမှာတကြိမ် ပြန် ဖြစ်တယ်။ မနေ့ကတည်း ကွတ်ခိုင်၊ နမ္ပလင်းရွာနားမှာ တကြိမ်ဖြစ်တယ်။ မနေ့ကတော့ သုံး၊ လေးပွဲဖြစ်တာပေါ့နော်။ ကွတ်ခိုင်မြို့နယ်ထဲလည်းဖြစ်တယ်။ နမ့်ခမ်းမြို့နယ်ထဲလည်းဖြစ်တယ်။ ကျောက်မည်းမြို့နယ်မှာလည်း ဖြစ်တယ်။ မူဆယ်မြို့နယ်မှာလည်းဖြစ်တယ်။”

တနင်္ဂနွေနေ့တုန်းကလည်း မန္တလေး-မူဆယ်အသွား လမ်းမကြီးပေါ်က ကွတ်ခိုင်နဲ့နန်းကွတ်ကြားမှာ တအာန်းပလောင်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြားတိုက်ပွဲဖြစ်တာကြောင့် ကားလမ်းပေါ်ကခရီးသည်တွေ လမ်းဘေး ရေမြောင်းတွေထဲမှာ တိုက်ပွဲရှောင်ခဲ့ရပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အကျအဆုံးတွေကိုတော့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ တာအိုက်ကျော်က အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ အဓိက-က အခြေစိုက်တပ်စခန်းတော့ မရှိဘူး။ မိုဘိုင်းတပ်စခန်းပဲရှိတယ်။ အထူးသဖြင့် ကျနော်တို့ နေရာယူထားတဲ့ကုန်းတွေမှာ သူတို့ ထိုးစစ်တက်ပြီးမှ ကျနော်တို့အဖွဲ့နဲ့ ထိပ်တိုက်တွေ့တဲ့ပုံစံ ဖြစ်နေတယ်။ ဒီကနေ့ကတော့ ကျောက်မည်းဘက်က အစိုးရတပ်ဘက်က နှစ်ဦးကျတယ်။ ကျနော်တို့ဘက်ကတော့ ကျဆုံးမှုတော့ မရှိဘူး။ မနေ့က တိုက်ပွဲက မူဆယ်မှာ ဖြစ်တဲ့ဟာက အစိုးရတပ်ဘက်က ၇ ဦးကျတယ်။ နမ့်ခမ်းမြို့နယ်ထဲက တဦးကျတယ်။ အားလုံးပေါင်း ၈ ဦးပေါ့နော်၊ မူဆယ်မြို့နယ်မှာဖြစ်တဲ့အဖွဲ့နဲ့ အစိုးရတပ်ဘက်က ၁၀ ဦးကျော် ဒဏ်ရာရတယ်လို့တော့ ကြားတယ်ခင်ဗျ။”

အကျအဆုံး ထိခိုက် ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တွေတော့ မရှိပါဘူး။ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက ကေအိုင်အေ တပ်မဟာ ၃ ရဲ့ ရှေ့တန်း တပ်စခန်းတခုကိုလည်း တနင်္ဂနွေနေ့မှာ မြန်မာအစိုးရရဲ့တပ်မ ၈၈ က အင်အား ၁ဝဝ လောက်သုံးပြီး တိုက်ခိုက်ခဲ့သလို လေကြောင်းကနေလည်း တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေကို ဆက်သွယ်လို့မရသလိုမြန်မာအစိုးရဘက်ကတော့ ဒီတိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးတာကြောင့် တနလာင်္နေ့ ကချင်ဒေသ စစ်ရေးအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူးရှင်။

သိင်္ဂီထိုက် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

ကျောင်းသားသပိတ်ဝန်းရံသည့် လက်ပံတန်းပြည်သူ ၂၀ ပြန်လွတ်

Lapadame
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားတွေကို ထောက်ခံဝန်းရံရင်း ဖမ်းဆီးခံကြရတဲ့ လက်ပံတန်းဒေသခံတွေထဲက အယောက် ၂၀ ခန့် ဒီကနေ့ နေ့ခင်းပိုင်းက ပြန်လည်လွတ်မြောက်လာကြတယ်လို့ မျက်မြင်တဦးက ပြောပါတယ်။
သာယာဝတီမြို့ခံ ကိုကျော်နိုင်ဦးက “သူတို့တတွေကို သာယာဝတီထောင်ကနေ ခေါ်လာတယ်။ လက်ထိပ်ခတ်တယ်။ သာယာဝတီခရိုင်ရဲရုံးထဲကို ခေါ်သွားတယ်၊ အဲဒီထဲကနေမှ သူတို့ လက်မှတ်ထိုးပြီး ပြန်လွှတ်လိုက်တယ်ပေါ့။ လက်ပံတန်းကိုပြန်တဲ့ကားတွေနဲ့ ပို့လိုက်တယ်” လို့ ပြောပါတယ်။
ရန်ကုန်ကနေ မန္တလေးကို ချီတက်ရင်း လက်ပံတန်းမြို့မှာ ရောက်ရှိရပ်နားနေတဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကို အစိုးရက ရန်ကုန်မြို့တွင်း ၀င်ခွင့်ပိတ်ပင်ခဲ့ပါတယ်။ ဘယ်နေ့မနက်မှာတော့ ပဲခူးတိုင်း နယ်လုံဝန်ကြီးက သပိတ်စစ်ကြောင်းပုံစံမဟုတ်ဘဲ သာမန်ခရီးသွားပုံစံသာ ၀င်ရောက်ခွင့်ပြုရာက ကျောင်းသားတွေနဲ့ ဒေသခံတွေက ရန်ကုန်ဘက်ကို ချီတက်ဖို့ တွန်းထိုးခဲ့ကြပါတယ်။ ဒီနောက်မှာ ရဲတပ်ဖွဲ့က ကျောင်းသားတွေကို ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ဖမ်းဆီးခဲ့သလို အရပ်သားတွေကိုပါ ဖမ်းဆီးပြီး သပိတ်မှောက်ကျောင်းသားတွေရဲ့ မော်တော်ယာဉ်တွေကိုပါ ဖျက်ဆီးခဲ့ကြပါတယ်။
ဒီနောက်မှာ ဖမ်းဆီးကျောင်းသားတွေထဲက တချို့ကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။
http://burmese.dvb.no/archives/86852

ကလေးငယ်အား ကိုယ်အင်္ဂါ ချို့ယွင်းသည် အထိ အဓမ္မပြုကျင့်ခံရမှု နစ်နာကြေးရရန် တိုင်တန်းမည်

ရှစ်နှစ်အရွယ် မိန်းကလေးအား ကိုယ်အင်္ဂါ ချို့ယွင်းသည်အထိ အဓမ္မပြုကျင့်ခံရမှုကြောင့် ကာယကံရှင်ဘက်မှ နစ်နာကြေးရယူ လို၍ ခရိုင်ရုံးသို့ တိုင်တန်း သွားမည် ဖြစ်ကြောင်း အဆိုပါ မိန်းကလေး၏ မိခင်ဒေါ် ....က ပြောသည်။ကသာမြို့နယ် ...... အုပ်စု၊ ....... ကျေး ရွာနေ ဒေါ်.....၏ သမီး ဖြစ်သူ အသက်ရှစ် နှစ်အရွယ် မိန်းကလေးအား တစ်ရွာတည်းနေ ဦး.... အသက်  (၄၆) နှစ်က မိဘများ မသိစဉ် ခေါ်သွားပြီး အဓမ္မပြုကျင့် ခဲ့ရာ ကလေးမှာ ဆီးအိမ်ကွဲခြင်းနှင့် သားအိမ် မှာလည်း ကွဲသွားကာ သားအိမ်အား ခွဲထုတ်ရသည် အထိ ဖြစ်ခဲ့ရသည်။ အဆိုပါ ရောဂါများ ကုသရာတွင် ကုန်ကျငွေ များအား နစ်နာကြေး အဖြစ် ကျပ်သိန်း (၄၀၀)ရရှိလို၍ ကသာခုရိုင် တရားရုံးသို့ တိုင်တန်း ထားခြင်း ဖြစ်သည်။
                 တကယ့်ကို ဒုက္ခရောက်နေလို့ပါ။ အဲဒါကြောင့် နစ်နာကြေးတောင်းရ တာပါ။ ကလေးရဲ့ ဆေးဖိုးစရိတ်ကို ကျွန်မတို့ ပိုက်ဆံနဲ့ ကျွန်မတို့ ကုနေရ တာပါ။ ရှိတာလေး ရောင်းချ ပြီးတော့ အခုဆို အိုးမဲ့အိမ်မဲ့ ဖြစ်ရမယ့် အခြေအနေကို ဖြစ်နေပါပြီ။ သူတို့က ချမ်းသာတယ်။ ကျွန်မ တို့ကို ဆင်းရဲတယ် ဆိုပြီး မထီမဲ့မြင် ပြုနေသလိုပါပဲ။ ကျွန်မတို့ရှေ့နေ မငှားနိုင်ပါဘူး ဟု အဓမ္မပြုကျင့်ခံရသူ မိန်းကလေး ၏ မိခင်ဒေါ်......က ဆက်ပြောသည်။
                ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် ဖြစ်ပွား ခဲ့သော အဆိုပါအမှုအား ကသာ မြို့နယ် တရား ရုံးမှ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် တရားခံဦး....အား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၆၃/၃၇၆ အရ အလုပ်ကြမ်းနှင့် ထောင် ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ သော်လည်း နစ်နာကြေး ပါဝင်မှု မရှိသောကြောင့် အဆိုပါ တရားလို မိသားစုမှ ခရိုင် တရားရုံးသို့ ဆက်လက် တိုင်ကြားခြင်း ဖြစ်သည်။
                 ကျွန်မတို့က နစ်နာကြေးမရရင် ဥပဒေအတိုင်း ဆက်လုပ်မှာပါ။ အခုကလေးက ချက်ကနေ စအိုအထိ ချုပ်ထား ရတယ်။ ဆီးအိမ်လည်း ကွဲတယ်လေ။ အဲဒါကို ပြန်ချုပ်ထားရတာ၊ သားအိမ် ကတော့ မရတော့ဘူး။ သူအနေနဲ့ ကလေးတော့ မရနိုင်တော့ ပါဘူး။ ခွဲထားတဲ့ ဆီးအိမ်ကြောင့် ကလေးက အခု ဆီးသွားရင် အဖြူဖပ်တွေပါနေ ပါတယ် ဟု ၎င်းက ဆက်ပြောသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34159

တပ်မတော်သားအမတ်များကို ပြည်သူလူထု လက်ခံနေဟု ကာချုပ်ပြောကြား


တပ်မတော်သား လွှတ်တော်အမတ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ဘက်မလိုက်ဘဲ အကြံပြုဆွေးနွေးနေပြီး လွှတ်တော်အတွင်းနဲ့  ပြည်သူလူထုကလည်း လက်ခံလျက်ရှိ တယ်လို့  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာနိုင်ငံမှာ စစ်မှုထမ်းခဲ့တဲ့  ဗြိတိသျှ စစ်မှုထမ်းဟောင်း များအဖွဲ့ ဥက္ကဋ္ဌ မြို့စား မစ္စတာစလင်းမ်နဲ့ မနေ့က နေပြည်တော်မှာ တွေ့ဆုံစဉ် လွှတ်တော်တွင်း လေးပုံတစ်ပုံ နေရာယူထားတဲ့  တပ်မတော်သား အမတ်တွေ ကိစ္စ ကာကွယ်ရေး ဦးစီးချပ်က ထည့်သွင်း ပြောကြား ခဲ့တာပါ။

ကာကွယ်ရေးဦးစီးချုပ်က “တပ်မတော်အနေဖြင့် ပါတီနိုင်ငံရေး ဆောင်ရွက်ခြင်း မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လွှတ်တော်တွင် တပ်မတော်သားများ ပါဝင်၍ ပြည်သူများအတွက် လိုအပ်ချက်များ၊ ပြင်သင့်ပြင်ထိုက် သည်များကို မည်သည့်ဘက်ကမျှ ဘက်မလိုက်ဘဲ အကြံပြု ဆွေးနွေးလျက်ရှိ၍ လွှတ်တော်အတွင်းနှင့် ပြည်သူလူထုကလည်း လက်ခံလျက်ရှိကြောင်း၊ တပ်မတော်သားများက ဖြစ်သင့်သည်၊ မဖြစ်သင့်သည်များကို ပြတ်ပြတ်သားသား ဆွေးနွေးတင်ပြပြီး ဆုံးဖြတ်ချက်ကို လွှတ်တော်တွင် မဲဆန္ဒဖြင့် ဆုံးဖြတ်ပါကြောင်း’”ပြောကြားခဲ့တယ်လို့ သူ့ရဲ့ လူမူကွန်ယက်စာမျက်နှာကနေ သတင်းထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာ-ဗြိတိန် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်သွားဖို့ ဆွေးနွေးခဲ့ကြပြီး  မစ္စတာစလင်းမ်က မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့အတွက် လိုအပ်တဲ့ ထောက်ပံ့ ကူညီမှုတွေ ပေးသွားမယ်လို့ ပြောခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒီတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒု-ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တပ်မတော်အရာရှိတွေ တက်ရောက်ပြီး  မြို့စား မစ္စတာ စလင်းမ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာဗြိတိသျှစစ်သံမှူး ဗိုလ်မှူးကြီး တိုနီစတမ်းတို့ တက်ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

အတွင်းဝန်ရုံး ပါတီပွဲ ကာယကံရှင်များ ပြန်ရှင်းလင်း




ဖေ့ဘွတ်ခ် အင်တာနက်လူမှုရေး ကွန်ရက်ပေါ်တွင် ဝေဖန်မှုများ ရှိနေတဲ့ ရန်ကုန်မြို့ အတွင်းဝန်ရုံးမှာ ပါတီပွဲ ကျင်းပတာဟာ မွေးနေ့ပွဲအနေနဲ့ ကျင်းပတာ မဟုတ်ဘူးလို့ အနော်မာ အနုပညာအဖွဲ့က တုံ့ပြန်လိုက်ပါတယ်။
အတွင်းဝန်များရုံးမှာ ပါတီပွဲ ကျင်းပတဲ့ ဓာတ်ပုံတွေဟာ ဦးနေ၀င်းရဲ့မြေး ဦးအေးနေ၀င်းရဲ့ ဖေ့ဘွတ်ခ်ကနေ တဆင့် စတင်ပျံနှံလာတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များ လုပ်ကြံခံရတဲ့နေရာ၊ ပထမဆုံး မြန်မာ့လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပခဲ့တဲ့နေရာ စတဲ့ သမိုင်းအစဉ်အလာတွေ ရှိသလို အမေရိကန်သမ္မတ အိုဘားမား လာရောက်ကြည့်ရှု့ခဲ့ရတဲ့ဒီလိုနေရာမှာ ပါတီပွဲကျင်းပတာကို လူအများ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။

“အနော်မာအဖွဲ့အနေနဲ့ ဒီပရောဂျက်ကို ရေရှည်ဆောင်ရွက်တဲ့အခါမှာ တခြားသူများရဲ့ လူအား၊ ငွေအား၊ အကြံဥာဏ်အား၊ အဆက်အသွယ်အားစတဲ့ အကူအညီနဲ့ပံ့ပိုးမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့်မို့ အစိုးရနဲ့ အပြီးသတ်စာချုပ်ချုပ်ပြီး မကြာခင်မတ်လ ၂၁ ရက် နေ့ညက ရင်းနှီးတဲ့ မိတ်ဆွေတွေကို ပရောဂျက်အကြောင်း တွေ့ဆုံအသိပေးခဲ့ပါတယ်။ စိတ်ပါဝင်စားသူတွေဆီက ကူညီပံ့ပိုးမှုတွေကို ရယူနိုင်ဖို့ ဖြစ်ပါတယ်” လို့ ပွဲကျင်းပခဲ့တဲ့ အနော်မာ အုပ်စုက ဒေါ်သီသီထွန်းက ဖေ့ဘွတ်ခ်ကနေ ပြန်လည် ရှင်းလင်းထားပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကလည်း “မွေးနေ့ပွဲ လုပ်တယ် ဆိုရင် ဒီလုပ်ရပ်ကို ကျနော်လည်း မနှစ်သက်ပါ။ ဒီအဆောက်အဦ ပြုပြင်ထိန်းသိမ်းရေးကို ကိုသန့်မြင့်ဦးတို့ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ပဲ နားလည်ထားပါတယ်။ ဒါ့ကြောင့် YHT အနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ထင်ပါတယ်”လို့ ဖေ့ဘွတ်ခ်မှာ ရေးသားခဲ့ပါတယ်။

YHT ကတော့ အစိုးရရဲ့ တာဝန်ပေးချက်အရ ပြည်ပပညာရှင်အဖွဲ့တွေနဲ့ အမွေအနှစ်တန်ဖိုး အနည်းအများအလိုက် အသုံးချမယ့်အပေါ် ဆန်းစစ်ခြင်းကိုသာ လုပ်ဆောင်ခဲ့ကြောင်း ညတွင်းချင်း တုံ့ပြန်ခဲ့ပါတယ်။

“YHT အနေဖြင့် အဆောက်အအုံအား လက်ရှိတွင် စီမံခန့်ခွဲခြင်းမရှိသကဲ့သို့ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မည်သည့်နေရာကမှ ပါဝင်ခြင်းမရှိပါ။ မိမိတို့အနေနဲ့ ၀န်ကြီးများရုံး အဆောက်အအုံသည် ရန်ကုန်မြို့ရှိ အမွေအနှစ်အဆောက်အအုံများ ပြန်လည်ပြုပြင် အသုံးချရေးဆောင်ရွက်ရာတွင် စံနမူနာတခု ဖြစ်ရန် မျှော်လင့်ပါသည်” လို့ YHT ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

အတွင်းဝန်ရုံးဟောင်းကို ၂၀၁၁ တုန်းက ပုဂ္ဂလိကကို လွှဲပြောင်းခဲ့ရာမှာ အနော်မာ အနုပညာအဖွဲ့က သမိုင်းပြတိုက်နဲ့ ရိုးရာယဉ်ကျေးမှုအနုပညာပြတိုက်အဖြစ် ပြန်လည်အသုံးချဖို့ တင်ဒါအောင်မြင်ခဲ့ပါတယ်။
ဒီမွေးနေ့ပွဲကို ကျင်းပခဲ့တဲ့ ဒေါ်သီသီထွန်းဟာ အရင် စစ်အစိုးရအဖွဲ့ဝင် ကုန်သွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်နဲ့ ဒေါ်နီနီတို့ရဲ့ ဒုတိယသမီး ဖြစ်ပါတယ်။

ကျင်းပသွားတဲ့ပွဲကို စီးပွားရေးနဲ့ အနုပညာသမားတချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

မြန်မာနိုင်ငံ မီဒီယာရှေ့နေများ ကွန်ရက် ဖွဲ့စည်းမည်

မီဒီယာလောကတွင် ဖြစ်ပေါ် နေသော ပြဿနာ များအား ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန် အတွက် နိုင်ငံ တစ်ဝှမ်းရှိ ရှေ့နေများနှင့် ချိတ်ဆက် ကာ ဧပြီလ (၁) ရက်နေ့တွင် မြန်မာနိုင်ငံ မီဒီယာရှေ့နေများ ကွန်ရက် (MMLN) ကို ဖွဲ့စည်းမည် ဖြစ်ကြောင်း ဥပဒေ ပညာရှင်၊ တရား လွှတ်တော်ရှေနေ ဦးအောင်စိုးဦးက The Messenger Media သို့ ပြောသည်။
                 ကျွန်တော်တို့ ဒီကွန်ရက်ကို ဖွဲ့စည်းတယ် ဆိုတာက အဓိကကတော့ မီဒီယာလောကက ပြဿနာတွေ၊ အမှုအခင်းတွေကို ကာကွယ် စောင့်ရှောက်ပေးဖို့ ဖွဲ့စည်း ဆောင်ရွက် တာပါ ဟု ၎င်းက ဆက်ပြောသည်။ အဆိုပါ ရှေ့နေများ ကွန်ရက် ဖွဲ့စည်းရာတွင် ဒေသ အသီးသီးရှိ ဥပဒေ ပညာရှင်များ၊ မီဒီယာ ပြဿနာ များကို ဖြေရှင်းနေသော ရှေ့နေများလည်း ပူးပေါင်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
                မြန်မာနိုင်ငံ မီဒီယာရှေ့နေများ ကွန်ရက် အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ကို မြန်မာနိုင်ငံတွင် ထွန်းကားစေရန် ရည်ရွယ်၍ ဖွဲ့စည်း ရခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မီဒီယာ၏ သဘောတရားများ၊ မီဒီယာ ဥပဒေနှင့် သက်ဆိုင်သော ပို့ချချက်များ ကိုလည်း မီဒီယာ ရှေ့နေ များကွန်ရက်မှ ဖြန့်ဝေ သွားမည် ဖြစ်ကြောင်း သိရသည်။
                မြန်မာနိုင်ငံ မီဒီယာရှေ့နေများ ကွန်ရက်ကို ဖွဲ့စည်းရာတွင် နိုင်ငံတကာအဆင့် အဖြစ် တရားဝင် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကာ ဧပြီလ (၁) ရက်နေ့ Orchid Hotel ၌ လုပ်ငန်းစဉ်များ၊ မူဝါဒများကို ချမှတ် သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံ မီဒီယာ ရှေ့နေများ ကွန်ရက် ဖွဲ့စည်း ရာတွင် မီဒီယာလောကမှ ပညာရှင် များလည်း ပူးပေါင်းပါဝင် နိုင်ပြီး၊ အကြံဉာဏ် များလည်း ပေးပို့နိုင်ကြောင်း ဦးအောင်စိုးဦးက ပြောသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34189

တပ်မတော်နေ့တွင် ချီတက်မည့် စစ်ကြောင်းများကို ဂုဏ်ပြုပန်းစည်းကမ်းလိုသူများ စာရင်း စတင် လက်ခံ

မတ်လ ၂၇ ရက်တွင် ကျရောက်မည် နှစ် ၇၀ ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ချီတက်မည့် စစ်ကြောင်းများကို ဂုဏ်ပြုပန်းစည်းကမ်းလိုသူများအနေဖြင့် နေပြည်တော်တိုင်း ပင်မစစ်ဌာနချုပ် လုံခြုံရေး ဆပ်ကော်မတီတွင် စာရင်းပေးသွင်းနိုင်ပြီဟု နေပြည်တော် စစ်ဌာနချုပ် လုံခြုံရေးဆပ်ကော်မတီ ဗိုလ်ကြီးချမ်းပြည့်ဖြိုးက မဇ္ဈိမကိုပြောသည်။
ဗိုလ်ကြီးချမ်းပြည့်ဖြိုးက “ နှစ်ရက်လုပ်ပေးမှာပါ။ လူဦးရေ ကန့်သတ်ထားတာမရှိပါဘူး။ ဒါပေမယ့် လုံခြုံရေး ဝင်ခွင့်ကတ်ပြားလိုပါတယ်။ ဒီနေ့ စလုပ်ပေးနေပါပြီ။ လူကိုယ်တိုင်လာရောက်လုပ်ရမှာပါ။ ”ဟု မတ် ၂၄ ရက်တွင် ပြောသည်။
စစ်ရေးပြအခမ်းအနားကို နေပြည်တော်တွင်ကျင်းပမည် ဖြစ်ပြီး စစ်ကြောင်းကြီးများသည် တန်းစီကွင်း (သစ်တပ်)မှ စစ်ရေးပြကွင်း အထိ ချီတက်မည်ဖြစ်သည်။
စစ်ကြောင်းများကို ဂုဏ်ပြုပန်းစီး ကမ်းလိုသူများအနေဖြင့် လုံခြုံရေးဝင်ခွင့်ကဒ်များ ရှိရန်လိုအပ်ပြီး ယင်းကတ်များကို မတ်လ ၂၄  ရက်နှင့် ၂၅ ရက်တွင် နိုင်ငံသာစီစစ်ရေးကဒ်ပြား(မူရင်း) ကာလာလိုင်စင် ဓါတ်ပုံ(၂ )ပုံ နှင့်အတူ  လူကိုယ်တိုင် သွားရောက် လျှောက်ထားရမည် ဖြစ်သည်။
လူဦးရေ ကန့်သတ်ထားခြင်းမရှိဘဲ အသက် ၁၂ နှစ်အောက် ကလေးငယ်များခေါ်ဆောင်လာခြင်း၊ မြန်မာယဉ်ကျေးမှုနှင့် မကိုက်ညီသည့် အဝတ်အစားများ ဝတ်ဆင်လာခြင်း၊ ပခုံးထမ်းကင်မရာများ၊ ကင်မရာများ၊ လုံခြုံရေးအရ ခွင့်မပြုသည့် ပစ္စည်းများကို ယူဆောင်လာခြင်းမပြုရဟု ၎င်းးကဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-10-20-16-16-11/item/41852-2015-03-24-05-18-12

ကိုးကန့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ရှိဟု မန်ဆူကျောင်း တာဝန်ခံပြော

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သည့် လောက်ကိုင် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၂၀ ရှိပြီဟု ဒုက္ခသည်များကို လက်ခံစောင့်ရှောက် ပေးနေသည့်   လားရှိုးမြို့ရှိ မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက မဇ္ဈိမကို မတ် ၂၃ ရက်တွင် ပြောသည်။
မမီးက “အခု လောက်ကိုင်နေရပ်ကို မပြန်နိုင်တဲ့ ဒုက္ခသည်က များလာပြီ။ တိုက်ပွဲကလည်း ဆက်ဖြစ်နေပါတယ်။ ဒီမှာ လုံခြုံရေးအတွက်လည်း ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရှိပါတယ်”ဟုပြောသည်။
ဖေဖော်ဝါရီ ၉ ရက်က စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသခံအချို့နှင့် အခြားရွေ့ပြောင်းလုပ်သားများ မန်ဆူ(ရှမ်းကျောင်း)ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည်မှာ တစ်လခန့်ရှိနေပြီဖြစ်ပြီး စားသောက် စားရိတ်ကို မန်ဆူ ဘုန်းကြီးကျောင်းက တာဝန်ယူထားခြင်းဖြစ်သည်။
ဒုက္ခသည်များစားသောက်ရန်ချက်ပြုတ်မှုကို တာဝန်ယူဆောင်ရွက်ပေးထားသည့် အဖွဲ့ကို တစ်နေ့လျှင် သုံးသိန်း ပေးရပြီး ရိက္ခာအတွက်ကိုမှု လှူဒါန်းသူများရှိသည်ဟု မမီးကဆိုသည်။
မန်ဆူဘုန်းကြီးကျောင်းဂေါပက အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး (၃) ဦးစိုင်းဆီးက “သွားလိုက် လာလိုက်လုပ်နေတဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။ ရွှေ့ပြောင်းလုပ်သား စစ်ဘေးဒုက္ခသည်တွေကလည်း ရှိပါတယ်။ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးဒုက္ခသည် တစ်ချို့က လောက်ကိုင်ဇာတိမဟုတ်ပေမယ့် လောက်ကိုင်ဒေသကို ရောက်နေတာ ၁၀ လောက်ရှိပြီဆိုတော့ အဲ့ဒီမှာအခြေကြနေကြပြီလေ။ ”ဟုပြောသည်။
မန်ဆူ(ရှမ်းကျောင်း)ဘုန်းကြီးကျောင်းတွင် ခိုလှုံပြီး  နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်ဒုက္ခသည် ၂၃၇၀၀ ဦး အထိ ရှိပြီဖြစ်သည်ဟု မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ရေးဆွေးနွေးပွဲတွင် ကိုးကန့်တပ်နှင့် တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စများကို ဆွေးနွေးခဲ့ပြီး  နှစ်ဖက်လုံးက စစ်ရေးဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးရန် NCCT ခေါင်းဆောင်များက မေတ္တာရပ်ခံထားသည်။
တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းအတွင်း မြန်မာအစိုးရ စစ်တပ်၏ လက်နက်ကြီး မတ်လ ၈ ရက်က ကျရောက်သဖြင့် လူ ၅ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီလ ၉ ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ လက်ရှိ အချိန်ထိ တပ်မတော်ဘက်မှ စစ်သည် ၁၀၀ ကျော် ကျဆုံး ခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41851-2015-03-24-04-43-19

ကေအိုင်အေ နှင့် တပ်မတော်တို့ သုံးရက်မြောက်တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် (KIA) ၏တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေ အတွင်းမြန်မာ အစိုး ရ တပ်မတော်နှင့် မတ်လ ၂၃ ရက် နံနက် ၆ နာရီက သုံးရက်မြောက် တိုက်ပွဲ ဆက်လက်ဖြစ် ပွားနေသည်ဟု KIA ကပြောသည်။
မတ်လ ၂၁ ရက်မှ စတင်၍ အစိုးရ  စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက် ခဲ့ပြီး ၂၂ ရက်တွင် KIA ၏ တပ်စခန်း ရှိရာ မန်စီမြို့နယ်  မဒန်ယန်နှင့် ကိုင်ထိပ်ကျေးရွာ အကြားရှိ မထပ်ဒူးခိုကျေးရွာတွင် အစိုးရ စစ်တပ်၏ တိုက်လေယာဉ်ဖြင့် အကြိမ်ပေါင်း ၂၀ကျော် ဗုံးကျဲ တိုက်ခိုက် ခဲ့သလို၊ ၂၃ ရက်တွင် လည်းနှစ် ဖက်မြေပြင် တိုက်ပွဲ ဆက်လက်ဖြစ် ပွားနေဆဲဖြစ် သည်ဟု KIA တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်းအောင်က မဇ္ဈိမ ကိုပြောသည်။
“ဒီနေ့လည်း မထက်ဒူးခို ရွာမှာပဲ  မနက် ၆ နာရီကနေ ၉ နာရီထိ  ထိပ်တိုက်တွေ့လို့ တိုက်နေ ကြတာ။ ခုတော့နှစ် ဖက်စောင့်ကြည့်နေ ကြတယ်။ ခုလောလော ဆယ် (၁၁နာရီ) လောက်မှာ မဒန်ယန်လမ်းကနေ အစိုးရ စစ်ကြောင်း တစ်ကြောင်း တက်လာတယ်။ ဒီနေ့ မနက်ပိုင်း အစိုးရ  စစ်တပ်က  ကိုင်ထိပ်ကနေ ၁၂၀ မမနဲ့ မဒန်ယန် ၂၉ မိုင်ကနေလည်း လက်နက်ကြီး ၆၀ မမနဲ့ အကြိမ်များစွာ ပစ်နေတယ်”ဟု သူက မဇ္ဈိမ ကိုပြောသည်။
လက်ရှိ KIA တပ်ရင်း ၂၇ နယ်မြေအနီးတစ်ဝိုက် အနည်းဆုံး အစိုးရ၏ တပ်ရင်း ၃ ရင်း အင်အား ၂၀၀ ခန့်ရှိသဖြင့် အစိုးရ ဘက်မှ ထိုးစစ်ဆင်နေပါက တိုက်ပွဲ များဆက်လက်ပြင်း ထန်မည့် အခြေအနေတွင် ရှိနေသည်ဟု သူကပြောသည်။
မတ်လ ၂၂ရက်က တပ်မတော်ဘက် မှလေယာဉ်နှစ်စီးဖြင့် သုံးကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့၍ကေအိုင်အေဘက်မှ တပ်သားတစ်ဦးဒဏ်ရာရခဲ့ပြီး အစိုးရ တပ်မတော် ဘက်မှတပ်ရင်းမှူး တစ်ဦး ကျဆုံးကာ ၁၀ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး ဂျွန်းအောင် ကပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၇ရက်မှ စတင်၍ အစိုးရစစ်တပ်က ကြိုတင် စစ်အင်အား စုဆောင်းမှုများရှိနေပြီးနှစ်ဖက်တွေ့ ဆုံဆွေးနွေးမှု များပြုလုပ်နေ ချိန်တွင် အစိုးရ ဘက်မှ တိုက်ခိုက်မှု များပြုလုပ်ကာ တပ်စခန်းများအား သိမ်းယူမှုများ ရှိသည်ဟု KIOပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က သတင်းဌာနများ သို့ပြောဆို ထားသည်။
လက်ရှိတွင် KIA အပါအဝင်    တိုင်းရင်းသား    လက်နက်ကိုင်   အဖွဲ့အစည်း    ၁၆ ဖွဲ့   ပါဝင်သော   တစ်နိုင်ငံလုံး   အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့  (NCCT)နှင့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး  လက်မှတ်ရေး ထိုးရန် အတွက် မတ်လ ၁၇ရက်မှ ၂၂ရက် အထိခြောက်ရက် ကြာတွေ့ ဆုံခဲ့ပြီး တစ်ပတ်ခန့် ရပ်နားကာ ထပ်မံဆွေးနွေးကြ မည်ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41828-2015-03-23-13-21-52

ဖမ်းဆီးခံ ကျောင်းသားများ အတွက် ရှေ့နေ ကိုယ်စားလှယ် လွှဲစာ ရရှိရေး စောင့်ကြည့်နေ

ကျောင်းသားသပိတ် အကြမ်းဖက် ဖြိုခွဲခံရမှု ဖြစ်စဉ်အတွင်း ဖမ်းဆီး ထိန်းသိမ်းခံ ရသည့် ကျောင်းသားများနှင့် အရပ်သားများ အတွက် အမှုလိုက်ပါ ဆောင်ရွက်ပေးမည့် ရှေ့နေ ကိုယ်စားလှယ် လွှဲစာ ရရှိရေးကို စောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။ ဖမ်းဆီး ထိန်းသိမ်းခံထား ရသည့် ကျောင်းသားနှင့် အရပ်သား (၁၀) ဦးအတွက် အမှုလိုက်ပါ ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံရှေ့ နေများ ကွန်ရက်က ကြိုးစားလျက် ရှိသည်။
                ဦးခင်ညွန့်တို့ မိုးကောင်းစဉ် ကာလတုန်း က အင်းစိန်ထောင် အတွင်းမှာ စစ်တဲ့ အထူး တရားရုံး မှာဆို ရှေ့နေ တွေကို ၀င်ခွင့်မပေးဘူး။ သက်သေတွေ တရားရုံးရှေ့ကို လာလို့ မရဘူး။ အဲဒီလိုတွေ လုပ်ခဲ့တယ်။ သမ္မတကြီး ဦးသိန်းစိန် ကတော့ လုပ်မယ် မထင်ဘူး။ စောင့်ကြည့် ရမယ့် အနေအထား ဖြစ်နေတယ် ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။ မတ်လ (၂၅) ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခံ ကျောင်းသား များနှင့် ပြည်သူ အချို့ကို လက်ပံတန်းမြို့နယ် တရားရုံးတွင် ပထမဆုံး အကြိမ် ရုံးထုတ်မည် ဖြစ်သည်။ ရုံးထုတ်စဉ် အတွင်း ရှေ့နေ ကိုယ်စားလှယ်လွှဲစာ ရရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
                ပြီးခဲ့သည့် မတ်လ (၁၃) ရက်နေ့တွင် လက်ပံတန်း အကျဉ်းထောင် အတွင်း ကျောင်းသားများ အတွက် ရှေ့နေ ကိုယ်စားလှယ် လွှဲစာ သွားရောက်ယူခဲ့ သော်လည်း မရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ၁၈၉၄ ခုနှစ် အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ (၄၀) အရ ထောင်တွင် ရှေ့နေ ကိုယ်စားလှယ် လွှဲစာယူ၍ ရသည်ဟု ပြဋ္ဌာန်း ထားသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=34194

March 18, 2015

တအောင်းနှင့် ကိုးကန့်တိုက်ပွဲများ မရပ်ဆိုင်းဘဲ အပစ်ရပ်ဆွေးနွေးနေခြင်းသည် အလုပ်မဖြစ်နိုင်ဟု TNLA ဆို

တအောင်းဒေသနှင့် ကိုး ကန့်ဒေသတွင်ဖြစ်ပွားနေသော ပြင်းထန်သည့် တိုက်ပွဲများ ရပ် ဆိုင်းခြင်းမရှိဘဲ တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေး နွေးပွဲများပြုလုပ်နေခြင်းသည် အ လုပ်မဖြစ်နိုင်ကြောင်း ပလောင် လွတ်မြောက်ရေးတပ်ဦး (PSLF/ TNLA) က သဘောထားကြေညာ ချက်တစ်စောင်ထုတ်ပြန်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် ရန်ကုန်မြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေသော်လည်း မြန်မာ့တပ်မတော်က တအောင်း ဒေသ၊ ကိုးကန့်ဒေသတွင် ထိုးစင်ဆင်နေသဖြင့် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးအဖြေရရှိနိုင်မည်မဟုတ်ဟု သတိပေးထောက်ပြလိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ်ချုပ်ဆို နိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် အစိုးရက ဖွဲ့စည်း ထားသော ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) တို့ ဆွေးနွေး ပွဲများစတင်သည့် မတ်လ ၁၇ ရက်တွင် PSLF က အဆိုပါထုတ်ပြန် ချက် ထုတ်ပြန်လိုက်ခြင်းဖြစ် သည်။
ရန်ကုန်မြို့တွင် ပြုလုပ်သော အထက်ပါဆွေးနွေးပွဲသို့ PSLF က တက်ရောက်သော်လည်း အရေး ပါသည့် ခေါင်းဆောင်များတက် ရောက်ခြင်းမဟုတ်ဘဲ လုပ်ငန်းအ ဖွဲ့ကိုသာ တက်ရောက်စေခဲ့သည်။တအောင်းဒေသ၊ ကိုးကန့် ဒေသများတွင် မြန်မာ့တပ်မတော် က တပ်အင်အားများပြားစွာ ဖြန့်ကြက်ထိုးစစ်ဆင်လျက်ရှိပြီး တ အောင်းတပ်မတော် (TNLA) ၊ ကိုးကန့်တပ်မတော် (MNDAA) ၊ ရက္ခိုင့်တပ်မတော် (AA) တို့ပါဝင် သည့် တိုင်းရင်းသားစုပေါင်းတပ် ဖွဲ့ကို ပြည်ပကျူးကျော်စစ်သဖွယ် တိုက်ခိုက်စစ်ဆင်နေကြောင်း ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့သည် တရားဝင် ရွေးကောက်ထားသည့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အစိုးရ ကို ၀င်ရောက်တိုက်ခိုက်ခဲ့သော ကြောင့် တပ်မတော်အနေဖြင့် ပြတ်ပြတ်သားသား ပြန်လည် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကိုးကန့် ဘက်က ပါဝင်တိုက်ခိုက်ပေးနေ သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့၏ လုပ်ရပ်များကို မည် သည့်နည်းနှင့်မျှ လက်မခံနိုင် ကြောင်း ဖေဖော်ဝါရီက ပြုလုပ်ခဲ့သည့် 7Day News နှင့် အင်တာဗျူးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားထားသည်။
မြန်မာ့တပ်မတော်အနေဖြင့် တအောင်းဒေသ၊ ကိုးကန့်ဒေသ များတွင် ထိုးစစ်ဆင်မှုများကို ရပ် တန့်ခြင်း၊ စစ်ဆင်ရေးတပ်များ ပြန်လည်ရုပ်သိမ်းခြင်းတို့ မပြုသရွေ့ မိမိတို့အနေဖြင့်လည်း ခုခံကာ ကွယ်သည့် စစ်ရေးနည်းလမ်းဖြင့် ဆက်လက်ခုခံတိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်း PSLF ၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
http://7daydaily.com/story/33967#.VQjoufAYuM8

ဂက်စ်တိုဘားဆိုင်ရှင်နှင့် မန်နေဂျာနှစ်ဦးအား ထောင်ဒဏ် ၂ နှစ်ခွဲစီချမှတ်

ဂက်စ်တိုဘားဆိုင်ရှင်နှင့် မန်နေရာနှစ်ဦးအား ရုံးထုတ်လာစဉ် (ဓာတ်ပုံ - နစ်ကီ)
ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသည့်ပုံဖြင့် ဖေ့စ် ဘွတ်ခ်ပေါ်တွင် ကြော်ငြာခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဂက်စ်တို ဘားဆိုင်ပိုင်ရှင်၊ အထွေထွေမန် နေဂျာနှင့် မန်နေဂျာတို့အား ပုဒ်မ ၂၉၅ (က) နှင့် ပုဒ်မ ၁၈၈ အရ အ လုပ်နှင့် ထောင်ဒဏ် ၂ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ရုပ်ပွားတော်ပုံကို ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တင် ခဲ့သောကြောင့် ဂက်စ်တိုဘားဆိုင် တာဝန်ရှိသူများအား ဗဟန်းမြို့နယ် တရားရုံး၌ ပုဒ်မ ၂၉၅၊ ၂၉၅ (က)၊ ပုဒ်မ ၁၈၈ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး မတ်လ ၁၇ ရက် ရုံးချိန်းတွင်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဗဟန်းမြို့နယ်တရားသူကြီးက ၎င်းတို့ကို စွဲဆိုထားသော ပုဒ်မများတွင် ပုဒ်မ ၂၉၅ သည် ဥပဒေဆိုင်ရာ ပြစ်မှုမမြောက်ကြောင်း ပြောကြားခဲ့ပြီး မစ္စတာဖီးလစ်အားပုဒ်မ ၂၉၅ (က) ကို ကျူးလွန်၍ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ ထွန်းသူရိန်နှင့် ထွဋ်ကိုကိုလွင်အား အဆိုပါဖြစ်စဉ်ဖြစ်မြောက်ရန် အားပေးကူညီမှု ပုဒ်မ ၂၉၅ (က)/၁၀၉ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်စီချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့ကို တရားစွဲဆိုထားသည့် ပုဒ်မ ၁၈၈ နှင့်လည်း အလုပ်နှင့် ထောင်ဒဏ်ခြောက်လချမှတ်ခဲ့သည်။
အဆိုပါပြစ်ဒဏ်များမှ ချုပ် ရက်ကို လျှော့၍ ခံစားနိုင်မည်ဖြစ် ပြီး အထက်တရားရုံးများသို့ အယူ ခံဝင်ခွင့်ရှိကြောင်း ဗဟန်းမြို့နယ် တရားသူကြီးက မတ်လ ၁၇ ရက် တွင် အမိန့်ချခဲ့သည်။
‘‘ပုဒ်မ ၂၉၅ နဲ့က ရုပ်တုမ ဟုတ်တဲ့အတွက် ပြစ်မှုမမြောက် ဘူး။ ၂၉၅ (က)နဲ့က ဒီပုံတော်ကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ပြည်သူတွေရဲ့ စိတ်ကို ညစ်ညူးစေတာကြောင့် ထောင် ဒဏ် ၂ နှစ်ချတယ်’’ဟု နယူးဇီလန်နိုင်ငံသား မစ္စတာ ဖီးလစ်၏ ရှေ့ နေ ဦးမြသွေးက ပြောသည်။

ဂက်စ်တိုဘားဆိုင်ပိုင်ရှင် ထွန်းသူရိန်၏ ဇနီးက ချမှတ်လိုက်သော ပြစ်ဒဏ်များသည် တရားမျှတမှုမရှိသောကြောင့် ဥပ ဒေအကြံပေးများနှင့် တိုင်ပင်၍ ဆက်လက်လုပ်ဆောင်မည်ဟု ပြောသည်။
‘‘လုပ်တဲ့သူက လုပ်တယ်လို့ ၀န်ခံတယ်။ သူလုပ်တဲ့အချိန်မှာ ပိုင်ရှင်လည်း မသိဘူး။ ဘယ်သူမှ မသိဘဲ သူ့ဟာသူ တင်တယ်ဆိုတာကို ၀န်ခံပြီးကတည်းက အဖြူနဲ့ အမည်းက သဲကွဲနေပြီ။ ဘယ်သူအပြစ်ရှိတယ်၊ မရှိဘူး သဲကွဲနေတာကို ဒီလိုစီရင်ချက်ချတာ အံ့သြတယ်။ ဒီစီရင်ချက်ကို အရမ်းရှုတ်ချတယ်။ ဘာဖြစ်လို့လဲဆိုတော့ မမှန်မကန်ဆုံးဖြတ်တာကြီး။ လုပ်တဲ့လူက လုပ်ပါတယ်ဆိုတာကို ကျန်တဲ့ နှစ်ယောက်ကိုပါ မင်းတို့ပါ လိုက်သွားတော့ဆိုတာမျိုးကြီး မဖြစ်နေဘူးလား’’ဟု ဖေ့စ်ဘွတ်ခ်ပေါ်တွင် တင်ခဲ့သည့်ကိစ္စအား မစ္စတာဖီးလစ်က ၀န်ခံသော်လည်း ဆိုင်ပိုင်ရှင်နှင့် မန်နေဂျာကိုပါ ပြစ်ဒဏ်များ ချမှတ်ခဲ့သည့်အပေါ် ထွန်းသူရိန်၏ ဇနီးက မှတ်ချက်ပြု သည်။
မန်နေဂျာ ထွဋ်ကိုကိုလွင်၏ မိခင်ကလည်း အဆိုပါပြစ်ဒဏ်ကို အာဏာဖြင့် အမိန့်ချသည်လား၊ တရားဥပဒေနှင့် အမိန့်ချသည် လားသိလိုကြောင်း ပြောသည်။ ထို့ပြင် အမိန့်ချပြီးချိန်၌ အဆိုပါအမှု ကို လာရောက်စောင့်ကြည့်နေ သော ဘုန်းတော်ကြီးတစ်ပါးနှင့် စကားအချေအတင်ဖြစ်ခဲ့ကာ မိနစ်အနည်းငယ်ခန့်ကြာ   ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သောကြောင့် ၎င်းနှင့်  လိုက်ပါလာသူများက ထိန်းခဲ့ရသည်။
 အဆိုပါ အမှုဖြစ်စဉ်တစ် လျှောက်တွင် လာရောက်စောင့် ကြည့်ခဲ့ကြသည့် ဗုဒ္ဓဘာသာအ သင်းအဖွဲ့အချို့မှ သံဃာတော် များနှင့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း နှစ်ဆယ်ခန့်က အပြီး သတ်အမိန့်ချမှတ်သည့်နေ့တွင် လည်း ဗဟန်းမြို့နယ် တရားရုံးသို့ လာရောက်ခဲ့ကြသည်။
http://7daydaily.com/story/33958#.VQjo7PAYuM8

ပုပ္ပားတောင်မကြီးတွင် လောင်ကျွမ်းနေသည့် တောမီး ငါးရက်ကြာသည်အထိ မငြိမ်းသေး

ပုပ္ပားတောင်မကြီးတွင် တောမီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ − ပုပ္ပားတောင် ချစ်သူများအသင်းဖေ့စ်ဘွတ်ခ်)
ပုပ္ပားတောင်မကြီးတွင် ရှို့မီးမှတစ်ဆင့် မတ်လ ၁၃ ရက် ကတည်းက တောမီးလောင်ကျွမ်း ခဲ့ရာ ငါးရက်တာကြာမြင့်လာ သော်လည်း ယခုသတင်းရေးသား သည့် မတ်လ ၁၇ ရက် (အင်္ဂါနေ့)ညနေအထိ ငြှိမ်းသတ်နိုင်ခြင်း မရှိဘဲ ဆက်လက် လောင်ကျွမ်းနေဆဲဖြစ်နေကြောင်း သတင်းရရှိ သည်။
ပုပ္ပားတောင် အရှေ့ဘက် ခြမ်းရှိ ရှော်တောရွာအနီးမှစတင် လောင်ကျွမ်းခဲ့ရာ တောမီးမှာ မြောက်ဘက်ခြမ်း  နွားလဘို့ တောင်၊ ဆေးဝင်တောင်သို့ပါ ကူးစက်၍ ဆက်လက်လောင်ကျွမ်း နေသည်ဟု ပုပ္ပားတောင်ချစ်သူ များအသင်းမှ ဦးတိုးက ပြော သည်။
‘‘ငြှိမ်းဖို့လည်း မလွယ်ဘူး။ တစ်တောင်လုံးလောင်နေတာ။ သစ်ပင်တွေကတော့ ပြန်ပေါက် ဖို့လွယ်ပေမယ့်  တောထဲက တိရစ္ဆာန်လေးတွေကတော့ စိုးရိမ် ရတယ်’’ ဟု ၎င်းက ပြောသည်။
ပုပ္ပားတောင်တွင် နှစ်စဉ် တောမီးလောင်ကျွမ်းလေ့ရှိသော် လည်း ယခုလောင်ကျွမ်းမှုမှာ ဒေသခံများ၏ ရှို့မီးကြောင့် လောင် ကျွမ်းခြင်းဖြစ်ပြီး ပုပ္ပားတောင်မ ကြီးပေါ်သို့ မီးဆက်လက် လောင် ကျွမ်းမှုမရှိစေရန် မီးတားလမ်း များ ပြုလုပ်ထားသည်ဟု ပုပ္ပား တောင်အုပ်ချုပ်ရေးမှူးရုံးလက် ထောက် ညွှန်ကြားရေးမှူး ဦး သန်းနိုင်ဦးက ပြောသည်။
‘‘ပုပ္ပားကတော့ ရှို့မီးများ တယ်။ အဓိကကတော့ ထင်းခုတ် တာတွေကို ဖမ်းဆီးလို့ ဒေသခံ တွေက ရှို့မီးလုပ်ခဲ့တာကြောင့် လောင်ကျွမ်းရတာ။ အခုတော့ မီး တားလမ်းတွေ၊ မီးတားကွက်တွေ ကို ဒေသခံတွေနဲ့ ပေါင်းလုပ်ခဲ့ တယ်။ မီးက ဆက်မသွားနိုင်တော့ ပါဘူး’’ ဟု ၎င်းက ပြောသည်။
ပုပ္ပားတောင်တွင် ရှို့မီး၊ ပေါ့ ဆမီးတို့ကြောင့် မကြာခဏ တော မီးလောင်ကျွမ်းမှုများ ရှိသော် လည်း ယခုကဲ့သို့ ရက်ကြာကြာ လောင်ကျွမ်းခြင်းမျိုး မရှိခဲ့ဟု ဦး တိုးက ပြောသည်။
‘‘ဒီဘက်မှာ ရှို့မီးများတယ်။ တောကောင်ဖမ်းဖို့ မီးရှို့တာတွေ လုပ်ကြတာတော့ရှိတယ်။ ဒါပေမဲ့ နှစ်ရက်လောက်နဲ့ ငြိမ်းသွားကြ တယ်။ ခုက ငါးရက်လောက်ရှိပြီ။ ရာသီဥတုပူတာလည်း ပါမယ် ထင်တယ်’’ ဟု ၎င်းက ဆိုသည်။
ပုပ္ပားတောင်တွင် ယခုနှစ်အ တွင်း တောမီးလောင်ကျွမ်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ် နှစ်ဆန်းပိုင်းတွင် လောင်ကျွမ်းခဲ့စဉ်က နှစ်ရက်ခန့်သာ ကြာမြင့်ခဲ့ကြောင်း သိရသည်။
http://7daydaily.com/story/33956#.VQjpGvAYuM8

နယ်စပ်ဖြတ်ကျော်ဗုံးကြဲမှုအတွက် မြန်မာအပေါ် တရုတ်က စွပ်စွဲအပြစ်တင်ခြင်း၏ နောက်ဆက်တွဲ

ကိုးကန့်ဒေသတွင် အခြေစိုက်ထားသောဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မှ တပ်ဖွဲ့ဝင်များကို မတ်လ ၁၀ရက်က တွေ့ရစဉ် (Reuters)
မတ်လ ၁၃ ရက်တွင် တရုတ်နိုင်ငံအနောက်တောင်ပိုင်းက ကြံစိုက်ခင်းတစ်ခု၌ ကောင်းကင်က မှ ဗုံးများ ကျလာပြီး တရုတ်လူမျိုးငါးဦးသေဆုံးကာ မထင်မှတ်ဘဲ စစ်မြေပြင်ဖြစ်သွားခဲ့ရသည်။ နှစ်ရက်အကြာတွင် တရုတ် ၀န်ကြီးချုပ် လီကီကျန်းက ထိုသေဆုံးမှုများအတွက် တရုတ်နယ်စပ်၌ ကိုးကန့်တပ်ဖွဲ့များကို လေ ကြောင်းမှ တိုက်ခိုက်နေသော မြန်မာစစ်တပ်အား အပြစ်တင်ခဲ့ ပါသည်။
‘‘တရုတ်-မြန်မာနယ်စပ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးအတွက် အခိုင်အမာအစောင့်အရှောက် ထားဖို့ ကျွန်တော်တို့မှာ စွမ်း ဆောင်နိုင်စွမ်းနဲ့ တာဝန်ရှိပါ တယ်’’ဟု သတင်းစာရှင်းလင်းပွဲ တွင် ၎င်းကပြောကြားခဲ့သည်။ ထို့ အပြင် ‘‘ယူနန်ပြည်နယ်မှာ ဖြစ်ခဲ့ တဲ့ ထိုအဖြစ်အပျက်ဟာတကယ့် ကို ကံဆိုးတဲ့ အဖြစ်ပါပဲ’’ဟု သူကဆိုသည်။
မြန်မာအစိုးရကတော့ သည် အဖြစ်အပျက်က မြန်မာ၏ ပိုင် နက်ထဲမှာ ဆောင်ရွက်သော စစ် ဆင်ရေးဖြစ်ကြောင်း၊ မြန်မာနှင့် တရုတ်အကြားက ခင်မင်ရင်းနှီး သော ဆက်ဆံရေးနှင့် တရုတ်၏ နယ်မြေပိုင်ဆိုင်မှုကို မြန်မာက လေးစားကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ နယ်စပ်ဒေသ မှာ နေထိုင်ကြသော တရုတ်လူ မျိုးများ သေကျေဒဏ်ရာရခဲ့သည့် အတွက်လည်း  အလွန်ဝမ်းနည်း ကြေကွဲကြောင်း၊ တရုတ်-မြန်မာ ပူးပေါင်းသည့်အဖွဲ့က သေဆုံးမှု များနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးမှုများ လုပ်သွားမည်ဟု ဖြစ်ကြောင်း မြန်မာဘက်က ဆိုပါ သည်။ ထို့အပြင် ကိုးကန့်တပ်ဖွဲ့ များသည် ထိုတိုက်ခိုက်မှုများတွင် ပတ်သက်နေပြီး နယ်စပ်ဒေသ တစ်လျှောက် မတည်ငြိမ်အောင် ဖန်တီးလုပ်ဆောင်ခြင်းဖြင့် မြန်မာနှင့် တရုတ်အစိုးရ၏ ရင်းနှီးမှုကို ပျက်ပြားအောင် လုပ်ဆောင်နေ သလားဟုလည်း မြန်မာအစိုးရ ဘက်က မေးခွန်းထုတ်ခဲ့သည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူဖြစ်သည့် တရုတ်အစိုးရက ကျောက်စိမ်း၊ သဘာဝဓာတ်ငွေ့၊ သစ်များလို မြန်မာနိုင်ငံက တရုတ်နိုင်ငံကဲ့သို့ ၀င်နေသည့် သယံဇာတများ စီး ဆင်းရာလမ်းကြောင်းမှာ ထိုကဲ့သို့တင်းမာမှုများဖြစ်ပွားနေသည်ကို မည်သို့မှ မကျေနပ်နိုင်။ တိုက်ပွဲ များက သူ၏ နယ်စပ်ကို ကျော်မ လာသော်လည်း မြန်မာစစ်တပ် က တိုင်းရင်းသားလက်နက်ကိုင် များကို တိုက်ခိုက်တိုင်း သူတို့က တရုတ်ဆီသို့ စုရုံးရောက်ရှိလာ ကြသည်။
၂၀၁၁ မှာ အာဏာရလာခဲ့ သော မြန်မာအရပ်သားအစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးကို ကတိပြုနေသော်လည်း တိုက်ပွဲများက ဆက်ဖြစ်နေတုန်း ပင်။ လတ်တလောဖြစ်ပွားသည့် တိုက်ပွဲများတွင် ကိုးကန့်၊ ကချင်၊ ရှမ်း၊ ပလောင်နှင့် အခြားတိုင်း ရင်းသားအုပ်စုများ ပါဝင်ပတ် သက်နေ၏။ ကိုးကန့်တို့သည် နယ်စပ်မှ ကျော်ဖြတ်နေထိုင်ကြသည့် တရုတ်တိုင်းရင်းသားလူမျိုးများ ဖြစ်သည့်။ ဘိန်းဖြူစိုက်ရာ ဒေသ ရှိ ထိုလူမျိုးများမှာ တစ်ချိန်က ကူ မင်တန်(ခေါ်) တရုတ်ဖြူများနှင့် မဟာမိတ်ဖွဲ့ခဲ့သူများဖြစ်သည်။ အခြား ကိုးကန့်ဒေသခံများမှာ လည်း မြန်မာပြည်မှ အခြားတိုင်း ရင်းသားလက်နက်ကိုင်များကဲ့သို့  တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဆီက ငွေကြေးနှင့် နည်းပညာအကူအညီများကို ရခဲ့သည်။
ယနေ့အချိန်မှာ တရုတ် အစိုးရက မြန်မာနိုင်ငံရှိ သူပုန် အုပ်စုတွေကို ပြောင်ပြောင်တင်း တင်းထောက်ခံခြင်းမရှိတော့ပါ။ သို့သော်ကီလိုမီတာ ၂၀၀ ရှည် လျားသော တရုတ်-မြန်မာနယ် စပ်တစ်လျှောက်မှာတော့ တရုတ် ဘက်က စီးဝင်မှုတွေရှိနေဆဲဖြစ် သည်။ မြန်မာနိုင်ငံမှာ တိုက်ပွဲ တွေဖြစ်ပွားလျှင် တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များက အခြား တိုင်းရင်းသားလူနည်းစုတွေ နေ ထိုင်ရာဖြစ်သည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့သာ ထွက်ပြေး ကြစမြဲဖြစ်သည်။ အခြားဘက်ကို ပြေးသည်ထက် တရုတ်နိုင်ငံ ဘက်ကို ပြေးသည်က သိသိသာ သာပိုများသည်။ နယ်စပ်ကိုကျော် ပြီး မြန်မာဘက်ကို ရောက်နေကြ သည့် ထောင်သောင်းချီသည့် တရုတ်လူမျိုးများကလည်း သယံ ဇာတများကို ရယူတူးဖော်ကြရန် ဖြစ်သည်။ မြန်မာနိုင်ငံ၏ မြောက် ပိုင်းနေရာများတွင် တရုတ်ငွေ ကြေးကို လက်ခံသုံးစွဲနေပြီး စတိုး ဆိုင်များမှာ တရုတ်ဘာသာဖြင့် ဆိုင်းဘုတ်တွေကို ချိတ်ဆွဲထား ကြသည်။
 တရုတ် လူမျိုးများသည် မတည်ငြိမ်သော သည်လိုအရပ် ဒေသမျိုးမှာ စီးပွားရေးလုပ်ကိုင် ရင်းနှီးမြှုပ်နှံရဲသူများ ဖြစ်သော် လည်း မြန်မာနိုင်ငံမြောက်ပိုင်း၌ တရုတ်လူမျိုး စီးပွားရေး သမားများ၏ သြဇာလွှမ်းမိုးတွင် ကျယ်လာမှုများကို ဒေသခံများကမကြိုက်ကြ။
သမ္မတဦးသိန်းစိန်၏ အစောပိုင်းလူကြိုက်အများဆုံးဆောင် ရွက်ချက်မှာ တရုတ်အစိုးရက ကချင်ပြည်နယ်မှာ တည်ဆောက် နေသော မြစ်ဆုံတည်ဆောက်မှု ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ ယခု နှစ်အစောပိုင်းကလည်း ဒါဇင်နှင့် ချီ တရုတ်လူမျိုးသစ်ခုတ်သမား များကို မြန်မာအာဏာပိုင်များက ကချင်ပြည်နယ်မှာ တရားမ၀င် သစ်ခုတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံတွင် ကြာရှည်စွာ တိတ်တဆိတ်တရား မ၀င်နေထိုင်လုပ်ကိုင်နေခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်က မည်သူမျှ မလုပ်ကိုင်ရဲသည့် တရုတ်နယ်စပ်အနီး ကေအိုင်အေနှင့် မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် နေရာမှာ တရုတ်လူမျိုး သတ္တုတွင်းလုပ်သားများက မြေလွှာကို ခွဲကာ စက်ကြီးများဖြင့် ရွှေကို ရှာဖွေနေခဲ့ကြသည်။
ထိုနေရာမှာ ရွှေတူးဖော်နေ သည့် ယူနန်ပြည်နယ် တရုတ် အစိုးရပိုင် သတ္တုတွင်းကုမ္ပဏီမှ ကြီးကြပ်သူက ပြောကြားရာတွင် ယခုလိုနယ်စပ်ဖြတ်ကျော်သွား ရောက်လုပ်ကိုင်ရန် မည်သည့် ဗီဇာ၊ မည်သည့်နိုင်ငံကူးလက် မှတ်မျှ မလိုဟုဆိုသည်။
‘‘ကျွန်တော်တို့က နယ်စပ်ကိုနည်းနည်းကျော်ရုံပဲလေ’’ဟု သူ ကပြောသည်။ သူ၏ လူများက တော့ မြန်မာစစ်တပ်နှင့် ကေအိုင် အေတိုက်ခိုက်နေသည့် လမ်း ကြောင်းပေါ်က ၀ါးတဲတွေမှာ နေ့ လယ်စာ စားဖို့ စုရုံးရောက်ရှိနေ ပါသည်။
ယနေ့မှာတော့ ထိုနေရာများ ကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက ပုံမှန်အားဖြင့် ထိန်း ချုပ်ထားပြီး မြန်မာစစ်တပ်ရှေ့ တန်းစခန်းများကတော့ အနီးအ နားက တောင်ကုန်းတွေမှာ နေရာ ယူထားသည်။
‘‘မြန်မာပဲဖြစ်ဖြစ်၊ ဘယ်သူ ပဲဖြစ်ဖြစ် ဒီနိုင်ငံရေးတွေကို ဘယ် သူက သိမှာလဲ၊ ဂရုစိုက်မှာလဲ။  ကျွန်တော်ကတော့ ဒီကိုလာတာ မိသားစုအတွက် ငွေရှာဖို့ပဲ’’ဟု ချန်အမည်ရှိ တစ်လလျှင် ဒေါ်လာ ၄၈၀ ခန့်ဖြင့် လာအလုပ်လုပ်နေသည့် တရုတ်သတ္တုတွင်းလုပ်သား တစ်ဦးကပြောသည်။ ထိုကဲ့ သို့ ရည်မှန်းချက်ကြီးသူများ အတွက်မှု နယ်မြေပိုင်နက်ကန့်သတ်မှုများမရှိပါချေ။
(Time မဂ္ဂဇင်းပါ ဆောင်းပါးရှင် Hannah Beech ၏ China Accuses Burmese Military of Fatal Bombing Across Border ဆောင်းပါးကို ထားထားမြင့်ဘာသာပြန်ဆိုသည်။)
http://7daydaily.com/story/33953#.VQjpSfAYuM8

ဆက်သွယ်ရေးတာဝါတိုင်မှ ရေဒီယိုလှိုင်းများ ကျန်းမာရေးထိခိုက်သည့် အထောက်အထား မရှိသေးဟုဆို

ဆက်သွယ်ရေးတာဝါ တိုင်များမှ ထုတ်လွှင့်သော ရေဒီ ယိုလှိုင်းများသည် ပြည်သူများ ကျန်းမာရေး ထိခိုက်ဖွယ်ရှိသည် ဟု ယူဆရသည့် သက်သေအ ထောက်အထားများကို နိုင်ငံတ ကာမှ သိပ္ပံပညာရှင်များ မတွေ့ ရှိသေးကြောင်း အပြည်ပြည်ဆိုင် ရာ မိုဘိုင်းအော်ပရေတာအဖွဲ့ (GSMA) က ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံ၌ အသုံးပြုနေသော စက်ပစ္စည်းများ သည် နိုင်ငံတကာစံသတ်မှတ် ချက်များနှင့် ကိုက်ညီသည်ကို တိုင်းတာတွေ့ရှိရကြောင်း GSMA ဒါရိုက်တာ Dr. Jac Rowley က မတ်လ ၁၆ ရက်တွင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
‘‘တာဝါတိုင်တွေက ကျန်းမာ ရေးထိခိုက်စေတယ်ဆိုတဲ့ အ ထောက်အထားမျိုးကို နိုင်ငံတ ကာက သိပ္ပံပညာရှင်တွေ ရှာ ဖွေတွေ့ရှိထားတာမျိုး မရှိသေးပါ ဘူး။ မြန်မာနိုင်ငံက အော်ပရေ တာတွေ သုံးနေတဲ့ နည်းပညာနဲ့ စက်ပစ္စည်းတွေကလည်း နိုင်ငံ တကာစံသတ်မှတ်ချက်တွေနဲ့ ညီ ညွတ်မှုရှိတယ်ဆိုတာကို မကြာ ခင်က တိုင်းတာတွေ့ရှိခဲ့ပါတယ်’’ ဟု GSMA ဒါရိုက်တာ Dr. Jac Rowley က ပြောသည်။
လက်ရှိတွင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် GSMA အဖွဲ့နှင့် ပူးပေါင်း၍ ပြည် တွင်း၌ အသုံးပြုနေသော တာဝါ တိုင်များမှ ထုတ်လွှင့်နေသော ရေ ဒီယိုလှိုင်းများနှင့် သံလိုက်စက် ကွင်းများသည် နိုင်ငံတကာစံနှုန်း များနှင့် ကိုက်ညီစေရန် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်းသိရသည်။
မိုဘိုင်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေဒီ ယိုစခန်းများတိုးချဲ့တည်ဆောက် သည့်အပေါ်တွင် ပြည်သူများက ကျန်းမာရေးဆိုင်ရာစိုးရိမ်မှုများရှိ နေသည့်အတွက် နိုင်ငံတကာက သုတေသနများ၊ ကျန်းမာရေးနှင့် စပ်လျဉ်းပြီး မှန်ကန်သော အသိ ပညာများပေးနိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်း ပညာဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ပြောကြားသည်။
‘‘လက်ရှိမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ အပြည်ပြည်ဆိုင်ရာဆက်သွယ် ရေးအဖွဲ့ (ITU) တို့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နေပြီး ရေဒီယိုလှိုင်းတွေနဲ့ပြည်သူ့ ကျန်းမာရေးကို မှန်ကန်တဲ့ အသိ ပညာတွေပေးနိုင်ဖို့ အခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရတာဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မြို့နယ်ပေါင်း ၃၂၂ ခုတွင် မိုဘိုင်း ဆက်သွယ်ရေးစခန်း ၆,၀၀၀ကျော်ရှိပြီး မိုဘိုင်းဖုန်းအသုံးပြုသူ ပေါင်း ၂၃ သန်းကျော်ရှိကြောင်း ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
http://7daydaily.com/story/33951#.VQjpffAYuM8

ဦးရဲထွဋ် ရွေးကောက်ပွဲမ၀င်ဟု ဆို

ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားသော ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။
‘‘ကျွန်တော်ရွေးကောက်ပွဲ ၀င်ဖို့ မရှိပါဘူး’’ဟု မတ်လ ၁၇ ရက် တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမစတင် မီ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က မီဒီယာများအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
၎င်းက ဆက်လက်၍ ‘‘ကျွန် တော်က ဘာမှ နိုင်ငံရေးမျှော်မှန်း ချက်မရှိပါဘူး။ ပေးတဲ့တာဝန်ကို အကောင်းဆုံး ကျေပွန်အောင် ထမ်းဆောင်တာ။ ဒါကြောင့်မို့ ကျွန်တော့်မှာ ၂၀၁၅ အလွန်မှာ ဘာလုပ်မယ်ဆိုတာ မရှိပါဘူး’’ဟု ပြောသည်။
လက်ရှိအချိန်တွင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန် ယူထားပြီး ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦး ရဲထွဋ်သည် တပ်မတော်တွင် ဒု ဗိုလ်မှူးကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး ပြန်ကြားရေး ၀န်ကြီးဌာနတွင် ဒုညွှန်ကြားရေး မှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒု ၀န်ကြီးစသည့် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ (ခ)တွင် နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စုဝန်ကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်ကိုယ်စားလှယ်များထဲ ကဖြစ်စေ၊ လွှတ်တော်ကိုယ်စား လှယ်မဟုတ်သူများထဲက ဖြစ်စေ သတ်မှတ်ထားသည့် အရည်အ ချင်းများနှင့် ပြည့်စုံသော သင့် လျော်သည့် ပုဂ္ဂိုလ်များကို ရွေး ချယ်ရမည်ဟု ဖော်ပြထားသည်။
http://7daydaily.com/story/33970#.VQjm4vAYuM8

March 17, 2015

သမ္မတနှင့် KIO တွေ့ဆုံခြင်းသည် ဟန်ပြ သွားမည့် နိုင်ငံရေး ကစားသည့် ခရီး မဟုတ်ဟု ဗိုလ်ချုပ်ဂွမ်မော်ဆို


             နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် KIO ကိုယ်စားလှယ် အဖွဲ့ တွေ့ဆုံခြင်းသည် ဟန်ပြ သွားမည့် နိုင်ငံရေး ကစားသည့် ခရီးစဉ် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံစဉ်  KIO ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက် အရ သိရသည်။      တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အောင်မြင်အောင် လုပ်ဆောင် ရမယ့် အဓိက အချက်ကို ရှာဖွေမယ်။ မအောင်မမြင် ဖြစ်စေမယ့် အဟန့် အတားမျိုး မပါဝင်အောင် ကြိုးစားမယ် ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆိုသည်။ ယခုအခါ မီဒီယာများနှင့် ပြင်ပအသံ အချို့ကြောင့် နှစ်ဘက်စလုံးတွင် ယုံကြည်မှု လျော့နည်းခြင်းများ ရှိနိုင်ပြီး၊ ခေါင်းဆောင် အချင်းချင်း မတွေ့ဆုံနိုင်ခြင်းသည်လည်း နားလည်မှု များကို အားနည်း နိုင်ကြောင်း ၎င်းက ပြောသည်။ထိုပြင် KIO အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCCTမှာလည်း ဆက်လက်ပါဝင် ပူးပေါင်းပြီး လုပ်ငန်းစဉ် သုံးခုစလုံး အမှန်တကယ် အောင်မြင်သည် အထိ ကြိုးပမ်း ဆောင်ရွက် သွားဖို့ ဆန္ဒပြင်းပြစွာ ရှိနေကြောင်း သိရသည်။
                နှစ်ဘက်စလုံး အပစ်အခတ် ရပ်စဲဖို့ အတွက်နဲ့ ငြိမ်းချမ်းရေးရဖို့ အတွက် သမ္မတက ဆွေးနွေးခဲ့ တာပါ ဟု နိုင်ငံတော်သမ္မတရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ရှိခဲ့ သော်လည်း KIO နှင့် တစ်ကြိမ်မျှ တွေ့ဆုံမှုမရှိဘဲ ယခု တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
     အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့် အတူ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ၀န်ကြီး ဦးအောင်မင်း စသည့် တာဝန်ရှိသူများ တက်ရောက်ပြီး၊  KIO  ကိုယ်စားလှယ် အဖွဲ့မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်၊ ဗိုလ်ချုပ်ကြီး လမိုင်လနှင့် အတွင်းရေးမှူး ဒေါက်တာ လဂျာတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
http://www.messengernewsjournal.com/News/Local/detail.php?id=33742

ပညာရေး ဥပဒေ ကြားနာပွဲတွင် ကျောင်းသား ခေါင်းဆောင်များ တစ်မိနစ် ငြိမ်သက် ဆုတောင်း


            လက်ပံတန်းမြို့နှင့် ရန်ကုန်မြို့ များတွင် ကျောင်းသား များကို အကြမ်းဖက် ဖြိုခွင်းမှု ဖြစ်စဉ်များကြောင့် အမျိုးသား လွှတ်တော်တွင် ပြုလုပ်သည့် အမျိုးသား ပညာရေး ဥပဒေ ကြားနာပွဲ၌ ကျောင်းသား ခေါင်းဆောင်များမှ ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် တစ်မိနစ် ငြိမ်သက်စွာ ဆုတောင်းခဲ့ ကြကြောင်း ကျောင်းသား ခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။     ဒီနေ့ မတ်လ (၁၆) ရက်နေ့ဟာ တံတားနီ အရေးအခင်း ဖြစ်ပွားတဲ့ နေ့လည်း ဖြစ်တယ်။ ကျောင်းသားတွေ အားလုံးက အကြမ်းဖက်မှုတွေ မလိုလား ပေမယ့်လည်း (၈၈) ကာလ ကနေ ယနေ့ အချိန်အထိ ကျောင်းသား တွေကို အကြမ်းဖက် ဖြိုခွင်းမှု တွေက ရှိနေဆဲ ပါပဲ။ ဒါကြောင့် အနက်ရောင် လက်ပတ်တွေကို ကိုယ်စီ ၀တ်ဆင်ပြီး ကြားနာပွဲကို တက်ရောက် လာခြင်း ဖြစ်ပါ တယ် ဟု ၎င်းက ဆက်ပြောသည်။
                အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် သပိတ်မှောက် ကျောင်းသား များကို အကြောင်းပြု၍ ဖြစ်ပေါ် လာခြင်း ဖြစ်သောကြောင့် ကျောင်းသား ကိုယ်စားလှယ် များ၏ ဆွေးနွေးမှုများက အဓိက အရေးကြီးကြောင်း အမျိုးသား ပညာရေး ဥပဒေ ကြားနာပွဲ၌ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီက ပြောသည်။
            ပညာရေး ဥပဒေ ပြင်ဆင်ဖို့ကို အဖွဲ့အစည်း အားလုံးရဲ့ လိုလားချက် တွေကို သိချင်လို့ ကြားနာပွဲ လုပ်ခဲ့တာ။ ဒါပေမဲ့ ဒီဥပဒေ အပေါ် အပင်ပန်း အဆင်းရဲခံပြီး ဆန္ဒပြတာက ကျောင်းသားတွေ ဖြစ်လို့ ကျောင်းသားတွေ ပူးပေါင်း ပါဝင်ဖို့ အရေးကြီး ပါတယ် ဟု ၎င်းက ဆက်ပြောသည်။ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် အစိုးရ၊ လွှတ်တော်၊ ကျောင်းသားနှင့် NNER အဖွဲ့တို့ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲ သဘော တူညီချက်မှ ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ကျောင်းသား၊ NNER အဖွဲ့၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်း များနှင့် ကျောင်းသားသပိတ် ထောက်ခံ အားပေးသည့် ပြည်သူများ နှင့်လည်း အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီက အပြန်အလှန် ကြားနာမှု များ ပြုလုပ်ခဲ့သည်။
                ပထမအကြိမ် ကျောင်းသားများနှင့် ဥပဒေကြမ်း ကော်မတီ ကြားနာပွဲတွင် ကျောင်းသား များမှ တက်ရောက်ခဲ့ သော်လည်း လက်ပံတန်း သပိတ်စခန်းများ ပိတ်ဆို့ခံရမှု ဖြစ်စဉ်ကြောင့် အစည်းအဝေး ခန်းမမှ ပြန်လည် ထွက်ခွာသွား ခဲ့ပြီး အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၏ သဘော တူညီချက် ဖြင့် ဒုတိယ အကြိမ်မြောက် ကျောင်းသား များနှင့် ပညာရေး ဥပဒေ ကြားနာပွဲကို အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီက ထပ်မံ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
http://www.messengernewsjournal.com/News/Local/detail.php?id=33733

တပ်မတော်နှင့် ကိုးကန့်အဖွဲ့ တိုက်ပွဲထပ်ဖြစ် တပ်မတော်အရာရှိနှစ်ဦးကျဆုံး

တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားရာ မတ်လ ၁၆ ရက်တွင် တပ်မတော်ဘက် မှ အရာရှိနှစ်ဦးကျဆုံးခဲ့ပြီး အရာ ရှိ၊ စစ်သည် ငါးဦးဒဏ်ရာရရှိခဲ့ ကြောင်း သတင်းရရှိသည်။
ပါစင်ကျော်ရွာမှ ဘီပီ ၁၃၇ သို့ သွားသော ကားလမ်းတွင် တပ် မတော်စစ်ကြောင်းများက နယ် မြေရှင်းလင်းနေစဉ် မတ်လ ၁၆ ရက် နံနက် ၁၀ နာရီခန့်က ကား လမ်း မြောက်ဘက်ခြမ်းရှိ ပွိုင့် ၁၄၆၈ တောင်ကုန်းအနီး၌ ကိုး ကန့်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွား ခဲ့ပြီး အဆိုပါတောင်ကုန်းတွင် ခံ စစ်ယူပြင်ဆင်ထားသော ကိုးကန့် တပ်ဖွဲ့ဝင်များအား တပ်မတော် က ဆက်လက်တိုက်ခိုက်လျက်ရှိ ကြောင်း အစိုးရက သတင်းထုတ် ပြန်သည်။
အထင်အမြင်လွဲမှားမှု မဖြစ်ပေါ်စေရန် မတ်လ ၁၅ ရက်မှစတင်၍ တပ်မတော်လေကြောင်း ပစ်ကူများကို ရပ်တန့်ထားကြောင်း အမှတ်(၁) ခြေလျင်တပ်မဌာနချုပ်မှ တာဝန်ရှိသူကပြောသည်။
မတ်လ ၁၅ ရက် ညနေကလည်း လောက်ကိုင်မြို့ အရှေ့ဘက်ရှိ ပွိုင့်-၁၂၁၉ တောင်ကုန်းတွင် လုံခြုံရေးဆောင်ရွက်နေ သော တပ်မတော်စစ်ကြောင်းအား ကိုးကန့်တပ်ဖွဲ့ဝင်အချို့က လာရောက်ပစ်ခတ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက ပြန်လည် တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၈ ရက်ညက စတင်ခဲ့သည့် လောက်ကိုင်ဒေသ တိုက်ပွဲမှာ ယနေ့တွင် တစ်လ ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး တိုက်ပွဲ အရှိန်မှာ ဆက်လက်မြင့်တက်နေ သည်။ တပ်မတော်မှ အရာရှိအပါ အ၀င် ကိုးဆယ်ကျော်ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ နှစ်ရာကျော်လာခဲ့ပြီဖြစ်သည်။ အရပ်သားအချို့လည်း သေဆုံး၊ ဒဏ်ရာရခဲ့ပြီး ကိုးကန့်လက်နက်ကိုင် ၁၀၀ ခန့် သေဆုံးခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
http://7daydaily.com/story/33893#.VQeQcPAYuM8

အောင်တံခွန် (၃) နစ်မြုပ်မှုကြောင့် အသက်ဆုံးရှုံးသွားသည့်ဆရာမနှင့် ကျောင်းသူနှစ်ဦးအား ပညာရေးဝန်ကြီးဌာနက ကျပ်သုံးသိန်းစီထောက်ပံ့

သင်္ဘောနစ်မြုပ်မှုတွင် သေဆုံးသွားသူတစ်ဦး၏ ရုပ်အလောင်းကို သယ်ဆောင်နေကြစဉ်(ဓာတ်ပုံ - MOI)
အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်မှုကြောင့် အသက် ဆုံးရှုံးသွားခဲ့ရသည့် ဆရာမတစ်ဦးနှင့် ကျောင်းသူနှစ်ဦး၏ မိသား စုအား ပညာရေးဝန်ကြီးဌာနက တစ်ဦးလျှင် ထောက်ပံ့ကြေးငွေ ကျပ်သုံးသိန်းစီ   ထောက်ပံ့ခဲ့ ကြောင်း အမှတ်(၁) အခြေခံပညာ ဦးစီးဌာနမှ သတင်းရရှိသည်။
အသက်ဆုံးရှုံးသွားခဲ့သူများ မှာ အထက်တန်းပြဆရာမ ဒေါ်အေးငြိမ်းငြိမ်းစံ (အထက (၃) ကျောက်ဖြူ)၊ နဝမတန်းကျောင်းသူ မခင်စုစုမွန်နှင့် တတိယတန်းကျောင်းသူ  မစန္ဒီဆန်းလင်းတို့ဖြစ်ပြီး ၎င်းတို့အတွက်တစ်ဦးလျှင် ငွေကျပ်သုံးသိန်းစီကို ပညာရေးဝန်ကြီးကိုယ်စားအမှတ်(၁) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့၏မိသားစုထံသို့ မတ်လ ၁၆ ရက်က သွားရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
 အဆိုပါသင်္ဘောနစ်မြုပ်မှု တွင်  စစ်တွေမြို့၌ ကျင်းပမည့် အသက် (၁၅)နှစ်အောက် ဘော လုံးပြိုင်ပွဲ လူရွေးပွဲသို့ သွားရောက် အရွေးခံရန် ကာယဆရာတစ်ဦး နှင့် နဝမတန်းကျောင်းသား သုံး ဦး အသက်ရှင်လွတ်မြောက်ခဲ့သည်။  မတ်လ ၁၆ ရက်တွင်အသက်ရှင်လျက်ပြန်လည်တွေ့ ရှိခဲ့သည့် စတုတ္ထတန်းကျောင်းသူ တစ်ဦးအား တစ်ဦးလျှင်ထောက် ပံ့ကြေး ငွေကျပ်ငါးသောင်းစီပေး အပ်ခဲ့ကြောင်း အမှတ်(၁) အခြေခံပညာဦးစီးဌာနမှ အဆင့်မြင့်အရာ ရှိတစ်ဦးက ပြောသည်။

  ‘‘အသက်ဆုံးရှုံးသွားတဲ့ ဆရာနဲ့ ကျောင်းသူတွေရဲ့ သူတို့ မိသားစုတွေကို သုံးသိန်းစီနဲ့ အသက်ရှင်တဲ့ ကာယဆရာနဲ့ ကလေးတွေကို ငါးသောင်းစီပညာရေးဝန်ကြီးဌာနကိုယ်စားအမှတ်(၁) အခြေခံပညာဦးစီးဌာနက သွားရောက်ထောက်ပံ့ပေး တယ်။ ဌာနက တာဝန်ရှိသူတစ်ဦးလည်းအဲဒီကျောက်ဖြူ စခန်းမှာရောက်ရှိပြီးတော့ အားပေးဆောင်ရွက်လျက်ရှိတယ်’’ဟု အဆိုပါအဆင့်မြင့်အရာရှိက ပြောသည်။
အောင်တံခွန်(၃) ခရီးသည်တင်သင်္ဘောသည် မတ်လ ၁၃ ရက်နစ်မြုပ်ခဲ့ပြီး အဆိုပါသင်္ဘောတွင် စီးနင်းလိုက်ပါလာသည့် မတ်လ ၁၅ ရက်အထိ ခရီးသည် ၁၆၉ ဦးကယ်ဆယ်ထားနိုင်ပြီး   ရုပ်အလောင်း၆၀ခန့် တွေ့ရှိထားကြောင်းကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။
http://7daydaily.com/story/33919#.VQeP2_AYuM8

သင်္ဘောနစ်မြုပ်၍ သေဆုံးသူတစ်ဦးလျှင် ၀န်ကြီး ကျပ်တစ်သိန်း၊ အလှူရှင်များကျပ် ဆယ့်တစ်သိန်းစီထောက်ပံ့

အောင်တံခွန် (၃)တိမ်းမှောက်မှုကြောင့်  သေဆုံးသွားသူများအတွက်  တစ်ဦးလျှင်ပို့ဆောင်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီးက ကျပ်တစ်သိန်းစီနှင့် စေတနာရှင်များက လှူဒါန်းငွေကျပ် ၁၁ သိန်းစီထောက်ပံ့ပေးအပ်သည့် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 အဆိုပါအခမ်းအနားကို မတ်လ ၁၆ရက်ညနေက စစ်တွေ မြို့ဦးဥတ္တမခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်ခဲ့ကာ စေတနာရှင်များမှ လှူဒါန်းငွေကျပ်သိန်း၁၃၀၀ကျော်ရရှိခဲ့ပြီး အသက်ရှင်ကျန်နေသူများကို တစ်ဦးလျှင် ငွေကျပ်သုံးသိန်းခွဲနှင့် သေဆုံးသူများကို တစ်ဦးလျှင်ငွေကျပ် ၁၁ သိန်းလှူဒါန်းခဲ့သည်။
 ‘‘ငွေကြေးအားဖြင့် လူ့အ သက်ကို တန်ဖိုးဖြတ်လို့တော့မရ ပါဘူး။ ကျန်ရှိတဲ့သူတွေမှာ စိတ် ဒဏ်ရာတွေ  ခံစားနေရမှာကို လည်း ကိုယ်ချင်းစာပါတယ်။ သူ တို့ကိုအတတ်နိုင်ဆုံးနှစ်သိမ့်ပေး ရမယ်။ ကူညီပေးရမယ်။ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကုန်လုပ်ပေးရမယ်’’ဟု ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက အလှူငွေပေးအပ်ပွဲတွင် ပြောကြားသည်။

ထို့အပြင် အသက်ရှင်ကျန် ရစ်ခဲ့သူများ၏ အခက်အခဲများကို လူမှုဝန်ထမ်းဦးစီးဌာနတွင်စုစည်း ၍ အသက်အရွယ်၊ ပညာအရည် အချင်းအပေါ်မူတည်ကာ အလုပ် အကိုင်များ စီမံဆောင်ရွက်ပေး သွားရန် အစီအစဉ်ရှိသည်ဟု၎င်း ကဆိုသည်။
ပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဉာဏ်ထွန်းအောင်ကလည်း မတ်လ  ၁၅ ရက်တွင် ကယ်ဆယ်ရရှိသူ ၁၆၉ဦးအတွက်တစ်ဦးလျှင်ငွေကျပ်ငါးသောင်း  နှင့် သေဆုံးသူ ၃၅ဦးနှင့်ပျောက်ဆုံးသူ ၁၀ဦးအတွက်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီထောက်ပံ့ပေးအပ်ခဲ့သည်။
 http://7daydaily.com/story/33915#.VQeP6fAYuM8

နစ်မြုပ်သင်္ဘောမှ ၂၃ လောင်း ထပ်မံတွေ့ရှိ သေဆုံးသူ ၅၉ ဦးရှိလာ

 အောင်တံခွန်(၃) သင်္ဘောနစ်မြုပ်မှုတွင် မတ်လ ၁၆ ရက်က ရုပ်အလောင်း ၂၃ လောင်း ထပ်မံတွေ့ရှိခြင်းကြောင့် သေဆုံး သူ ၅၉ ဦးထိရှိလာသဖြင့် အစိုးရ မူလကထုတ်ပြန်ထားသော လိုက်ပါလာသူ အရေအတွက်ထက် ပိုမိုများပြားနေပြီဖြစ်သည်။
အစိုးရက အောင်တံခွန်(၃) သင်္ဘောတွင် ခရီးသည် ၂၁၈ ဦး လိုက်ပါခဲ့သည်ဟု ထုတ်ပြန်ထား သည်။ သို့သော် အသက်ရှင် ကျန်ရစ်သူ ၁၆၉ ဦးနှင့် မတ်လ ၁၆ ရက်အထိ ရရှိသော
ရုပ်အလောင်းမှာ ၅၉ လောင်းရှိနေသောကြောင့်ထပ်မံပျောက်ဆုံးနေသူများမပါဘဲ ၂၂၈ ဦးရှိနေပြီဖြစ် သည်။ ထို့ကြောင့် အစိုးရထုတ် ပြန်သောခရီးသည် ၂၁၈ ဦးထက် ယခုပင် ၁၁ ဦးပိုနေပြီဖြစ်သည်။
မတ်လ ၁၆ ရက် နံနက်တွင် ရေငုပ်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီး ညနေအထိ အောင်တံခွန် ရေ ယာဉ်မှူး၏ ရုပ်အလောင်းနှင့် အတူ အမျိုးသားရှစ်ဦး၊ အမျိုးသမီး ၁၁ ဦးတို့၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ရေကြောင်းဌာနမှူးချုပ် ဦးဝင်းသိန်းက ပြောသည်။ အစိုးရကညနေသတင်းတွင် သုံးလောင်းထပ်တွေ့ပြီး၊ စုစုပေါင်း ၂၃ လောင်းထပ်မံတွေ့ရှိကြောင်း ကြေညာသည်။ သို့သော် ညနေတွင် ရုပ်အလောင်း လေးလောင်းထပ်မံတွေ့ရှိခဲ့ပြီး တစ်ရက်တည်း ၂၄ လောင်းတွေ့ရှိကြောင်း ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သော ကိုလှမြင့်အောင်က ပြောသည်။
နစ်မြုပ်သင်္ဘောတွင် ခရီးသည် သီးသန့် အထူးခန်း ၁၅ ခန်းရှိပြီး မတ်လ ၁၆ ရက်အထိ သုံးခန်းရှာဖွေနိုင်ခဲ့ပြီး မြစ်ကြမ်းပြင်တွင် ရေနောက်နေခြင်းနှင့် သင်္ဘော တစ်ဖက်စောင်းနေသော အနေအထားများကြောင့် ကျန်အခန်းများကို မရှာနိုင်သေးကြောင်း ကိုလှမြင့်အောင်က ပြောသည်။
        ‘‘တပ်မတော်(ရေ)အပါအဝင် ကျွန်တော်တို့ တာဝန်ရှိသူတွေ၊ လူမှုအဖွဲ့အစည်းတွေပူးပေါင်းပြီး ရှာဖွေရေးတွေ ဆက်လုပ်နေပါ တယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြော သည်။
ပြည်တွင်းရေကြောင်း ပို့ ဆောင်ရေးပိုင် အောင်တံခွန် (၃) သင်္ဘောသည် တောင်ကုတ်မြို့မှ စစ်တွေသို့ မောင်းလာစဉ် မတ်လ ၁၃ ရက်ညက ကျောက်ဖြူမှ မြေ ပုံသို့အသွား နောင်တော်ကျွန်းနှင့် မြောက်ကြိမ်ကျွန်းအနီး၌ နစ်မြုပ် ခဲ့သည်။
နစ်မြုပ်ခဲ့သော သင်္ဘောကို မတ်လ ၁၅ ရက်က ရေအနက် ပေ ၉၀ ခန့်၌ မှောက်လျက်အနေ အထားဖြင့် တွေ့ရှိခဲ့ပြီး သင်္ဘော အတွင်းမှ ရုပ်အလောင်းများကို မတ်လ ၁၆ ရက်တွင် စတင်ရှာ ဖွေတွေ့ရှိခဲ့သည်။
သင်္ဘောတွင် ရေယာဉ်မှူး နှင့် ဝန်ထမ်း ၁၀ ဦး ပါဝင်ခဲ့ပြီး ရေယာဉ်ဝန်ထမ်းများအားလုံး အသက်ရှင်ကာ ရေယာဉ်မှူး ဦးလှ မောင်သိန်း၏ ရုပ်အလောင်းကို နစ်မြုပ်သင်္ဘောအတွင်းမှ ရှာဖွေ တွေ့ရှိခဲ့သည်ဟု ရေကြောင်းမှူးချုပ်ဦးဝင်းသိန်းက ပြောသည်။
ထို့ကြောင့် အောင်တံခွန် (၃) သင်္ဘော နစ်မြုပ်ချိန်မှစ၍ မတ်လ ၁၆ ရက် (သုံးရက်ကျော် ကြာသည်) အထိ သံဃာတော် တစ်ပါး အပါအဝင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၄၇ ဦးတို့၏ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့သည်။ အမျိုးသမီးရုပ်အလောင်း များအနက် လေးဦးမှာ ကလေး ငယ်များဖြစ်သည်။
အစိုးရက သတင်းထုတ်ပြန်ရာတွင် ကနဦးသင်္ဘောပေါ်တွင်၂၁၄ ဦးခန့်ပါကြောင်း ကြေညာပြီး၊ မတ်လ ၁၅ ရက်တွင် ၂၁၈ဦးဟုဆိုသည်။ ပျောက်ဆုံးသူ ၁၃ဦးသာရှိတော့ကြောင်း ကြေညာပြီး မတ်လ ၁၆ ရက်ကအလောင်း ၂၃ လောင်းတွေ့သောအခါ ၂၂၈ဦးပါရှိသည်ဟု ကြေညာပြန်သည်။
http://7daydaily.com/story/33914#.VQeP7vAYuM8

March 16, 2015

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေး အရပ်ဘက်နှင့် ပြည်သူများ ပါဝင်သည့် အထောက်အကူပြုအဖွဲ့ ဖွဲ့စည်း

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အမြန်ဆုံးအတည်ပြုနိုင်ရေး အထောက်အကူပြုအဖွဲ့ကို မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမများနှင့် မြို့မိမြို့ဖများ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်အပြီး ဖွဲ့စည်းလိုက်သည်။
Mandalay-Student-Strike-1
အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေးကော်မတီအား ဖွဲ့စည်းရန် မတ်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်က ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်တွင် ဆွေးနွေးကျင်းပစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
ထိုကော်မတီက ကျောင်းသားများ တောင်းဆိုနေသော အချက်များကို အမြန်ဆုံး လိုက်လျောပေးရန်နှင့် ပညာရေး ဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထုအပါအဝင် ကျောင်းသူ၊ ကျောင်းသားများ သိရှိလာစေရန် ဟောပြောမှုများ ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဟုလည်း ကော်မတီအဖွဲ့ဝင်ဦး ရွှေထူးက ပြောသည်။
အဆိုပါ အထောက်အကူပြုကော်မတီကို မဟာအောင်မြေမြို့နယ်ရှိ ကံတက်ကုန်း မစိုးရိမ်ကျောင်း တိုက်၌ ဆွေးနွေးမှုများပြုလုပ်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကလည်း ဥပဒေကို အမြန်ဆုံးအတည်ပြုနိုင်ရန် ပြည်သူလူထု ပူးပေါင်းပါဝင်ရန် လိုအပ်ပြီး ပြည်သူများ ပါဝင်လာနိုင်ရန်လည်း အထောက်အကူပြုအဖွဲ့က အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အဆိုပါကော်မတီကို အဖွဲ့ဝင် ၃၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ပြီး  အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အမြန်ဆုံး အတည်ပြုနိုင်ရေးနှင့် ဖမ်းဆီးခံကျောင်းသူ၊ ကျောင်းသားများပြန်လည်လွှတ်မြောက်ရေး တို့အတွက်လည်း ဆောင်ရွက်သွားမည်ဟု  ၎င်းကော်မတီဝင် ဒေါ်အမာနီက ပြောသည်။
"ဒီပညာရေးဥပဒေကို အားလုံးသိအောင် မနက်ဖြန်ကနေစပြီး လုပ်ဆောင်သွားကြမှာပါ" ဟု ၎င်းက ပြောသည်။
ထိုကော်မတီသည် ဖမ်ဆီးခံ ကျောင်းသူ၊ ကျောင်းသားများ လွတ်မြောက်ရေးအတွက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဟောပြောပွဲ၊ ဆွေးနွေးပွဲနှင့် ကမ်ပိန်းများ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဒေါ်အမာနီက ဆိုသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41196-2015-03-16-08-20-52

လက်ပတ်ဖြူလှုပ်ရှားမှု အထက်တန်းကျောင်းသား၊ ကျောင်းသူများပါ ပါဝင်လှုပ်ရှားမည်ဟုဆို

ဖမ်းဆီးခံရသော သပိတ်မှောက် ကျောင်းသားများအတွက် ပြုလုပ်နေသည့် လက်ပတ်ဖြူလှုပ်ရှားမှုကို မတ် ၁၉ ရက်၌  မြို့နယ် ၁၉ မြို့နယ်တစ်ပြိုင်နက် လှုပ်ရှားသွားမည်ဖြစ်ရာ ယင်းလှုပ်ရှားမှုတွင်  အထက်တန်းကျောင်းသူ၊ ကျောင်းသားများ ပါဝင်လှုပ်ရှားမည်ဟု ဦးဆောင်သူ ကဗျာဆရာ မောင်ဆောင်းခက မဇ္ဈိမသို့ ပြောသည်။
White-Wrist-Movement-09
ကျောင်းသား သပိတ်စစ်ကြောင်းအား အကြမ်းဖက်ဖြိုခွင်းခြင်းနှင့် ပတ်သက်၍ ကန့်ကွက်ရှုံ့ချသည့်အနေဖြင့် လက်ပတ်ဖြူလှုပ်ရှားမှုများကို ရန်ကုန်မြို့တွင် မြို့ပတ်ရထားပေါ်တွင် ပြုလုပ်နေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
“ ကျွန်တော် အခုလက်ရှိ လှုပ်ရှားမှုကို ခဏရပ်ထားတယ်။ အခုလက်ပတ်တွေ လုပ်ဖြစ်နေတယ်။ မတ် ၁၇ ရက်နေ့မှာ တစ်ကြိမ် ထပ်လုပ်မယ့်လို့ စိတ်ကူး ထားပေမယ့်၊ တစ်ခုခုဖြစ်သွားရင် ၁၉ ရက်နေ့ကို လက်လွှတ်လိုက်ရမှာစိုးလို့ မလုပ်ဖြစ်တော့ဘူး။ ၁၉ ရက်နေ့က ၁၀ တန်းစာမေးပွဲပြီးပြီဆိုတော့ ကျောင်းသူ ၊ ကျောင်းသားတွေလည်း ပါဝင်လှုပ်ရှားသွားမှာပါ” ဟု ၎င်းက ပြောသည်။
မတ်လ ၁၉ ရက်တွင် ပြုလုပ်မည့် လက်ပတ်ဖြူ လှုပ်ရှားမှုတွင် ရန်ကုန်မြို့၌ လက်ပတ်ဖြူ ၃၅၀၀ ခန့် ကုန်မည် ဟု ခန့်မှန်းထားပြီး အခြားသောမြို့နယ်များဖြစ်သည့် မန္တလေး၊ ဒိုက်ဦး၊ ကျောက်ပန်းတောင်း၊ ဘိုကလေး၊ ပြင်ဦးလွင်၊ ပျဉ်းမနား၊ ပုသိမ်၊ ကျောက်ဆည်၊ မကွေး၊ ပြည်၊ မြင်းခြံ၊ ထားဝယ်၊ ရေဖြူ၊ လောင်လုံး၊ သရက် ချောင်း၊ ပခုက္ကူ၊ ပေါင်၊ ရေစကြို၊ ပဲခူးစသည့်မြို့ နယ်တို့တွင် လက်ပတ်ဖြူ ၅၀၀ စီ ခန့်လုပ်ဆောင်မည်ဟု မောင်ဆောင်းခက ပြောသည်။
ယင်းလှုပ်ရှားမှုသည် ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော် ကျဆုံးခဲ့သည့် ၂၇ နှစ်ပြည့် မတ်လ ၁၃ ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် လူငယ်အင်အား ၂၀ကျော်ဖြင့် "We Are Students Respect Our Rights" ဟု ရေးသားထားသည့် အဖြူရောင် လက်ပတ်များကို လူစည်ကားရာ နေရာများတွင် စတင်လိုက်လံဝေငှခြင်း ဖြစ်သည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/41186-2015-03-16-05-56-04

March 13, 2015

ကျောင်းသားသပိတ် အကြမ်းဖက်မှု ကန့်ကွက်ရှုတ်ချသော အနက်ရောင်လှုပ်ရှားမှုစတင်

ပင်မကျောင်းသားသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့ဝင်များ က အကြမ်းဖက်နှိမ်နင်းခြင်းအပေါ် ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် အနက်ရောင်လှုပ် ရှားမှု(ဘလက်ကမ်ပိန်း) စတင်ပြုလုပ်နေကြောင်းသတင်းရရှိသည်။ လက်ပံတန်းမြို့တွင် ကျောင်းသားသပိတ်အကြမ်းဖက် ဖြိုခွင်းခဲ့မှု ရှုတ်ချပွဲ တစ်ရပ်ကို ရန်ကုန်မြို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၌ မတ်လ ၁၂ ရက်ကပြုလုပ်ခဲ့သည်။ အာဏာပိုင်များ၏ အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် အနက်ရောင်အင်္ကျီ(သို့မဟုတ်) ရင်ဘတ်တွင် အနက်ရောင်ပိတ်စကို မတ်လ ၁၂ ရက်မှစတင် ၀တ်ဆင်ကာ ရက်သတ္တပတ်ကြာ ဝတ်ဆင်ရန် တိုက်တွန်းခဲ့သည်။
‘‘လူစိတ်ကင်းမဲ့ပြီး လူသား ချင်း စာနာမှုမရှိတဲ့ လူ့အသိုင်း အဝိုင်းတွေကို ရှုတ်ချတဲ့ပွဲပါ’’ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူက အမှာစကား ပြောကြားသည်။
ထို့နောက် အကြမ်းဖက်ဖြို ခွင်းခံရသည်ကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ထိုရှုတ်ချပွဲတွင် တစ်မိနစ် ငြိမ်သက်ခဲ့ကြ သည်။ ထိုပွဲသို့တက်ရောက်လာ သည့်နယ်ပယ်စုံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက ဖမ်းဆီးခံ ကျောင်းသား၊ ပြည်သူ ၁၂၇ ဦးကို ခြွင်းချက်မရှိလွှတ်ပေးရန်တောင်း ဆိုထားကြသည်။
ကျောင်းသား သပိတ်ကို မတ်လ ၁၀ ရက်က လက်ပံတန်း မြို့၌ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့မှုအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီးနောက် အကြမ်းဖက်ဖြိုခွင်းခဲ့သော ရဲတပ်ဖွဲ့ဝင်များအား အရေးယူရန် စုပေါင်းတောင်းဆိုသည်။
ကျောင်းသားသပိတ်  အကြမ်းဖက်ဖြိုခွင်းခံရမှု ရှုတ်ချပွဲသို့ နိုင်ငံရေး၊ စာပေ၊ အနုပညာ၊ ပညာရေး စသည့်နယ်ပယ်များမှ ပညာရှင်များ၊ ကျောင်းသား၊ ပြည်သူပေါင်း သုံးရာကျော်ပါဝင်ခဲ့ပြီး ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသော ကျောင်း သား ၂၀ ကျော်ကို မတ်လ ၁၂ ရက်က ပြန်လွှတ်ပေးခဲ့သော်လည်း ကျန်အရပ်သားများ အပါအဝင် ဖမ်းဆီးခံရသူ ၁၂၇ ဦးစလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
ထိုပွဲသို့ ဧရာဝတီတိုင်းမှ သပိတ်မှောက်ကျောင်းသားအချို့နှင့် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင် ရာကွန်ရက် (NNER)အဖွဲ့ဝင် များ၊ ၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။ ယခုပွဲသို့ တက်ရောက်သူများ၏ လက်မှတ်များနှင့် အခြားပြည်သူများ၏ လက်မှတ်များကောက်ခံ၍ ဖမ်းဆီးခံရသူ ၁၂၇ဦးစလုံးကို ခြွင်းချက်မရှိလွှတ်ပေး ရန် တောင်းဆိုကြောင်း စာရေးဆရာမစမ်းစမ်းနွဲ့(သာယာဝတီ) ကပြောသည်။
‘‘အကြမ်းဖက် နှိမ်နင်းတာ လက်မခံပါဘူး။ ဖြစ်စဉ်မှာ ပြည် သူကိုကာကွယ်စောင့်ရှောက်ပေး တဲ့ရဲအချို့ရှိပါတယ်။ မတရားတဲ့ ရဲတွေကိုလည်း ဖော်ထုတ်ဖို့လိုပါ တယ်။ လွှတ်တော်ကနေ ဖော် ထုတ်ဖို့၊ စုံစမ်းရေးကော်မရှင်ဖွဲ့ ဖို့ တောင်းဆိုပါတယ်’’ဟု မြန်မာ နိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်း လဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)အဖွဲ့ဝင် ကိုစိုးထွန်းက ပြောသည်။
လေးပွင့်ဆိုင်  ဆွေးနွေးပွဲ သဘောတူညီချက်များဖြင့် ပြန် လည်ပြင်ဆင်ထားသည့် အမျိုး သား ပညာရေး ဥပဒေမူကြမ်း ကြားနာပွဲကို အမျိုးသား လွှတ် တော်တွင် မတ်လ ၅ ရက်မှ ၁၅ ရက်အထိ နိုင်ငံရေး ပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးလျက်ရှိသည်။
http://7daydaily.com/story/33648#.VQJSw_AYuM8

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ခြင်း လွှတ်တော်ဥပဒေပြုနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်ဟု ဦးခင်အောင်မြင့်ပြော

အမျိုးသားပညာ ရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို ကျောင်းသားများအား နားလည်အောင်ရှင်းပြ၍ လွှတ် တော်ဥပဒေပြုနည်းလမ်းဖြင့်သာ ဖြေရှင်းသင့်သည်ဟု လက်ပံတန်း အရေးကိစ္စနှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ထုတ်ဖော်ပြောကြားလိုက် သည်။
‘‘ကလေးတွေလာတဲ့အခါ သူတို့ဘာဆိုလိုချင်တာလဲဆိုတာ အတိအကျသိရမယ်။ ဒါဖြစ်သင့် လား၊ ဖြစ်နိုင်လားဆိုတာ သူတို့နဲ့ ဆွေးနွေးလိုက်ရင် ပြီးပါတယ်’’ဟု အမျိုးသားလွှတ်တော်အစည်းအ ဝေးပြီးဆုံးချိန် မီဒီယာများ၏ မေး မြန်းမှုကို ဦးခင်အောင်မြင့်က အ ထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မတ်လ ၁၀ ရက်ကတည်းက ဖြစ်ပွားခဲ့သော အုပ်ချုပ်ရေးအာ ဏာပိုင်များနှင့် ကျောင်းသားများ ၏ ပဋိပက္ခနှင့် ပတ်သက်၍ မတ် လ ၁၁ ရက်နှင့် ၁၂ ရက်တွင် ကျင်းပသည့် လွှတ်တော်များ၌ မည် သည့်ဆွေးနွေးမှု၊ ကန့်ကွက်မှုကိုမျှ တရားဝင်မပြုလုပ်ခဲ့သော်လည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မီဒီယာအချို့၏ မေးမြန်းမှုကို အ ထက်ပါအတိုင်းပြောကြားလိုက် ခြင်း ဖြစ်သည်။ ထို့ပြင် အမျိုးသား ပညာရေးဥပဒေ  ပြင်ဆင်သည့် ဥပဒေကြမ်းကို အခြားဥပဒေများ နှင့်မတူ ကျယ်ကျယ်ပြန့်ပြန့်ဆွေး နွေးကာ လွှတ်တော်အနေဖြင့် အ ထူးလုပ်ဆောင်ပေးနေသည်ဟု ဦးခင်အောင်မြင့်က ဆိုသည်။

ပင်မသပိတ်စစ်ကြောင်းကို လက်ပံတန်းမြို့တွင် အာဏာပိုင် များက အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း နှင့် ပတ်သက်၍ မေးမြန်းရာတွင် အဆိုပါဖြိုခွင်းမှုသည် အုပ်ချုပ်မှု ကဏ္ဍဖြစ်သော်လည်း မိမိ၏ သ ဘောထားသည် ဆရာကျော်ဝင်း ရေးသားထားသော ဆောင်းပါးအ ကြောင်းအရာနှင့် အတူတူဖြစ် ကြောင်း ၎င်းက ပြောသည်။
စာရေးဆရာ ကျော်ဝင်းရေး သားထားသော ‘‘တစ်သက်လုံးမွေးသော ကြက်တစ်မနက်တည်းနဲ့ ရိုက်သတ်’’ ဆောင်းပါးတွင် ‘‘သမ္မတကြီး၏   နိုင်ငံရေးစန်း’’ကို အခြေမှ လှုပ်ကိုင်လိုက်သလို လက်ရှိဒီ မိုကရေစီအပြောင်းအလဲကိုပါ ဆိုးဆိုးရွားရွားထိခိုက်နိုင်စရာရှိသည်။ ဘာလုပ်ကြမည်နည်း။ မှားပြီ။ အကြီးကြီးမှားသွားပြီ၊ ပြင်ဖို့ မလွယ်သည့်တိုင် မဖြစ်မနေပြင်ရပါလိမ့်မည်။ ရိုးသားဖို့တော့လိုသည်။ တော်ရုံတန်ရုံ ရိုးသားလို့ မရ။ ရက်ရက်စက်စက် ရိုးသား (Brutally Honest) မှ တော်လိမ့်မည်ဟု ရေးသားဖော်ပြထားသည်။
မတ်လ ၅ ရက်မှစတင်၍ အမျိုးသားလွှတ်တော်တွင် ကျင်းပနေသည့် အမျိုးသားပညာရေးဥပဒေမူကြမ်းပြင်ဆင်ရန် ကြားနာပွဲသို့ မတက်ရောက်နိုင်ခဲ့သည့် ကျောင်းသားများက မတ်လ ၁၆ ရက်တွင် ပြန်လည်တက်ရောက်မည်ဖြစ်ပြီး မတ် ၁၇ ရက်တွင် မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ကို အမျိုးသားလွှတ်တော်က ဖိတ်ကြားထားပြီး တက်ရောက်ခြင်းရှိ၊ မရှိကိုမူ အတိအကျမသိရသေးကြောင်း အမျိုးသားလွှတ်တော်  ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ  ဦးခင်မောင်ရီက ပြောသည်။
http://7daydaily.com/story/33636#.VQJSnfAYuM9

ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့် သပိတ်မှောက်ကျောင်းသား နှစ်ဖက်စလုံးကို မေးခွန်းထုတ်စရာရှိဟု ပြော

ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ−ပြည့်စုံအောင်/အီးပီအေ)
အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးမှ အစပြုခဲ့ သည့် ကျောင်းသားသပိတ်လှုပ် ရှားမှုတွင် အစိုးရနှင့် ကျောင်းသားတို့ ဆွေးနွေးပွဲများ၌ နောက်ပိုင်း တွင် ပညာရေးဥပဒေအကြောင်း ဆွေးနွေးခြင်းထက် ချီတက်ပုံချီ တက်နည်းကိုသာ အဓိကထား ဆွေးနွေးနေခြင်းကို အစိုးရနှင့် ကျောင်းသားများ နှစ်ဖက်စလုံးအား မေးခွန်းထုတ်လိုကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
မတ်လ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီခရီးကြမ်းအစီအစဉ်တွင် RFA သတင်းဌာနအား အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကျောင်း သားများ ကြွေးကြော်သံမတိုင်ရ၊ အလံမထူရဆိုသည့် တောင်းဆို မှုများမှာ လွတ်လပ်စွာ ဆန္ဒထုတ် ဖော်ခွင့်ကို တားမြစ်ရာရောက်၊ မ ရောက်မေးမြန်းခြင်းအပေါ် ဒေါ် အောင်ဆန်းစုကြည်က ဖြေကြား ခဲ့ခြင်း ဖြစ်သည်။
‘‘အစတုန်းက ဘယ်လိုသ ဘောတူညီချက်တွေရှိလဲဆိုတာ မသိရဘူးပေါ့။ အခုဟာက ပညာရေးဥပဒေက စလိုက်တဲ့ကိစ္စပေမယ့် နောက်ပိုင်းမှာ ပညာရေးဥပဒေအကြောင်း သိပ်ပြီးတော့ ဆွေးနွေးတာမကြားရဘူး။ ချီတက်တဲ့ပုံ၊  ချီတက်တဲ့နည်းကိုပဲ အဓိကထားပြီး ဆွေးနွေးနေကြတာဆိုတော့ အဲဒါကကော ဒီလိုလုပ်သင့်သလားဆိုတာ   နှစ်ဖက်စလုံးကို မေးခွန်းထုတ်စရာရှိတာပေါ့’’ဟု ၎င်းက ပြောကြားသည်။
ယခုပြဿနာကြောင့် လွှတ်တော်တွင်း အမျိုးသားပညာရေးဥပဒေကြမ်း  ပြင်ဆင်ရေးတွင် သက်ရောက်မှုမရှိနိုင်ကြောင်းနှင့် လွှတ်တော်မှာ ဥပဒေပြုရေးနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ဆို သည်။ ဥရောပသမဂ္ဂက သင်တန်းများပေးထားပါလျက် မလိုအပ်ဘဲရဲတပ်ဖွဲ့မှ  အင်အားအလွန်အကျွံသုံး၍ဖြိုခွင်းမှုမှာ   လုံးဝမဖြစ်သင့်ကြောင်း၊ ထို့ကြောင့် ယခုဖြစ်စဉ်အပေါ် စုံစမ်း စစ်ဆေးသင့် ကြောင်းလည်း ဒေါ်အောင်ဆန်းစု ကြည်ကပြောသည်။
သို့သော် မြို့တော်ခန်းမရှေ့ တွင် ကျောင်းသားများအား ဖမ်းဆီးရန် အရပ်ဝတ်များကို အသုံးပြု ခြင်းမှာ ၁၈ ရာစုက အင်္ဂလိပ်ဥပ ဒေကို ပြန်သုံးထားပြီး မကြိုက် သည့်ကိစ္စတွင် ကိုလိုနီခေတ်အ ကြွင်းအကျန်ဟုပြောကာ ကြိုက် သည့် ကိစ္စတွင် သင့်လျော်သည့် ဖြစ်စေ၊    မသင့်လျော်သည်ဖြစ်စေ   ကြိုက်သလိုသုံးစွဲခြင်းမှာ မကောင်းကြောင်း  ၎င်းက ဆက် လက်ပြောကြားသည်။
လက်ပံတန်းရှိ ဒီမိုကရေစီ ပင်မကျောင်းသားသပိတ်စစ် ကြောင်း ရန်ကုန်သို့ချီတက်ရန် ညှိနှိုင်းမရခဲ့သည့်အတွက် မတ်လ ၁၀ ရက်တွင် ရဲများက သပိတ်ကို ဖြိုခွင်းပြီး ကျောင်းသားများ ဖမ်း ဆီးခြင်းခံခဲ့ရသည်။ ယခုအခါ ကျောင်းသားအချို့ကို ပြန်လွှတ်ပေးလိုက်သော်လည်း အများစုကို ပုဒ်မ ငါးခုဖြင့် တရားစွဲဆိုခြင်းများရှိနေသည်။
‘‘ဒေါ်အောင်ဆန်းစုကြည် ပြောသလို ချီတက်ပုံချီတက်နည်း ပဲ ဆွေးနွေးနေကြတယ်ဆိုတာက အဓိကအစိုးရနဲ့ အာဏာပိုင်တွေ မှာ တာဝန်ရှိတာပါ။ သူတို့က ပိတ် ပင်၊ တားမြစ်၊ ကန့်သတ်လို့ ဒီလို ညှိနှိုင်းတာတွေလုပ်လာရတာပါ။ ဒီအတွက် အဓိကမေးခွန်းထုတ် သင့်တာက အစိုးရနဲ့ အာဏာပိုင် ကိုပါ။ သပိတ်မှောက်ကျောင်း သားတွေကို မဟုတ်ပါဘူး’’ဟု နိုင် ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
အမျိုးသားပညာရေးဥပဒေ ကို ပြည်ထောင်စုလွှတ်တော်တွင် အတည်မပြုမီကတည်းက NNER ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားများက တွေ့ဆုံဆွေး နွေးရန် အဆက်မပြတ်တောင်းဆို ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးကြားနာမှုအားနည်းခြင်း နှင့် တောင်းဆိုမှုများကို မျက်ကွယ် ပြုခြင်းကြောင့် ယခုလှုပ်ရှားမှုများ စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၎င်းက ပြောသည်။
‘‘ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်က ပြဋ္ဌာန်းထားပြီးတဲ့ ဥပဒေကို ကျောင်းသားတွေ စကန့်ကွက်ကတည်းက သိပ်ပြီး သဘောကျတာ မဟုတ်ဘူး။ သူလွှတ် တော်မှာ ပြောတာ ကျောင်းသား တွေ ဆန္ဒပြပွဲပေါ်လာတာ ဥပဒေ ချို့ယွင်းလို့ မဟုတ်ဘူး။ ဥပဒေ အတွက် ပညာရေးဌာနက နည်း ဥပဒေထုတ်တာ နောက်ကျနေ တော့ ကျောင်းသားအဖွဲ့အစည်း ဖွဲ့ရေးကိစ္စလုပ်မရ ဖြစ်နေတယ်။ အဲဒါကြောင့်လို့ သူယူဆတယ်။ ဒါကြောင့် သူက ဥပဒေပြင်ပေးရေး ကျောင်းသားတွေ ဆန္ဒပြတာ၊ အစိုးရကိုတင်မက လွှတ်တော်ကို ဖိအားပေးတာမျိုးလုပ်တာ သူ သ ဘောမကျဘူး။ သူက အပေးအယူ ရှိရမယ်၊ ဆွေးနွေးရမယ်လို့ ယုံ ကြည်တယ်။ ဘယ်ဘက်ကမှ ဖိ အားပေး အကျပ်ကိုင်တာမျိုး သူမထောက်ခံဘူးဆိုတဲ့ သဘော။ ဒါ က သူ့သဘောကို ကျွန်တော်သိသလောက် မြင်သလောက်ပါ’’ဟု သတင်းစာဆရာ စည်သူအောင် မြင့်က ပြောသည်။
အစိုးရသည် ယခင်ဥပဒေ များတွင် တစ်ကြိမ်တစ်ခါမျှ မလုပ် ဖူးခဲ့သော ပညာရေးဥပဒေကြမ်း ကို ဘုန်းတော်ကြီးများနှင့် ဘာသာ ရေးဆိုင်ရာအဖွဲ့အစည်းများအားသွေးထိုးလှုံ့ဆော်၍ ကြေညာချက် များထုတ်ကာကန့်ကွက်စေခြင်း၊ ဆောင်းပါးပေါင်းစုံကို အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ခြင်းစသည့် ညစ်ပတ်သော နည်းလမ်းများသုံးလာခြင်း၊ အမျိုးသားလွှတ်တော်ဘက်ကလည်း ဥပဒေကြမ်းကြားနာပွဲများဖြင့် အချိန်ဆွဲပညာပြရန် လုပ်လာခြင်းကြောင့် ကျောင်းသားများ ရန်ကုန်ချီတက်ရေးဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
‘‘ဥပဒေထဲမှာ သမဂ္ဂဖွဲ့ခွင့်ဆို တာမျိုးမပါတာက ကျောင်းသား တွေကို မခံမရပ်နိုင်ဖြစ်စေပါ တယ်။ ချီတက်ဆန္ဒပြပွဲတွေဖြစ် တယ်ဆိုတာ အမျိုးသားပညာရေး ဥပဒေကို ပြည်ထောင်စုလွှတ် တော်က တစ်ဖက်သတ်ပြဋ္ဌာန်းခဲ့ တာ ကျောင်းသားတွေပေးထားတဲ့ ရက်ပေါင်းခြောက်ဆယ်အတွင်း မှာ မသိကျိုးကျွန်ပြုခဲ့တာ၊ အဲဒါတွေ ကြောင့် မန္တလေးကနေ ရန်ကုန်ချီတက်ဆန္ဒပြပွဲဆိုတာ ဖြစ်လာတာပါ။ အဲဒီတော့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ဖို့ အချိန်ဆွဲတာ၊ ကြန့်ကြာအောင်လုပ်တာ၊ သွယ်ဝိုက်လျစ်လျူရှုတာတွေကြောင့် ဆန္ဒပြပွဲတွေဖြစ်လာတာပါ’’ဟု ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။
http://7daydaily.com/story/33643#.VQJSoPAYuM9

March 12, 2015

ကျောင်းသားသပိတ်ဖြိုခွင်းခံရမှု ရဲများကို အမှုဖွင့်ပါက သက်သေလိုက်ပေးမည်ဟု မျက်မြင်သက်သေများဆို

လက်ပံတန်းအကြမ်းဖက်ဖြိုခွဲခံရမှုနှင့် ပတ်သက်ပြီး မျက်မြင်ကိုယ်တွေ့ကြုံခံရသူများက ရဲများကို အမှုဖွင့်မည်ဆိုပါက သက်သေလိုက်ပေးမည်ဟု မတ်လ ၁၂ ရက် မွန်းလွဲ ၁၂နာရီတွင် ၈၄ လမ်း၊၃၄လမ်း နှင့် ၃၅ လမ်းကြားရှိ ဗိုလ်ချုပ်ရာပြည့်ခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြား ခဲ့သည်။ အစိုးရမှ ထုတ်ပြန်ထားသော သတင်းများနှင့် ပတ်သက်ပြီး အမှန်တရားနှင့် လွဲနေသည်ဟု ဆိုကာ အဖြစ်အပျက်အမှန်ကို ပြည်သူများ သိရှိစေရန် ကျောင်းသားသပိတ်ဖြိုခွဲခံနေရစဉ် အနီးကပ် ဝန်းရံကူညီပေးခဲ့သူ ဦးအုံးငွေ(လူနှင့်လူ)က ဆိုသည်။
" အဲဒီနေ့က မြင်ရတဲ့ မြင်ကွင်းက ဒီနေ့ထိ မျက်စိထဲကမထွက်ဘူး။ ဒါကို သံသယရှိတယ်။တ ချို့ရဲအရာရှိတွေကမလုပ်ဖို့ တားတယ်။တစ်ချို့ရဲတွေက ကလေးတွေကို ဒိုင်းတွေနဲ့ ကာကွယ်ပေးတာ တွေရှိတယ်။ ရဲမှာကိုပဲ နှစ်ဖွဲ့ဖြစ်နေတယ်။လည်စီးအနီနဲ့ရဲတွေကိုပိုပြီးသံယဖြစ်တယ်။ အရပ်သားတွေ လို့ တောင်ထင်မိတယ်။ရိုက်နှက်ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး အမှုပြန်ဖွင့်မယ်ဆို ကျွန်တော်ရဲရဲကြီး သက်သေခံပေးသွားမယ်"ဟု ၄င်းက ပြောသည်။
၎င်းတို့သည် ကျောင်းသားသပိတ်ကို စားသောက်စရာများနှင့် ဖုန်းဘေလ်များ လှူဒါန်းရန် မတ်လ ၈ ရက်က လက်ပံတန်းမြို့သို့ ရောက်ရှိခြေင်းဖြစ်ပြီး မတ်လ ၁၀ ရက် ကျောင်းသားသပိတ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားရာတွင် ၄င်းတို့က ထိုနေရာတွင် ရှိနေသူများ ဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက်ဖြိုခွဲခံနေရသည့်ကြားမှာ ကျောင်းသားတချို့ကို ကယ်ထုတ်ခဲ့သူ ဒေါ်အမာနီ မှ "ကလေးတွေကို ရိုင်းရိုင်းစိုင်းစိုင်း လူစိတ်ပျောက်ပြီး ရဲတွေက ရိုက်တယ်။ဒီလိုနုနယ်တဲ့ ကလေးတွေကို ရိုက်တာဖမ်းတာ ရှုတ်ချတယ်။ပိတ်မိတဲ့ ကျောင်းသားတစ်ချို့ကို ကျွန်မကားနဲ့ကယ်ခဲ့တယ်။ အဲဒီက လေးတွေက ကြောက်လို့ ထွက်ပြေးတာမဟုတ်ဘူး။ကျွန်မခေါ်ခဲ့လိုသာ သူတို့ လွှတ်လာတာပါ"ဟု ပြောသည်။
မီဒီယာသမားများ ရိုက်နှက်ဖမ်းဆီးခံရခြင်းနှင့်ပက်သတ်၍ DVB သတင်းထောက် ကိုစူပါ က လည်း မီဒီယာသမားများကို ရိုက်နှက်သည့် မှတ်တမ်းပုံများရှိပြီး အရိုက်ခံရသူများနှင့် အဖမ်းခံရသူ များ အမှုဖွင့်မည်ဆိုပါက သက်သေအဖြစ်လိုက်ပါဆောင်ရွက်ပေးမည်ဟုလည်း ရှင်းလင်းပြောကြားခဲ့ သည်။
သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသူကျောင်းသားများနှင့် မိသားစုဝင်များအဆက်အ သွယ်မရရှိပါက မိသားစုဝင်များအနေဖြင့် ဗိုလ်ချုပ်ရာပြည့်ရုံးခန်းသို့ လာရောက်ဆက်သွယ်နိုင်ပြီး ကူ ညီပေးသွားမည်ဖြစ်ကြောင်းလည်း ၄င်းတို့က ပြောကြားခဲ့သည်။ ကျောင်းသားသပိတ်ကို ဝန်းရံခဲ့သော အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများဖမ်းဆီးခံနေ ရသူများကိုလည်း ကျောင်းသားများကဲ့သို့ ပြန်လည်လွှတ်ပေးရန် တောင်းဆိုမှုများ ဆက်လက်လုပ် ပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။ ထိုသို့ သတင်းစာရှင်လင်းပွဲကို သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သော ဆရာတော်များမှလည်း နံနက် ၉ နာရီက မစိုးရိမ်(ကံတက်ကုန်း)ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သေးသည်။
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/item/40858-2015-03-12-10-03-42

၅ နှစ်အတွင်း အိမ်ထောင်စု ၁ သန်းကျော် လျှပ်စစ်ဓာတ်အား တိုးပေးနိုင်ဟု ဆို

လျှပ်စစ် ဓာတ်အား, NEP , ကမ္ဘာ့ဘဏ်
မဟာဓာတ်အားလိုင်း သွယ်တန်းထားသည့် တာဝါတိုင်များကို ရန်ကုန်မြို့ ဆင်ခြေဖုံး ဧရိယာအတွင်း တွေ့မြင်ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
အစိုးရသစ်လက်ထက် ၅နှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးနိုင်မှုသည် အိမ်ထောင်စုပေါင်း ၁ သန်းကျော် ရှိခဲ့ကြောင်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သိရသည်။
လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးနိုင်မှုတွင် ၂၀၁၀-၂၀၁၁ ခုနှစ်တွင် အိမ်ထောင်စုပေါင်း ၂.၄၂ သန်းမှ ၂၀၁၅ ခုနှစ်တွင် အိမ်ထောင်စု ပေါင်း ၃.၅ သန်းခန့် ရှိလာရာ အိမ်ထောင်စုပေါင်း ၁ သန်းကျော် တိုးမြှင့် ပေးနိုင်ခဲ့သည်ဟု ဆိုသည်။
ရာခိုင်နှုန်းအားဖြင့် ဆိုပါက တနိုင်ငံလုံး သုံးစွဲနိုင်သူ စုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ဟု လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန ဒု ၀န်ကြီး ဦးအောင်သန်းဦးက ပြောသည်။
၎င်းက“တနိုင်ငံလုံး သုံးစွဲနိုင်သူ ပမာဏရဲ့ ၃၄ ရာခိုင်နှုန်းကို တိုးမြှင့်ပေးလာနိုင်ပါတယ်။ ဒါပေမယ့် ကျန်ရှိနေသေးတဲ့ ၆၆ ရာခိုင်နှုန်း ကို ဓာတ်အားပေးနိုင်ရေး အတွက်တော့ ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းတွေ များစွာ လိုအပ်နေပါသေးတယ်”ဟု ပြောသည်။
မတ်လ ၁၀ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သည့် သုံးကြိမ်မြောက် Myanmar Power Summit တွင် ဒု ၀န်ကြီး ဦးအောင်သန်းဦးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်မီးလိုအပ်ချက်သည် ယခုအချိန်တွင် နှစ်စဉ်တိုးနေပြီး လက်ရှိဓာတ်အားလိုအပ်ချက်အတွက် အချိန်တိုအတွင်း ဖြည့်ဆည်းနိုင်ရန် Gas Turbine နှင့် Gas Engine များ စီစဉ်နေသည်ဟုလည်း ၎င်းက ပြောသည်။
ဦးအောင်သန်းဦးက“လက်ရှိ ဓာတ်အားလိုအပ်ချက်အတွက် အချိန်တိုအတွင်း ဖြည့်ဆည်းပေးနိုင်ဖို့ မြင်းခြံ၊ ကျောက်ဖြူ၊ သီလ၀ါနဲ့လှော်ကားတို့မှာ Gas Turbine နဲ့ Gas Engine တွေ ဆောင်ရွက်နေပါတယ်။ မကြာခင်မှာဘဲ ၂၃၁ မီဂါဝပ်လောက် တိုးရရှိတော့မှာပါ” ဟု ပြောဆိုသည်။
ထို့အပြင် လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် ရေရှည်လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်သည့် အထက် ရဲရွာ၊ ရွှေလီ ၃၊ အထက် ကျိုင်းတောင်း၊ သူဌေး၊ အလယ်ပေါင်းလောင်း၊ ဒီးဒုတ် အစရှိသည့် စီမံကိန်းများမှ ၁၆၅၈ မီဂါဝပ် ကို အကောင်အထည် ဖော်နေကြောင်းလည်း သိရသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အချက်အလက်များအရ ဆိုပါက မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်တွင်  ၃၄၁၃ မီဂါဝပ်ရှိခဲ့ရာမှ ယခုလက်ရှိ ၄၇၁၄ မီဂါဝပ်အထိ ရှိလာကြောင်း၊ ၄ နှစ် ကာလအတွင်း မီဂါဝပ် ၁၃၀၀ ခန့် တိုး လာကြောင်း တွေ့ရသည်။
တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး စီမံချက်(NEP) အရ အဆိုလျှင် မြန်မာနိုင်ငံသည် ၂၀၃၀ ပြည့်နှစ်ရောက်မှ နိုင်ငံတ၀န်း မီးလင်းမည် ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၇.၂သန်း အတွက် အမေရိကန် ဒေါ်လာ ၅.၈ ဘီလီယံ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောဆိုထားသည်။
NEP စီမံချက်အရ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ၅ နှစ်ကာလတွင် အိမ်ထောင်စုပေါင်း ၁.၇ သန်းသို့ မီးပေးနိုင်ရန်အတွက် ဗို့အား အလယ်အလတ်နှင့် ဗို့အားနိမ့် လိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်ရန် ခန့်မှန်းကုန်ကျငွေ ဒေါ်လာ သန်း ၆၇၀ လိုအပ်ကြောင်းလည်း ဆိုသည်။
ထိုသို့ လျှပ်စစ်မီး လိုအပ်ချက် စီမံချက်နှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးရေးချေးငွေအဖြစ် ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း၊ ကမ္ဘာ့ ဘဏ် အနေဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မဟာ ဓာတ်အားလိုင်းများ တိုးချဲ့နိုင်ရန်အတွက် ဒေါ်လာ သန်း ၃၀၀၊ မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဓာတ်အားလိုင်းပြင်ပမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် အတွက် ဒေါ်လာသန်း ၉၀ ကို ဖွံ့ဖြိုးရေး ချေးငွေအဖြစ် ပေးအပ်သွားရန် ရှိကြောင်း သိရသည်။
ကမ္ဘာဘဏ်မှ လာမည့် ၅ နှစ်အတွက် တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး စီမံချက်အရ ကုန်ကျစရိတ် ဒေါ်လာ သန်း ၇၀၀ ခန့်မှန်းထားပြီး ၎င်းတို့က သန်း ၄၀၀ နီးပါး အကူအညီပေးသွား ရန်ရှိသည်ဟု အတည်ပြု ပြောဆိုထားဖူးသည်။
NEP စီမံချက်အရ ပထမဆုံးလုပ်ဆောင်မည့် အစီအစဉ်များတွင် လူနေထူထပ်သော ဧရိယာများသို့ တိုတောင်းသည့် ဓာတ်အား ဖြန့် ဖြူးရေး လိုင်းများနှင့် ကုန်ကျစရိတ်သက်သာသည့် ဆက်သွယ်မှုများ ဦးစွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဝေးလံသောဒေသများသည် ရှည်လျှားသော ဓာတ်အားလိုင်းနှင့် ဖြစ်သည့်အတွက် ကုန်ကျစရိတ် မြင့်မားမည် ဖြစ်ကြောင်း သိရသည်။
စီမံချက်အရ ကုန်ကျစရိတ်မြင့်မားပြီး နောက်ဆုံးမှ လျှပ်စစ်မီး ဆက်သွယ်သွားမည့် ဒေသများတွင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်များ ပါဝင်လျက်ရှိသည်။
http://burma.irrawaddy.org/news/2015/03/12/72452.html

ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်း စေချင်

လက်ပံတန်းမြို့တွင် မတ်လ ၁ဝ ရက်နေ့က ဆန္ဒပြမှု အား ရှင်းလင်း ထိန်းသိမ်းမှုနှင့် ပတ်သက်၍ စကိုင်းနက် (Up to Date) ရုပ်သံလိုင်းမှ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်အား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်း ခဲ့မှုကို ပြန်လည် တင်ပြလိုက်ပါသည်။
မေး။  ။ ဝန်ကြီးခင်ဗျ။ ဒီမနက် လက်ပံတန်းမှာ ဖြစ်ပွား ခဲ့တဲ့ ကျောင်းသားများနဲ့  ရဲတပ်ဖွဲ့ဝင် တချို့ ပဋိပက္ခ အဆုံးသတ်ဖို့ နှိမ်နင်းမှု အပေါ်မှာ  ပြောဆို ဝေဖန်နေကြတာတွေ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာ ဝန်ကြီး အနေနဲ့ ဘယ်လိုများ သဘောထား ပေးချင်ပါသလဲခင်ဗျ။
ဖြေ။ ။ပထမဆုံး ကျွန်တော် အလေးအနက်ထားပြီး ပြောချင်တာကတော့ ကျွန်တော်တို့ နိုင်ငံတော် အစိုးရ အနေနဲ့ ကျောင်းသားတွေ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်ချင်တယ်လို့ ဆန္ဒဖော်ထုတ်ကတည်းက ဒီလိုအဖြစ်မျိုး ကို ရှောင်လွှဲနိုင်ဖို့အတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။နောက်ဆုံး ဒီနေ့မနက်မှာတော့ ကျွန်တော်တို့ အေးအေး ချမ်းချမ်း ဆွေးနွေးစေဖို့  ပြောကြားတဲ့ကြားထဲကနေ ရန်ကုန်အထိ ချီတက်ဖို့အတွက် ရဲတပ်ဖွဲ့တွေကို အတင်းဝင်ရောက် တိုက်ခိုက် ဖောက်ထွက်ဖို့ ကြိုးစားတဲ့ အတွက်ကြောင့် နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ဥပဒေနဲ့ အညီ ကိုင်တွယ်ဖြေ ရှင်းပြီးလူစုခွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ တကယ်တော့ မလုပ်ချင်ဆုံး အလုပ်ကို လုပ်ခဲ့ရတာပါ။ ဒီအခြေအနေရောက်အောင် တွန်းပို့ခဲ့လို့ပဲ ဆောင်ရွက်ရတာ ဖြစ်ပါတယ်။
မေး။  ။ အဲဒီတော့ မလုပ်ချင်ဆုံး အလုပ်ကို ဝန်ကြီးတို့ လုပ်ခဲ့ရတယ်ဆိုတော့ ဒီကြားထဲမှာ ကျွန်တော်တို့က အခြေအနေ အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားအောင် အစိုးရဘက်က ဆောင်ရွက်ခဲ့မှုတွေဟာ တကယ်ကို ကျေကျေနပ် နပ် ဖြစ်အောင် ဆောင်ရွက်တယ်လို့ ဝန်ကြီးက ဆိုလိုချင်တာလား ခင်ဗျာ။
ဖြေ။  ။မှန်ပါတယ် ကျွန်တော်တို့က ဒီမိုကရေစီ နိုင်ငံဖြစ်နေပြီ ဆိုတော့ ဥပဒေအသစ်တစ်ခုကို ပြင်ချင်ရင် လွှတ်တော်မှာပဲ တင်ရမယ်လေ။ အဲဒီတော့ လွှတ်တော်မှာ ပြင်ဆင်ဖို့အတွက် ကျွန်တော်တို့က ဥပဒေကြမ်းကို တင်ပေးလိုက်တယ် သူတို့ရေးတဲ့ ဥပဒေကြမ်းပါပဲ။ လွှတ်တော်ကလည်း သူတို့ကို လာပြီးတော့ ဆွေးနွေးဖို့ ဖိတ်ခေါ်နေပါတယ်။
ဒီမိုကရေစီ နည်းအရ လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ အယူအဆကို လွှတ်တော် ကိုယ်စားလှယ်များ လက်ခံလာအောင် သွားရောက် စည်းရုံး၊ ဆွဲဆောင်၊ သိမ်းသွင်းပြောကြားဖို့ပဲရှိ ပါတယ်။ ဒီလမ်းကြောင်းကို မရွေးဘဲနဲ့ တမင်သက်သက် ရန်ကုန်မြို့ကို မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ လမ်းကြောင်းဟာ ဒီလိုပဋိပက္ခတွေကို ဖြစ်အောင် သူတို့ရဲ့ ဆောင်ရွက်ချက်ပဲ ဖြစ် ပါတယ်။
မေး။  ။ဝန်ကြီး ခုနက ပြောဆိုသွားတဲ့ အထဲမှာ  တရားဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့ရတယ်လို့ သုံးနှုန်းသွားပါတယ်။ ကျွန်တော့်အနေနဲ့ တရားဥပဒေနဲ့ အညီဆောင်ရွက်ခဲ့တယ် ဆိုတဲ့အပေါ်မှာ  အသေးစိတ်လေး ရှင်းပြစေချင်ပါတယ် ခင်ဗျ။ ဒီလိုမျိုးဆောင်ရွက်မှုဟာ တရားဥပဒေနဲ့ ဘယ်လိုမျိုး ညီညီညွတ်ညွတ် ဆောင်ရွက်တယ်ဆိုတဲ့ အပိုင်းပါလဲ ခင်ဗျ။
ဖြေ။  ။ပထမ တစ်ခုကတော့ နိုင်ငံတကာမှာလိုပဲ Police Line လို့ခေါ်တဲ့  ရဲတပ်ဖွဲ့ရဲ့  အတားအဆီးကို ချထားတယ်။ အဲဒါကို မကျော်ဖို့အတွက် သတိပေးတယ်။ ကျော်လာတဲ့အခါမှာ  ဒိုင်းတွေ မသုံးဘဲနဲ့ လက်ချင်းချိတ်ပြီးတော့ လူထုကို တားဆီးဖို့ ကြိုးစားတယ်။ ကြိုးစားတဲ့ အချိန်မှာ ကျွန်တော်တို့ အသံချဲ့စက်နဲ့  လူစုခွဲဖို့လည်း ပြောတယ်။ တုတ်တွေနဲ့ ထိုးတာ၊ နောက် တစ်ခါ သံဆူး ကြိုးတွေဖယ်ရှားတာ၊ တဲတွေကို ဖြိုဖျက်တာမျိုးတွေ လုပ်တဲ့အခါမှာတော့ ကျွန်တော်တို့ နောက်ဆုံးအဆင့် အနေနဲ့ အင်အားသုံးပြီး လူစုခွဲဖို့ ကြိုးစားတယ်။ ဒါကြောင့် ကျွန်တော်တို့သည် ဆန္ဒပြမှုကို စတင်ကတည်းက ပဋိပက္ခမျိုးတွေ ကို  ရှောင်နိုင်ဖို့အတွက်  အကြိမ်ကြိမ်ညှိနှိုင်း ဆွေးနွေးပြီး ဆောင်ရွက်ခဲ့တယ်။ ဒီကနေ့မှာတော့ သူတို့ကို ရန်ကုန်အထိ သွားခွင့်ပြုလိုက်မယ် ဆိုရင် ၁ဝ တန်း စာမေးပွဲဖြေမယ့် ကျောင်းသူ၊ ကျောင်းသားတွေ တက္ကသိုလ် စာမေးပွဲဖြေမယ့် သူတွေနဲ့ ကြားကာလ နိုင်ငံရေး တည်ငြိမ်မှုကိုပါ ထိခိုက်စေတဲ့အတွက်ကြောင့် ကျွန်တော်တို့ ဥပဒေနဲ့အညီ လူစုခွဲလိုက်ခြင်းဖြစ်တယ်လို့ ကျွန်တော်ပြောတာ ဖြစ်ပါတယ်။
မေး။  ။ နောက်တစ်ချက်ကတော့ တချို့တွေ သုံးသပ် ပြောဆိုနေတာလည်း ရှိပါတယ်။ အခုလို ဆောင်ရွက်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ကိစ္စတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိသွားမယ်လို့ ဝေဖန် သုံးသပ်မှုများ ရှိပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာ ဝန်ကြီး အနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲခင်ဗျ။
ဖြေ။  ။ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး၊ ကြည့်လိုက်မယ်ဆိုရင် မကြာခင်ကပဲ အမေရိကန်နိုင်ငံက နယူးယောက်မြို့မှာ ဝေါလ်လမ်းမကြီးကို ပိတ်ဆို့တဲ့ လူတွေကို ရဲတွေက အင်အားသုံးပြီး ဖယ်ရှားခဲ့ရတာရှိတယ်။ဖာဂူဆန်မြို့မှာ အကြမ်းဖက်လာတဲ့ လူတွေကို ရိုးရိုး အင်အားသုံးရုံတင်မကဘဲ သံချပ်ကာကားတွေပါ အသုံးပြုပြီးတော့  ဖြေရှင်း ခဲ့ရတာရှိတယ်။  ဘယ်သူကမှ  ဒီလို ဖြစ်စဉ်မျိုးဖြစ်တာကို အမေရိကန် နိုင်ငံရဲ့ ဒီမိုကရေစီ နောက်ကြောင်း ပြန်လှည့်သွားပြီလို့ မပြောပါဘူး။ ကျွန်တော်တို့ဆီမှာလည်း  ဥပဒေ ထိန်းသိမ်းတဲ့ အဖွဲ့တွေနဲ့  မလွှဲ မရှောင်သာလို့  ဆောင်ရွက်ခဲ့ရတာ ဖြစ်တယ်။  ဘာပဲ ပြောပြော ဒီလိုဆောင်ရွက်ခဲ့တဲ့ အတွက် ၁ဝ တန်းစာမေးပွဲတွေ အေးချမ်းစွာ ဖြေဆိုနိုင်တယ် ရွေးကောက်ပွဲ မတိုင်ခင် ကြားကာလ နိုင်ငံရေး တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ် ဆိုရင် ကျွန်တော်တို့ အသွင်ကူးပြောင်းရေးဟာ မထိခိုက်ဘူးလို့ ကျွန်တော်ယုံကြည်တယ်။
မေး။   ။ဝန်ကြီးခင်ဗျာ ထပ်သိချင်တာကတော့ မကြာမီ ကျင်းပမယ့် ရွေးကောက်ပွဲမှာရော အခုဆောင်ရွက်မှုက အကျိုးသက်ရောက်မှု ရှိသွားနိုင်ပါသလား ခင်ဗျ။
ဖြေ။  ။အရေးကြီးဆုံးက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပနိုင်ဖို့ အဲဒီလို ကျင်းပ နိုင်ဖို့ ဆိုရင် နိုင်ငံရေးအားဖြင့် တည်ငြိမ်မှုရှိရမယ်။ တရား ဥပဒေ စိုးမိုးမှု ရှိရမယ်။  လူတိုင်းလူတိုင်းဟာ  မိမိတို့ရဲ့ သဘောထား ကွဲလွဲမှုတွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီဖြေရှင်းရမယ်။ ဒါမျိုးကို လုပ်နိုင်ဖို့အတွက် အခုလို တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေရခြင်း ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဆက်လုပ်သွားမယ် ဆိုရင်တော့ ရွေးကောက်ပွဲ ကို အောင်မြင်စွာ ကျင်းပနိုင်မယ်လို့ ယုံကြည်တယ်။
မေး။  ။အခုလို ဆောင်ရွက်လိုက်တဲ့ အတွက်ကြောင့် ကျောင်းသားတွေရဲ့ ဥပဒေအပေါ်မှာ၊ ဥပဒေကြမ်းပေါ်မှာ ဆန္ဒပြမှု အနေအထားဟာ တည်ငြိမ်အေးချမ်း သွားမယ်လို့ ဝန်ကြီးအနေနဲ့ ထင်မြင်ယူဆပါသလားခင်ဗျာ။
ဖြေ။ ။နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ လွှတ်တော်မှာ ရောက်နေတဲ့ အမျိုးသားပညာရေး ဥပဒေကို ပြန်လည်ပြင်ဆင် တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်ရဲ့လုပ်ငန်းစဉ်တွေ အတိုင်း ဆက်လက် ဆွေးနွေးသွားမယ်။ လွှတ်တော်က ဖိတ်ကြားထားသလိုပဲ ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ အကြံဉာဏ်တွေ ပေးပို့နိုင်ခွင့်ရှိတယ်။ ဖိတ်ကြားထားတဲ့ အဖွဲ့အစည်းတွေ  ကျောင်းသားတွေ အပါအဝင် လာရောက်ပြီးတော့မှ သူတို့အမြင်တွေကို ဆွေးနွေးနိုင်ခွင့်ရှိတယ်။ အဓိက ကတော့ တစ်ဖက်က အဲဒီလို လုပ်နေတဲ့အချိန်မှာ တည်ငြိမ် အေးချမ်းမှုနဲ့ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်စေမယ့် ဆောင်ရွက်ချက်တွေ ရှိလာရင် ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ကြိုးစားမယ်၊ မရလို့ရှိရင် ဥပဒေက ပေးအပ်ထားတဲ့ နည်းလမ်းအားလုံးကို သုံးပြီးတော့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်။
မေး။ ။ကျွန်တော် နောက်ထပ် သိချင်တာလေး တစ်ခုရှိပါတယ်။ တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ လိုတယ်လို့ ဝန်ကြီးက ပြောနေတာရှိပါတယ်။ တည်ငြိမ်အေးချမ်းအောင် အစိုးရအနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတဲ့ အစီအစဉ် ရှိပါသလဲခင်ဗျာ။
ဖြေ။  ။တည်ငြိမ် အေးချမ်းဖို့ဆိုတာက အစိုးရတစ်ခုထဲ ဆောင်ရွက်လို့မရဘူး ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အားလုံးက ပူးပေါင်း ဆောင်ရွက်မှ ရမယ်။ ဆိုလိုတာကတော့ ကျွန်တော်တို့နိုင်ငံမှာ အခုအချိန်မှာ ကျင့်သုံးနေတဲ့ နိုင်ငံရေး စနစ်အရ သဘောထား ကွဲပြားမှုတွေရှိရင် အဲဒီသဘောထား ကွဲလွဲမှုတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတွေ အများကြီးရှိတယ်။ လွှတ်တော်လမ်းကြောင်း၊ နောက်တရားရုံး က ပြောလို့ရတယ်။ မီဒီယာက တစ်ဆင့်ပြောလို့ရတယ်။ တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးလို့ ရတယ်။ ဒီလိုလမ်းကြောင်းတွေကို မရွေးဘဲနဲ့ ဆန္ဒပြတာ တစ်ခုထဲနဲ့ပဲ အရာရာကို ဖြေရှင်းလို့ ရမယ်ဆိုတဲ့စိတ် ရှိမယ်ဆိုရင်တော့ လုပ်ရကိုင်ရတာ အခက်အခဲဖြစ်တာပေါ့။ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတာပေါ့။ သို့သော် ဘာပဲဖြစ်ဖြစ် နိုင်ငံတော် အစိုးရအနေနဲ့ကတော့ ဒါကို ထိန်းသိမ်းနိုင်ဖို့အတွက် တည်ဆဲဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့် အားလုံး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့်အားလုံးကို သုံးပြီးတော့  ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကောင်းဆုံး ကတော့ ဥပဒေဘောင်ထဲကနေ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးပြီးတော့ ပကတိ အခြေအနေနဲ့ အညီ ဆောင်ရွက်တာ ပိုပြီးတော့ အကောင်းဆုံးလို့ ထင်ပါတယ်။
မေး။   ။အဲဒီမှာ အခြေအနေကရော တည်ငြိမ်အေးချမ်း သွားပြီလားခင်ဗျာ။
ဖြေ။  ။လွန်ခဲ့တဲ့ တစ်နာရီခွဲလောက်က ရတဲ့သတင်းကတော့ အခြေအနေက တည်တည်ငြိမ်ငြိမ် ရှိတယ်။ လူစုခွဲတဲ့ အချိန်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ လူတချို့ကိုတော့ စိစစ်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မေး။  ။သတင်းမီဒီယာသမားတွေ အပေါ်မှာလည်း တချို့က ဝေဖန်မှုတွေ ရှိနေပါတယ်။ သတင်းသွားယူတဲ့ သတင်း မီဒီယာတွေကိုလည်း ရဲတပ်ဖွဲ့ တချို့က ရိုက်နှက်တယ် ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာ ဝန်ကြီးအနေနဲ့ ဘယ်လိုသဘောထား ပေးချင်ပါသလဲ ခင်ဗျ။
ဖြေ။  ။နိုင်ငံတကာမှာလည်း  ဒီလိုမျိုး လူစုလူဝေးနဲ့ ဖြစ်တဲ့အခါမှာ၊ သတင်းယူတဲ့အခါမှာ သတင်းထောက်တွေ အနေနဲ့က လိုက်နာရမယ့် အခြေခံအချက်တွေရှိပါတယ်။(၁) သတင်းထောက်မှန်း သိသာနိုင်တဲ့ ထင်ရှားတဲ့ အမှတ်အသားတွေ ချိတ်ဆွဲထားရမယ်။ (၂) လုံခြုံရေးယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ စည်းကမ်းတွေ အတိုင်း လိုက်နာဆောင်ရွက်ရမယ်။ ဥပမာဆိုပါတော့ ဖယ်ပေးပါ ဆိုတဲ့ အချိန်မှာ ဖယ်ရမှာပေါ့။ ဒီအုပ်စု နှစ်စုကြားထဲမှာ ဝင်လာတာမျိုး မလုပ်ရဘူးပေါ့။ ဒီလိုဟာမျိုးတွေ လုပ်မယ်ဆိုရင်တော့ ကျွန်တော်ထင်တယ် ဘာမှပြဿနာမရှိပါဘူး။ အခုဟာက သတင်းထောက်မှန်း ထင်ရှားတဲ့ အမှတ်အသားမရှိဘဲ ကင်မရာ ကိုင်ထားတဲ့ လူတွေအားလုံးက သတင်းထောက်လို့ ပြောနေတဲ့ အခါမျိုးမှာတော့ ရဲတပ်ဖွဲ့တွေ အနေနဲ့ ခေါ်ယူထိန်းသိမ်း ရတာမျိုးတွေ ရှိနိုင်ပါတယ်။ သို့သော် ဘာပဲပြောပြော သတင်းထောက် ဖြစ်ကြောင်း အထောက်အထား ပြန်ပြနိုင်မယ် ဆိုရင်တော့ အဲဒီလူတွေ အားလုံးကို ပြန်လွှတ်ပေးမှာပါ။
မေး။  ။ဝန်ကြီးအနေနဲ့ အခု ဆောင်ရွက်ခဲ့မှုတွေ အပေါ်မှာ ဘယ်လို သဘောထား မှတ်ချက်များ ပေးလိုပါသလဲခင်ဗျ။ ဘာများ ပြောကြားစရာများ ရှိပါသေးသလဲ ခင်ဗျာ။
ဖြေ။  ။ကျွန်တော်တို့    ပြည်ထောင်စု အစိုးရရဲ့  မူကတော့ တတ်နိုင်သမျှ ပဋိပက္ခတွေ မဖြစ်ဘဲနဲ့ ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းစေချင်ပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေ ဖြစ်လာတဲ့အခါမှာ ဥပဒေအရ ကိုင်တွယ် ဆောင်ရွက်ရတယ် ဆိုပေမယ့် ဒါဟာ စိတ်မချမ်းသာစရာ ကောင်းတဲ့ကိစ္စပဲ သို့သော် တစ်ဖက်ကလည်း မိမိတို့လိုချင်တဲ့ ဟာတွေ အားလုံးကို ဥပဒေ လမ်းကြောင်းနဲ့ လွှတ်တော် လမ်းကြောင်းတွေမှာ   အခွင့်အရေးတွေ ရှိရဲ့သားနဲ့ လမ်းပေါ်ထွက်ပြီးတော့ တိုက်ပွဲဝင်မယ် ဆိုတဲ့ စိတ်ဓာတ် အယူအဆမျိုးကိုလည်း   စွန့်လွှတ်သင့်ပြီလို့ ကျွန်တော် ထင်ပါတယ်။ ဒါကိုပဲ ကျွန်တော်ထပ်ပြီးတော့ ပြောချင် ပါတယ်။   ။
http://myawady.net.mm/allnews/headline/item/62028-2015-03-12-09-47-01